ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ -အပိုင်း ၅ (နိဂုံး)


ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ -အပိုင်း ၅ (နိဂုံး)
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇

၃၇။ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိ တဦးရဲ့ သူတို့အပေါ် ထင်မြင်သုံးသပ်ချက်ကို ဖေ့ဘုတ်မှာပို့လာလို့ တင်ပြပေးလိုက်ပါတယ်-

“ယနေ့ဖြစ်နေတဲ့တိုက်ပွဲတွေဟာ တပ်မတော်က လက်နက်ကိုင်တွေကို တိုက်နေရတာ တိုင်းရင်းသားတွေနဲ့ တိုက်ရတဲ့တိုက်ပွဲ မဟုတ်ပါဘူး။ ကျနော်တို့ ဒီလိုဘဲ ရှင်းရှင်းမြင်ထားကြတယ်။
ဒါပေမယ့် တဘက်မှာတော့ တပ်မတော်ဟာ တိုင်းရင်းသားတွေကို တိုက်နေတယ် ဆိုတဲ့အမြင်မျိုး ရအောင် သူတို့က ပုံဖော်ထားတယ်။ ဒါဟာ လက်နက်ကိုင်လုပ်စားဘို့ လက်နက်ကိုင်ဆောင်ခြင်းမှ အထူးအခွင့်အရေးမျိုးစုံ ရရှိနေမှုကို သက်ဇိုးရှည်ဘို့ အခရာအကျဆုံး လှည့်ကွက်ပါဘဲ။
ဒီနေ့ထိ အောင်အောင်မြင်မြင် သူတို့ ဒီလှည့်ကွက်နဲ့ လုပ်စားနှိုင်နေတယ်။ ရိုးသားအေးချမ်းတဲ့ တိုင်းရင်းသားအားလုံး မျက်စေ့လည်ပြီး ဒုက္ခသုက္ခတွေ ရောက်နေကြရတာ ဒီလှည့်ကွက်ထဲ ဝင်ကုန်နေကြလို့ဘဲ။
ဒီလက်နက်သောင်းကျန်းမှုတွေ ဒါကနေ မွေးထုတ်နေတဲ့ တိုင်းရင်းသားချင်း သွေးကွဲမှုတွေကို အဆုံးသတ်ဘို့က လက်နက်ကိုင်တွေရဲ့ သရုပ်မှန်ကို သက်ဆိုင်ရာတိုင်းရင်းသားတွေ အမှန်အတိုင်း နားလည်သဘောပေါက်စေဘို့ပါဘဲ။
ဒီရှုမြင်မှုစစ်ပွဲဟာ လက်နက်ချင်းတိုက်တဲ့တိုက်ပွဲတွေထက် ပိုအရေးပါသလို ပညာလဲ ပါပါလိမ့်မယ်”

၃၈။ ဒီတော့ စာရေးသူတိုက်တွန်းချင်တာက တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်တွေ ခြိမ်းချောက်၊ အနုကြမ်းစီး၊ အေးဓမြတိုက်၊ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ ဖါးကန့်၊ တနိုင်း၊ မိုးညှင်းမြို့ပေါ်သာမက ကချင်ပြည်နယ် တယ်လီနော်ဖုံးကုမ္ပဏီကို ဆက်ကြေးကောက်ကြမ်းမှု အပါအဝင် အရပ်သားဟိုတယ်၊ အရပ်ဖက်ဘဏ်နဲ့ ကားလိုင်းနဲ့ ကားတွေအပေါ် ဆက်ကြေးတောင်း၊ ပစ်သတ်၊ ပြန်ပေးဆွဲ၊ မီးရှို့၊ လူသစ် အတင်းအဓမ္မ စုတာတွေကိုအမုန်းစကားရှောင်ကာ အပိုစာသားနဲနဲလေးမှမပါဘဲ ဖြစ်စဉ်အမှန်အတိုင်း တိုင်းရင်းသားဘာသာပြန်ပြီး နယ်စပ်အထိ ကျေးရွာအနှံ နည်းဗျုဟာပေါင်းစုံသုံးပြီး သိအောင် လူထုလက်ထဲရောက်အောင် လုပ်ပါ။ 

လူထုကို အပစ်ရပ်လက်မှတ်ထိုးဒေသတွေမှာ အစိုးရရဲ့လုပ်ဆောင်နေမှူ အေးချမ်းသာယာနေမှူတွေကို မီဒီယာတွေကတဆင့် တိုင်းရင်းသာဘာသာပြန်ပြီး ရှင်းပြပါ။ ဝါဒဖြန့်ဆိုပေမဲ့ အရှိကိုအရှိအတိုင်း လတ်တလောလုပ်နေတဲ့ အပိုင်းကိုသာပြပါ။ ရုပ်မြင်သံကြားဆွေးနွေးခန်းတွေ၊ Debate တွေ၊ ဇာတ်လမ်းတိုတွေမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအနှစ်သာရဟာ ဘာလဲ၊ အာဏာရှင်အမျိုးအစားတွေက ဘာလဲ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်မြင်တဲ့ ဖြစ်စဉ်တွေရှိခဲ့ဖူးလား၊ အစွန်းရောက်လူမျိုးရေးနဲ့ မျိုးချစ်စိတ်ခွဲခြားမှု စတာတွေကို တိုင်းရင်းသားဘာသာနဲ့ ထုတ်လွှင့်ရပါမယ်။ NCA လက်မှတ်ထိုးဖို့ ဘာကြောင့် ကြာနေရတာလဲဆိုတာ လူထုက မေးလာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်လိုက်နဲ့ နေ့စွဲကို ရှင်းပြလိုက်ပါ။ အစိုးရ လိုတာလား၊ EAOs ဘက်က အချိန်ဆွဲနေရတာလား ဆိုတာ လူထု သိသွားပါလိမ့်မယ်။ KIA က UNFC မှထွက်တာ Commander မူချပြီးမှဆိုတာ ရှင်းပြပါ။

၃၉။ အထက်ပါအတိုင်းလုပ်ဆောင်ရင် တိုင်းရင်းသားတွေကို သူတို့ နားလည်မှုလွဲနေတာတွေ၊ အစိုးရနဲ့
တပ်မတော်အပါ် အဆိုးမြင်ဝါဒနဲ့ပြောထားတာတွေ လေထဲမှာ တိမ်လိုလွင့်စင်သွားပါလိမ့်မယ်။ ကျန်တာ
သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင်ဘဲ ဆုံးဖြတ်လာပါလိမ့်မယ်။ သူတို့စွပ်စွဲနိုင်တာက အောက်လမ်းနည်း၊
ဆိုက်ဝါး ခေါ် စိတ်ဓါတ်စစ်ဆင်ရေးသုံးတယ်လို့ပြောရင် ငြင်းလိုက်ပါ။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာဟာ ဖြစ်စဉ်အမှန်နည်းနည်းကို အခြေခံကာ အဆာပလာပြင်းအောင် မဟုတ်တာရော၊ PERSONAL တိုက်ခိုက်တာတွေ တစိတ်ကို တအိတ်ချဲ့ကားပြီးလုပ်တဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာဖြစ်ရာ အထက်အပိုဒ်ပါ အစီအစဉ်တွေဟာ ဖြစ်စဉ်အမှန်အတိုင်းသာ ထုတ်ပြန်တာဖြစ်လို့ ငြင်းရတာဖြစ်ပါတယ်။

သူတို့ရဲ့အတွင်းရေး၊ ကိုယ်ကျင့်တရားဖေါက်ပြန်မှု၊ အဂတိတရားလာဘ်စားကာ ကိုယ်ကျိုးစီးပွါးရေး သောင်းကျန်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ တရားမဝင်ငွေဖြူငွေမဲကိစ္စ၊ နိုင်ငံခြားကြေးစားစစ်သား၊ လက်နက်ခဲယမ်း ရယူမှု၊ မူးယစ်ဆေးဝါးနှိမ်နှင်းတယ်ဆိုပြီး လူထုကို အသားလွတ် ရိုက်နှက်ထိုးကြိတ်ညှင်းပန်း၊ ဖမ်းမိတပ်မတော်အရာရှိကို ရက်စက်စွာ သတ်ဖြတ်တဲ့ လောက်ကိုင်မြို့ဟိုတယ် ၀င်စီးကာ အကြမ်းဖက်ကျုးလွန်မှု၊ ဂျီနီဗာကွန်ဗန်ရှင်းနဲ့လူ့အခွင့်အရေး
ချိုးဖေါက်နေတဲ့ အထောက်အထားတွေဟာ ဒေသခံတိုင်းရင်းသားတွေ လက်ထဲမှာ ရှိနေပါတယ်။ အခုလို ဖေ့စ်ဘွတ်ခေတ်ကြီးထဲမှာ ဘယ်လို ဘယ်နေရာက ပေါ်ထွက်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့။

စိန်ခေါ်မှုကို ဘယ်လိုကျော်လွှားကြမလဲ

၄၀။ NPRC ရုံး Staff ဦးစီးအရာရှိတွေနဲ့ခေါင်းဆောင်ငယ်တွေက တစ်ပါတ်တခါ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ထိုင်သင့်ပြီး စာဝင်စာထွက်၊ အထက်ကို တင်ပြတဲ့ကိစ္စ၊ EAOs စာများနဲ့ပြင်ပဆွေးနွေးပွဲခရီးစဉ်၊ ရလဒ်များတင်ပြမှု၊ လွှတ်တော်နဲ့ တပ်မတော်၊ ရှေ့နေချုပ်ရုံး၊ ဝန်ကြီးဌာနများဆိုင်ရာမှ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက် သဘောထား မှတ်ချက်ပြုစာများ၊ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ စာတမ်းများ၊ နိုင်ငံတကာမှ ထောက်ပံ့မှုနဲ့ဘဏ္ဏာရေးအခြေအနေ၊ ကော်မတီများအချင်းချင်းညှိနှိုင်းမှု စတဲ့ အပါတ်စဉ်အစည်းအဝေးကို အတွင်းရေးမှုးများအဖွဲ့က ဦးစီးကြပ်မတ်ပြီး ဆက်စပ်ပြုလုပ်ပေးသင့်ပါတယ်။

တချို့ကိစ္စမှလွှဲလို့ ဆက်စပ်ပြုလုပ်ရမည့်ကိစ္စရပ်တွေအတွက် ရုံးအုပ်က ရုံးတွင်းလှည့်လည်စာ တံဆိပ်တုံးနဲ့အတူ သိရှိကြောင်း မိမိဌာနအကွက်မှာ တာဝန်ခံများက လက်မှတ်ထိုး ဆောင်ရွက်သင့်ပါတယ်။ Institution ခိုင်မာအောင် ရုံးလုပ်ငန်းတာဝန်နဲ့ဝတ္တရားများခွဲဝေမှု (Duty and function)၊ တိကျစွာ သတ်မှတ်ပေးပြီး ဘယ်အဆင့်က ဘာကို ဖြတ်ပေးကာ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်။ ဘယ်လိုကိစ္စကျတော့ Commander ဒေါ်အောင်ဆန်းစုကြည်ထံ ချဉ်းကပ်တင်ပြခွင်ပြုချက်ရမှ သင့်တော်မည် ဆိုတာ လိုင်းတားထားရပါမည်။ တခါတရံ စာ ဆိုတာ အချိန်ကုန်၊စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်စေတာမို့ နှုတ်နဲ့တင်ပြပြီး ကော်မရှင်ဦးစီးသူက သူမသဘောထားရယူတာဘဲဖြစ်ဖြစ်၊ အသိပေးယုံ
သက်သက်ဘဲ ဖြစ်ဖြစ်အလုပ်ကို ဖြတ်တတ်ရမည်။ တချို့ကိစ္စတွေကို အချိန်ဆိုင်းနေရင် ဆိုးကျိုးရလဒ် ထွက်နိုင်တာမို့ သူမရဲ့မူဘောင်ကို မထိခိုက်စေဘဲ RISK ယူလုပ်ပြီးမှ အသိပေးတင်ပြတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အလုပ်တာဝန်နဲ့အချိန်ဇယားခွဲဝေမှူ ဟန်ချက်ညီကာ အချိန်တပြေးညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ခေါင်းစဉ်တခုကို အကျေအလည်ဆွေးနွေးဖို့ အချိန် ဘယ်လောက်ဆို လုံလောက်နိုင်မလဲဆိုတာ အစည်းအဝေး အစီအစဉ် မစခင် တက်ရောက်မည့်သူတွေရဲ့ သဘော တီးခေါက်ပြီး အနီးစပ်ဆုံး တွက်ချက်သင့်ပါတယ်။

အထက်အောက် ဒေါင်လိုက် ချပေးတဲ့ စနစ် အများအားဖြင့် သုံးရပေမဲ့ အလျားလိုက်  ပေါင်းစပ် ညှိနှိုင်းတာက ပိုပြီးအလုပ်ဖြစ်တာမျိုးရှိသလို တခါတရံ စစ်သဘောအရ Searching Fire ခေါ်တဲ့  နည်းဗျုဟာအရ တဖက်သဘောထား အလွတ်တီးခေါက်ကြည့်ကာ ချောမွတ်သွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အဆိုပါနည်းလမ်းတွေသုံးမယ်ဆိုရင် Commander ထံ စာတွေ စုပြုံရောက်နေတာမျိုး၊ လက်အောက်ကို ချပေးပေမဲ့ မရှင်းလို့စာ ပြန်ပြန်တက်သွားတာမျိုး၊ အသေးအဖွဲ ဆုံးဖြတ်ချရန်တာဝန်ကိုပင် ဒေါ်အောင်ဆန်းစုကြည်ထံ ရောက်လာတာမျိုး၊ စတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ဒါ့အပြင် EAOs က NCA နဲ့စပ်လျဉ်းပြီး ထုတ်ပြန်ချက်တွေထဲက “အချိန်မလုံလောက်၍ မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ကျေကျေလည်လည် မဆွေးနွေးနိုင်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)၏ လုပ်ပိုင်ခွင့်များ မရှင်းလင်းခြင်း၊ ၂၁​ရာစု ပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရာ အားနည်းချက်များရှိနေခြင်း၊ ဆွေးနွေးပွဲအဆင့်ဆင့် အစုအဖွဲ့များအကြားဆွေးနွေးရာ၌ တန်းတူညီမျှမှုမရှိခြင်း” စတဲ့ အားနည်းချက်များကို ထောက်ပြထားပါတယ်။

ဒါကြောင့် စာရေးသူတင်ပြခဲ့တဲ့ စီမံခန့်ခွဲရေး၊ တာဝန်နဲ့ ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ၊ ရုံးလုပ်ငန်းစနစ်တကျ စေ့စပ်သေချာစွာ လုပ်ထားပါက UWSA အား နေရာချထားရေးပြသနာလိုမျိုး  အသေးအဖွဲကိစ္စ အပါအဝင် EAOs တွေပြောတဲ့ အားနည်းချက်တွေ နောင်မဖြစ်ပွါးစေရေး ဂရုစိုက်နိုင်မည် ဖြစ်ပါတယ်။ တတိယအကြိမ် ပင်လုံညီလာခံ ထပ်မံကျင်းပရန် လျာထားတဲ့ အချိန်ကာလ (၆) လဆိုခဲ့ရင် Master Plan ဆွဲထားဖို့လိုသလို အောင်မြင်ဖို့Target များအဆင့်ဆင့်ထားကာ Time frame နဲ့သွားပြီး တကယ်လို့ မဖြစ်ခဲ့ရင် Result Plan - A Plan, B Plan ထားသင့်ပါတယ်။

NCA လက်မှတ်ထိုးဖို့အတတ်နိုင်ဆုံး ကြိုးပမ်းသော်လည်း မထိုးဖြစ်ရင် ဘယ်လို ဆက်လုပ်မလဲ ဆိုတာရှိသင့်ပါတယ်။ EAOs တွေရဲ့ညီလာခံ၊ ထိပ်သီးအစည်းအဝေး၊ ရွေးကောက်ပွဲလိုမျိုး ကြိုတင်သိထားဖို့လိုပြီး မိမိတို့ဆွေးနွေးပွဲ နဲ့ မတိုက်ဆိုင်ဖို့ဘယ်အချိန်၊ ဘယ်လို ရလဒ် ရအောင်လုပ်မလဲဆိုတာ သိမ်မွေ့ညင်သာ ပညာသားပါဖို့လိုပါတယ်။ ဒါတွေဟာ နိုင်ငံတကာဖြစ်စဉ်တွေနဲ့ မတူနိုင်ဘဲ စာအုပ်ကြီးတိုင်းလုပ်လို့မရဘဲ လိုအပ်သလို မီးစင်ကြည့်ကရပါတယ်။

EAOs တွေနဲ့Peace Commission ဦးဆောင်ဆွေးနွေးနေသူဟာ Key Player ဖြစ်လို့EAOs က လေးစားနိုင်လောက်တဲ့ သူကို သေချာစွာရွေးချယ်သင့်ပါတယ်။ ဘက်စုံ စွယ်စုံ တော်တဲ့သူ မရနိုင်ပေမဲ့ EAOs တွေရဲ့သမိုင်းကြောင်းနဲ့စစ်သဘော နားလည်သူဖြစ်ဖို့တော့လိုပါတယ်။ NPRC နဲ့EAOs တွေ ထိတွေ့လုပ်ဆောင်မှုမှာ တုန့်နှေးနေတာ မဖြစ်အောင် EAOs နဲ့ဆွေးနွေးပွဲမှာ Commission ဦးစီးမည့်သူအား လုပ်ပိုင်ခွင့် ပေးထားရပါမယ်။ အထူးသဖြင့် အလွတ်သဘော ဆွေးနွေးပွဲဟာ အရေးကြီးတာမို့ ဘောင်ကျယ်ကျယ် ပေးထားကာ လွှတ်ပေးထားတာမျိုး၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လုပ်တဲ့သူတွေကို ထိတွေ့ဆက်ဆံရေး စတာတွေကို ဦးစီးမည့်သူအား ထိုက်သင့်သလို Chance ပေးထားသင့်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် Short cut နည်းဗျုဟာ (Personal အတွင်းရေးကိစ္စများဖြေရှင်းပေး) သုံးနေရင်လည်း မသိချင်ယောင်ဆောင် ပေးသင့်ပေးရပါမယ်။ သူတို့ရင်ထဲက ပြောမထွက်ချင်တဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲများ သွယ်ဝိုက်ဖြေရှင်းပေးလိုက်တာဟာ ဆွေးနွေးပွဲ လမ်းပွင့်သွားစေတာမျိုးရှိခဲ့နိုင်ပါတယ်။

မကြာသေးမီက ဒါရိုက်တာဒေါက်တာမင်းဇော်ဦးနဲ့ ယခင်က လုပ်သွားခဲ့တဲ့ ကိုအောင်နိုင်ဦး တာဝန်ချိန်းတာတွေ့လိုက်ရလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှာတောင် သူတို့ ၂ ဦး တွဲလုပ်လျှက်သားနဲ့ နောင် အလုပ်များလာတော့မည့် အခြေအနေတောင် ဘာလို့ နှစ်ယောက် အတူဆက် မထားရတာလဲ ဆိုတာ မတွေးတတ်အောင်ဖြစ်မိပါတယ်။

(၄၁)။  ရည်ရွယ်ချက်နောက်တခုဖြစ်တဲ့ “တိုင်းစစ်ဌာနချုပ်တွေနဲ့EAOs ဆက်ဆံရေးရုံးတွေ အကြား စိန်ခေါ်မှုတွေ ကို ဘယ်လိုကျော်လွှားကြမလဲ၊” ဆိုတာဟာ စာရေးသူတင်ပြခဲ့တဲ့ အပိုင်း(၃)ပါ အချက်များအရ ခြုံငုံလိုက်ရင် တပ်မတော်ရဲ့အပြုသဘောဆောင်ရွက်မှုနဲ့ ဆက်ဆံရေးရုံးတွေရဲ့ အရည်အသွေးတို့အပေါ်မူတည်ပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေ သေနတ်ပြန်ပေါက်ပြီဆိုရင် စာချုပ်အနှစ်သာရ လျော့ပါးသွားနိုင်တာမို့ နှစ်ဖက် ဂရုတစိုက်ဖြေရှင်းရပါမယ်။ ဒီလိုမဖြစ်အောင် တပ်နဲ့EAOsတို့အကြား C O C မှာ တပ်ရဲ့နယ်နမိတ်သတ်မှတ်မှု ရှိမှသာ အငြင်းပွါးမှု ဖြေရှင်းနိုင်မှာဖြစ်တယ်။

အဓိကလိုအပ်ချက်ဖြစ်တဲ့ တပ်မတော်က တပ်လှုပ်ပြီ ဆိုရင်ဖြစ်ဖြစ်၊ EAOs ဘက်က တပ်လှုပ်ရင်ဖြစ်ဖြစ် နှစ်ဖက်စလုံး ယုံကြည်စွာ ပွင့်လင်းမြင်သာစွာ အချိန်မှီ အသိပေး အကြောင်းကြားမည်ဆိုရင် အောက်ခြေတပ်များ နားလည်မှု လွဲမှားစွာ ထိတွေ့ပစ်ခတ်မှုမျိုး ရှောင်ရှားနိုင်မှာဖြစ်တယ်။ ဒါတွေလုပ်နိုင်ဖို့ နှစ်ဖက် ဆက်ဆံရေး နွေးထွေးမှု ရှိဖို့နဲ့ ဆက်သွယ်ရေးကွန်ယက် တည်ဆောက်တာ ခိုင်မာဖို့လိုပါတယ်။ အကြောင်းကြားခဲ့ရင် လမ်းကြောင်းနဲ့ပြန်ထွက်ချိန် ပြည့်စုံမှု ရှိမရှိ၊ ဆက်ဆံရေးရုံးက လမ်းကြောင်းနဲ့ပတ်သက်ပြီး ပြောင်းလဲရေး လိုအပ်ခဲ့ရင် တောင်းဆိုပိုင်ခွင့် ပေးထားသင့်သလို၊ ဆက်ဆံရေးရုံးတာဝန်ခံက တိုင်းစစ်ဌာနချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ စစ်ဦးစီးမှူး(ပထမတန်း) G-1 ထံ ဖုံးဆက်ခွင့်ပေးသင့်ပါတယ်။

 ပြန်လည် ရေးဆွဲပြီးစီးထားတဲ့ ToR မူကြမ်းတွင် နိုင်ငံရေး၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနှင့် အထွေထွေစသည့် အခန်းကဏ္ဍ ၃ ခုပါဝင်တယ်လို့သိရှိလေရာ JMC က အတည်ပြုပြီး အကောင်အထည် မဖေါ်မှီ တပ်မတော် အပါအဝင် နယ်ဘက်ဌာနဆိုင်ရာတွေက တပ်ပိုင်းနဲ့နယ်ဘက်ဆိုင်ရာ သိသင့်သိထိုက်သည်မျာအား ဆက်ဆံရေးရုံးများကို သင်တန်းပေးသင့်ပါတယ်။

ယခုအခါ ကမ္ဘောဒီးယားနိုင်ငံမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဆီက ဆက်ဆံရေးရုံးအဖွဲ့တွေကို သင်တန်းပေးနေတာ သိရလို့ ကြိုဆိုပါတယ်။

၄၂။ ဆောင်းပါးအပိုင်း(၁)ရဲ့ ရည်ရွယ်ချက်ပါ - စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲဆိုတာ နည်းလမ်းများကို အောက်ပါအတိုင်း ရှာဖွေသုံးသပ်သွားကြပါစို့

အပိုင်း(၁)၊ အပိုဒ်(၂) ရည်ရွယ်ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ “NCA ထိုးထားတဲ့အဖွဲ့တွေရဲ့  ဒေသတွေမှာ ပြည်သူလူထု လုံခြုံစိတ်ချရမှု၊ လူနေမှုဘဝ တိုးတက် ဖွံဖြိုးလာမှု သိသိသာသာတိုးတက်လာအောင် လုပ်သင့်တဲ့ အစိုးရရဲ့ပြယုဒ်နဲ့ တပ်မတော်က ယုံကြည်မှူ တည်ဆောက်သင့်သည့် လုပ်ရပ်”ဆိုတာ တင်ပြပါ့မယ်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) အကောင်အထည်ဖော်မှု လုပ်ငန်းအဆင့်တိုင်းတွင် ချို့ယွင်းမှုရှိနေတယ် လို့NCA လက်မှတ်ထိုးထားသည့်အဖွဲ့များနဲ့ UNFC တို့က ပြောလာပါတယ်။ အထူးသဖြင့် NCA ထိုးထားတဲ့အဖွဲ့တွေက ထောက်ပြရာမှာ လက်ရှိ အစိုးရနှင့် တပ်မတော်က NCA အကောင်အထည်ဖော်မှုမှာ အားနည်းနေခြင်းကြောင့် စိန်ခေါ်မှုများ ရှိနေကြောင်း၊ အစိုးရသစ်က အခြားအရေးများနဲ့ အလုပ်ရှုပ်နေတဲ့အပေါ်မှာ သူတို့ကိစ္စကို အာရုံစိုက်တာ နည်းတာဖြစ်သလို တပ်မတော်ကလည်း လုံခြုံရေးရှုထောင့်ကနေ နိုင်ငံတော်လုံခြုံရေးပေတံနဲ့ တိုင်းပြီးတော့ လုပ်လာတဲ့အခါကြတော့ NCA အဓိပ္ပာယ်ဖော်လာတဲ့အခါမှာ ကွာဟမှုတွေ ရှိလာတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ကြောင်း ပြောဆိုနေတာ သိလိုက်ရပါတယ်။

ဆိုလိုတာက NCA ကို အကောင်အထည်ဖော် တဲ့နေရာမှာ တာဝန်အရှိဆုံးက JICM (NCA အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) ၊နိုင်ငံရေးဆွေးနွေးပွဲမှာကျတော့ UPDJC (ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)၊ UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့၊ UPDJC ရဲ့ လုပ်ငန်းကော်မတီ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စတာတွေကို သူတို့ပြန်သုံးသပ်တဲ့အခါ အဆင့်တိုင်းမှာ အားနည်းချက်တွေရှိတာမို့ ပိုမို အောင်မြင်တဲ့ ငြိမ်းချမ်းရေးဖြစ်စေဖို့ အကြံပြုချက်အမြင်တွေ တင်ပြတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် စာရေးသူတင်ပြခဲ့တဲ့ NPRC ရုံးလုပ်ငန်းရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံး လည်ပတ်အောင်  ကျွမ်းကျင်မှု လိုအပ်နေမှုနဲ့ NPRC နဲ့EAOs တွေ ထိတွေ့လုပ်ဆောင်မှု တုန့်နှေးနေတဲ့ အချက်တွေကြောင့် တိုက်ရိုက်အချိုးကျကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အားမလိုအားမရ အသံဗလံများ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ဆက်ပြီးအကျိုးသက်ရောက်မှုဖြစ်သွားတာကတော့ အဓိကကျတဲ့ အကောင်အထည်ဖေါ်နေရတဲ့ လုပ်ငန်းတွေတောင် အားနည်းနေသေးတာကြောင့် NCA ထိုးထားတဲ့အဖွဲ့တွေရဲ့ ဒေသတွေမှာ ပြည်သူလူထုဘဝ လုံခြုံစိတ်ချရမှု၊ လူနေမှုဘဝ တိုးတက် ဖွံဖြိုးလာမှု သိသိသာသာ တိုးတက်လာအောင် အစိုးရ လုပ်နိုင်စွမ်းမရှိသေးတာ အဖြေထွက်နေပါတယ်။

အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း နိပွန်ဖောင်ဒေးရှင်းအနေဖြင့်  ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေများ အတွင်းရှိ လူထုများအတွက် ဆန်အိတ်လှူဒါန်းခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း (တနင်္သရီဒေသတိုင်းမှာ တန်ဖိုးနည်းအိမ်ယာ ၄၀၀) အပြင် အခြားသောတိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင်လည်း လူသားချင်းစာနာမှု အကူအညီများပေးနေတာ ကြိုဆိုရမှာဖြစ်ပေမဲ့ လုပ်ဆောင်မှူ ပမာဏအားဖြင့် နည်းသေးတယ်လို့ သုံးသပ်ရမည် ဖြစ်ရာ စာရေးသူအပိုင်း (၄) ပါ တင်ပြခဲ့တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖေါ်ထုတ်ပံ့ပိုးပေးမှသာ ရေရှည်အတွက် ကောင်းမွန်သလို တိုးတက်မှူ ပုံရိပ်တောက်ပလာမှာ ဖြစ်ပါတယ်။

NCA မထိုးရသေးတဲ့အဖွဲ့တွေကို ဆက်ဆံထိတွေ့တာချည်းဘဲ NPRC က အာရုံပြုနေဟန်တူပါတယ်။ လုပ်သင့်တာက ထိုးပြီးသားအဖွဲ့တွေရဲ့ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖေါ်တာကို အရှိန်အဟုန်မြှင့်တင်လိုက်ပါက မထိုးရသေးတဲ့အဖွဲ့တွေရဲ့ စိတ်လိုလားမှုကိုဖြစ်ပေါ်စေသလို ထိုးပြီးသားအဖွဲ့တွေက သူတို့ကို ဂရုတစိုက်လုပ်ပေးတဲ့ မေတ္တာရောင်ပြန်ဟပ်ကာ တော်ယုံအားနည်းချက်တွေကိုပင် သည်းခံပေးလာနိုင်ပါတယ်။

တပ်မတော်က ယုံကြည်မှု တည်ဆောက်သင့်သည့်လုပ်ရပ်က ကရင်ပြည်နယ် ဖါးပွန်ခရိုင်မှာ လူထုဆန္ဒပြပွဲတရပ် ဖြစ်ပေါ်ခဲ့ရာ စခန်း (၂) ခု ကို စွန့်လွှတ်ပေးလိုက်ရင် (သို့မဟုတ်) ဂရုတစိုက် ဖြေရှင်းပေးလိုက်ရင် ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ယခင်အစိုးရလက်ထက်ကတည်းက ရှိခဲ့တာမို့ အစိုးရသစ်ဖွဲ့ကာစ အလုပ်များချိန်မှာ NCA လက်မှတ်ထိုးတဲ့ EAOs တွေကို ဆတက်တံပိုး လုပ်ပေးသင့်ပါတယ်။ အစိုးရက ပြောမှလုပ်ရမည်ဆိုတာ နားလည်ပေးသော်လည်း ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖေါ်တဲ့ စေတနာ၊ ကွက်လပ်ဖြည့်ပေးလိုက်တာကို Commander ဒေါ်အောင်ဆန်းစုကြည်က ပိုလို့တောင် ကျေးဇူးတင်နိုင်ပါတယ်။

ရှင်းရှင်းပြောရင် တပ်မတော်နဲ့ EAOs အဖွဲ့ဟာ ဆက်ဆံရေးကောင်းမွန်ပြီး ထိတွေ့ဆက်ဆံမှုများလို့ ညီလာခံမှာ အဖုအထစ်ဖြစ်နေတဲ့ အချို့အချက်တွေနဲ့စပ်လျဉ်းပြီး EAOs အား တိုက်တွန်းနားချနိုင်တဲ့ အခြေအနေရှိတာမို့ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ အစိုးရကို ကူညီနိုင်ခဲ့တယ်ဆိုတဲ့ တပ်မတော်ရဲ့ သမိုင်းမော်ကွန်းသစ် ရေးထိုးသင့်ပါတယ်။

၂၁ပင်လုံငြိမ်းချမ်းရေးညီလာခံ အနာဂတ် အကြံပြုတိုက်တွန်းချက်

၄၃။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြချင်တာက UNFC ဝင်လာမည့်အခြေအနေကို ဆက်လက်အကောင်အထည်ဖေါ်ကာ NCA ထိုးတဲ့အဖွဲ့မှာ တိုးလာတဲ့ အင်အားကို စုစည်းပြီး တောင့်တင်းအောင် တည်ဆောက်စေချင်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပြောပြောနေတဲ့ လက်နက်ကိုင်အများစု သူတို့ဆီမှာပဲရှိလို့ သူတို့မပါဝင်ရင်ဘဲ လက်ရှိညီလာခံကြီးဟာ အဓိပ္ပါယ်မရှိဖူး ဟစ်ကြွေးနေကြတယ်။ (သူတို့ရှိတဲ့ နယ်မြေအကျယ်အဝန်းနဲ့ စစ်အင်အားအခြေချမှုဟာ နယ်စွန်တောင်တန်းတွေမှာ ပြန့်ကျဲနေတာမို့ လူအင်အားကောင်း တောင့်တင်းပါတယ်ဆိုတဲ့ အဆိုဟာ စစ်မဟာဗျုဟာနဲ့ တွက်ချက်ကြည့်လိုက်ရင် မေးခွန်းထုတ်စရာ ရှိနေပါတယ်)။ ဒီလိုမျိုးအဆိုကို တိတ်သွားအောင် မေတ္တာစေတနာနဲ့လုပ်သင့်တာကို ရဲရဲကြီး ရှေ့ဆက်လုပ်ပြစေချင်ပါတယ်။ အလုပ်နဲ့သက်သေပြရင် ပြည်သူလူထုက မတုန်းဖူးဆိုတာ ခေတ်အခြေအနေနဲ့အချိန်က စကားပြောပါလိမ့်မယ်။

ကချင်ဒုက္ခသည်စခန်းကတင်ပြခဲ့တာမျိုး မဖြစ်ရလေအောင် စိစစ်ပြီး မိမိမှာကြားခဲ့တဲ့ ညွှန်ကြားချက်ကို ခရီးစဉ်အတွင်းမှာ လက်အောက်ဌာနတွေကို ဆောင်ရွက်ပြီးစီးမှုအချိန်နဲ့တပြေးညီတင်ပြခိုင်းတဲ့ စနစ်ကျင့်သုံးသင့်ပါတယ်။  လူထုနဲ့ တိုင်းရင်းသားအများစုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာကို နားလည်လာတဲ့ တနေ့ကျရင် လူထုကိုယ်တိုင်က ရှေ့ထွက်ကာ တောင်းဆိုလာပါလိမ့်မယ်။ လူထုရဲ့ ကြောက်ရွံ့နေမှုနဲ့ သံသယသားကောင်ဖြစ်နေမှုတွေကို အကာအကွယ်ပေး ဖြေရှင်းပေးရပါမယ်။

၄၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆိုအမိန့်တခုမှာ တိုင်းရင်းသားတွေဆီကဘာပေးနိုင်မလဲဆိုတဲ့ အဓိပ္ပါယ်နဲ့  ခွဲမထွက်ပါဖူးဆိုတဲ့ဂတိတောင်းတဲ့အပေါ် မလိုလားသူ၊ အစွန်းရောက်သူ၊ သဘောထား တင်းမာသူ၊ လက်နက်ကိုင်အာဏာရှင်များက ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို ဟစ်တိုင်ထားပြီး စွပ်စွဲ၊ ဖိအားပေး ဝေဖန်တိုက်ခိုက်နေကြပါတယ်။ သူတို့အသံတွေတိတ်သွားအောင် အထက်ပါ အကြံပြုတင်ပြချက်များကို အကောင်အထည်ဖေါ်စေလိုပါတယ်။

၄၅။ ဘာမှမရှိတော့တဲ့ တိုင်းရင်းသားတွေဆီက ဒေါ်အောင်ဆန်းစုကြည်က ဘာပေးနိုင်မလဲဆိုပြီး ပြောနေတာ မတရားဖူးလို့ မလိုလားသူတွေက ဥာဏ်သိမ်စွာနဲ့ စွပ်စွဲနေပါတယ်။ တကယ်တော့ သူမ တောင်းတာက ငွေနဲ့သယံဇာတ ဓနဥစ္စာလည်းမဟုတ်၊ သူမအဖေလက်ထက်မှာ ပြည်ထောင်စုတခုပေါ်ထွက်ခဲ့တာကို သူမလက်ထက်ကျမှ ပြည်ထောင်စုပြိုကွဲသွားတယ်ဆိုတဲ့ သမိုင်းတရားခံအဖြစ်မခံနိုင်သလို ဖက်ဒရယ်တန်းတူရည်တူ အခွင့်အရေးပါတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်သွားတယ်ဆိုတဲ့ တချက်ခုတ် ၂ချက်ပြတ် စီစဉ်ဟန်တူပါတယ်။

ဒါကြောင့် သူမ တောင်းဆိုတာက ရွှေငွေ၊ သယံဇာတဥစ္စာမဟုတ်ဘဲ ရင်ထဲကလာတဲ့ ခွဲမထွက်ပါဖူးဆိုတဲ့ စာကတိဘဲဖြစ်ပါတယ်။ အဓိက Commander ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအကြား ခွဲမထွက်ပါဖူးလို့ ကတိခံဝန်ချက်မပေးသေးတာဟာ ကြီးမားတဲ့စိန်ခေါ်ချက် ဖြစ်နေတယ်။ ကတိခံဝန်ချက်ပေးလိုက်ရင် အစိုးရက နောက်ပိုင်း ဖြစ်သလိုလုပ်လာမှာ သူတို့က သံသယစိတ်နဲ့ စိုးရိမ်ဟန်တူပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပေမဲ့ တောင်းဆိုသလောက် မရခဲ့ရင်၊ ကတိပေးတဲ့သူတို့ တရားခံဖြစ်သွားမှာ စိုးရိမ်နေကြဟန်လည်း တူပါတယ်။

၄၆။ အဓိကKEY က တကယ်လို့ စာရေးသူရဲ့ အကြံပြုချက်အတိုင်း သုံးမယ်ဆိုရင် နယ်စပ်ပြည်နယ်ဒေသ ဖွံဖြိုးရေးကို တပ်နဲ့အစိုးရက တိုင်းရင်းသားဒေသတွေမှာ  ၀ိုင်းလုပ်ကြမယ် ဆိုကြပါစို့။ ဘယ်အတိုင်းအတာအထိ လုပ်ပေးရမှာလဲ။ အဲဒါကို သူတို့ထဲက တချို့အဖွဲ့က နည်းနေသေးလို့ ထပ်လိုတယ်၊ မရသေးဖူး ဆိုတဲ့ တချို့သူတွေရဲ့ မတော်လောဘနဲ့ မမြင်နိုင်တဲ့ ကိုယ်ကျိုးစီးပွါးကြောင့် ဆက်ပြီး တင်းခံနေနိုင်မလား၊ လက်မှတ်မထိုးသေးရင် ဘယ်လို ဆက်သွားမလဲ။ စဉ်းစားတွက်ဆရပါမယ်။ လက်ခံပြီးထိုးချင်တဲ့ အရိပ်အယောင်ပေးလာတဲ့ အဖွဲ့တွေကိုဘဲ သံတမန်ရေးရာ ညှိနှိုင်းခိုင်းမလား။ သူတို့အချင်းချင်းစည်းရုံးလိုက်ရင် ဖြစ်နိုင်မလား။ ဒါမှမဟုတ် စေ့စပ်ဖြန်ဖြေညှိနှိုင်းရေး လုပ်နိုင်သူ ကြားလူ ကတော့ အပြင်ကထက် ငြိမ်းချမ်းရေးကွင်းထဲမှာ ပါဝင်နေတဲ့ တပ်မတော်ကဘဲ ဖြစ်လို့ ကူညီပေးနိုင်မလား၊ တပ်မတော်က သဘောထားကြီးကြီး အချို့အပိုင်းတွေမှာ လျှော့ပေါ့ပေးကာ ယုံကြည်မှူ ပေးဆပ်စေလိုပါတယ်။ လက်မှတ်ထိုးလာရေး တွန်းအားတစ်ရပ် ဖြစ်ပါတယ်။

၄၅။ ဒါကြောင့် ခွဲမထွက်ပါ ဆိုတဲ့ စာဂတိ မရသေးခင်မှာတောင် အစိုးရက လက်မှတ်ထိုးတဲ့အဖွဲတွေရဲ့ တိုင်းရင်းသားတွေ လူနေမှုဘဝမြင့်တင်ပေးနေပြီဆိုတဲ့ ပြည်ထောင်စုစိတ်ဓါတ်၊ အိမ်ကိုပြန်ရောက်လာတဲ့
မိသားစုတွေသဖွယ် မောင်နှမရင်းချာတွေကို အစွမ်းကုန်ကူညီ ထောက်ပံ့ပေးတဲ့ စေတနာ၊ တန်းတူရည်တူ  သဘောထားဆက်ဆံကြမည်ဆိုရင်၊ ဘာသာတရားအရ ခွင့်လွှတ် မေတ္တာထားကြမယ်ဆိုရင်၊“ရှင်တို့ ဂတိပေးဖို့ ဒါတွေပေးတာ မဟုတ်၊ ခွဲထွက်ချင်ရင် အခုကတည်းက စာချုပ် မချုပ်ခင်မို့ ခွဲထွက်နိုင်တယ်၊ ကျွန်မတို့ပေးပြီးသား ပြန်မတောင်းတော့ဖူး၊ အခုပံ့ပိုးပေးတာဟာ အကျိုးကို မမျှော်ဘဲ ရိုးသားစွာနဲ့စေတနာသန့်သန့်နဲ့အဖြုစင်ဆုံး ပေးလိုက်တာဖြစ်တယ်၊ ခွဲထွက်ချင် အခုရတယ်”၊စသဖြင့် ရဲရဲသာ ပြောပါ။ သူတို့ကို သူတို့တိုင်းရင်းသားတွေကိုယ်တိုင်က ထိုးခိုင်းပါလိမ့်မယ်။

အစွမ်းထက်ဆုံးလက်နက်ဟာ ခွှင့်လွှတ်တတ်တဲ့ မေတ္တာစေတနာဖြစ်ပြီး ယုံကြည်မှုကို ပေးဆပ်လိုက်ပါ။ မေတ္တာစေတနာမှန်ရင် အကျိုးပေးကာ မေတ္တာရောင်ပြန်ဟပ်ပါလိမ့်ဆိုတာ သေချာကြောင်း တင်ပြလိုက်ရပါတယ်။

Comments