မြတ်လှိုင်း ● စစ်အာဏာရှင်စနစ်လက်ကျန် အစွယ်ငုတ်လေးတခုကို ဖယ်ပြလိုက်ခြင်း

မြတ်လှိုင်း ● စစ်အာဏာရှင်စနစ်လက်ကျန် အစွယ်ငုတ်လေးတခုကို ဖယ်ပြလိုက်ခြင်း
(မိုးမခ) ဇူလိုင် ၂၊ ၂ဝ၁၇

မဘသ အမည်သုံးပြီး မည်သည့်ကိစ္စမှမလုပ်ရန် နိုင်ငံတော်သံဃနာယကအဖွဲ့က ၂ဝ၁၇ မေလ ၂၃ ရက်နေ့မှာ ညွှန်ကြား ချက်ထုတ်ပြီးဖြစ်ပါတယ်။ ဒီသံဃနာယကအဖွဲ့ရဲ့ညွှန်ကြားချက်ကို မဘသအဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံနဲ့ ဒုဥက္ကဋ္ဌဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသဆရာတော်နှစ်ပါးက လိုက်နာပါ့မယ်လို့ ဝန်ခံကတိ ရေးထိုးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးဝမ်းသာအားရသူတွေက လက်ရှိအာဏာရအရပ်သားအစိုးရကို လိုလားထောက်ခံသူ ပြည်သူ အများ စုကြီးပါပဲ။ မဘသဆိုပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဆရာတော်ကြီးတွေပါဝင်ပြီး စတင်ဖွဲ့စည်းစဉ်က တော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေအနေနဲ့ ထောက်ခံရမလို တွေဝေနေခဲ့ကြပါသေးတယ်။

နောက်ပိုင်းမှ မဘသကို အမှန်တကယ်ဦးဆောင်လာတာတဲ့ ဘုန်းကြီးတွေနဲ့လူတချို့က အမုန်းတရားတွေကို ဟောပြော လာတဲ့အခါ ပြည်သူအများစုကြီးက ဆန့်ကျင်ခဲ့ပါတယ်။ ဒီဦးဆောင်သူတွေရဲ့နောက်ကွယ်မှာ အရင်စစ်အာဏာရှင်အစိုးရရဲ့ ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်အစိုးရရဲ့ဒေါက်တိုင်ခရိုနီတွေပါဝင်ပတ်သက်မှုရှိနေတာကို ပြည်သူတွေသိလိုက်ကြပါ တယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေဟာ စစ်အာဏာရှင်ပုံပြောင်း အစိုးရတည်မြဲအောင် မဘသကို အသုံးချနေ တာကိုလည်း တွေ့မြင်လိုက်ရပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ခရိုနီကြီးတွေရဲ့ပါဝါအရရော ငွေကြေးဓန အင်အားအရပါ ထောက်ပံ့ခဲ့တဲ့အတွက် မဘသအဖွဲ့ဟာ ထင်ပေါ်လာခဲ့ပါတယ်။ ဒီမဘသအဖွဲ့နောက်မှာနောက်လိုက်အဖြစ် နဲ့ ပါဝင်လှုပ်ရှားနေ သူတွေကိုကြည့်မယ်ဆိုရင် စစ်အာဏာရှင်လက်ထက်မှာ ထင်တိုင်းကြဲခွင့်ရခဲ့တဲ့ စွမ်းအားရှင်တွေဖြစ် နေတာလည်း တွေ့နိုင်ပါတယ်။ စွမ်းအားရှင်ဆိုတာတွေကို ပြည်သူတွေအနေနဲ့မုန်းတီးခဲ့ကြပေမယ့် မဘသအဖွဲ့ရဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ အမည်ကြောင့် ကျေးလက်နေလူတချို့ဟာ ထောက်ခံခဲ့တာတွေ့နိုင်ပါတယ်။ ကျေးလက်နဲ့မြို့ပြမှာနေကြတဲ့ လူတချို့ဆိုတာကလည်း အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ စာမ တတ် ပေမတတ်၊ အသိဉာဏ်မပြည့်ဝတဲ့လူတွေက ထောက်ခံ နေခဲ့တာပါ။ မဘသဟာ အစ္စလာမ်မုန်းတီးရေးကို ရှေ့တန်း တင်ပြီး မသိနားမလည်တဲ့လူတွေကိုဘာသာရေးမှိုင်းတိုက်ခဲ့ကြပါတယ်။ အစ္စလာမ်နိုင်ငံဖြစ်သွားတဲ့တိုင်းပြည်တွေရှိခဲ့ပေမယ့် မြန်မာနိုင်ငံအတွက်ကတော့ မဖြစ်နိုင်တဲ့အခြေအနေဆိုတာပြည်သူတွေ သိနေကြပါတယ်။ ဗမာအထိကရုန်းတွေဖြစ်ပေါ် အောင်ဖန်တီးနေကြတာက တိုင်းပြည်မငြိမ်မသက်ဖြစ်စေဖို့အဓိကပါ။

အမှန်တကယ်ဆိုရင် မဘသရဲ့အဓိကရည်ရွယ်ချက်က ပြည်သူတွေထောက်ခံနေတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်အယ်ဒီကိုတိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တယ်ဆိုတာ သိသာနိုင် ပါတယ်။

ဒီမဘသအဖွဲ့ကလည်း ဒီမိုကရေစီခေါတော်ထဲဝင်ချိန်နဲ့ တပြိုင်နက်တည်းလိုပေါ်ပေါက်လာခဲ့ပြီး လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီကိုအဓိကထားပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင်ရဲ့ပါ တီအနိုင်မရရေး မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်အယ်ဒီအနိုင်ရသွားပြီးနောက်မှာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ဒီမိုကရေစီအရပ်သားအစိုးရအတွက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို အဓိကအနှောင့်အယှက်ပေးတဲ့လုပ်ဆောင်မှုတွေ လုပ်လာပါတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်အောင် လုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီအရပ်သားအစိုးရ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က မဘသရှိဖို့မလိုဘူးဆိုပြီးပြောခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်ထောင်စုသာဝန်ဝန်ကြီးဟာ မဟနဆရာတော်ကြီးတွေကိုလျှောက်တင်ခဲ့တဲ့အတွက် မဘသအဖွဲ့ကို တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်းကို မဟနကဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ဒီလိုမဟာသံဃနာယကကြေညာပေမယ့် မဘသကဂရုမစိုက်ခဲ့ကြပါဘူး။ တရားဝင်အဖွဲ့အစည်းတစ်ခုအနေနဲ့ဆက်လက် လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လို့မရနိုင်မှန်းသိသွားတဲ့ အချိန်မှာ တိုင်းပြည်မတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးမှုကိုအဓိကထားလုပ်ဆောင်ပြခဲ့ကြ ပါတယ်။

ဒီလို တိုင်းပြည်မတည်ငြိမ်အောင်၊တရားဥပဒေစိုးမိုးမှုမရှိအောင်အဓိကဦးဆောင်သူဘယ်သူလဲဆိုတာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့အစိုးရရော၊ပြည်သူတွေကပါသိနေခဲ့ကြပါတယ်။

ဒါဆို ဒီဦးဆောင်တဲ့ပုဂ္ဂိုလ်ကိုဘာဖြစ်လို့ဖမ်းဆီးပြီး အပြစ်မပေးနိုင်သလဲဆိုတာကိုလည်း ပြည်သူတွေသိနေကြပါပြီ။ ဒီပုဂ္ဂိုလ်ရဲ့တရားဟောမှုတွေဟာ အကြမ်းဖက်ဝါဒကိုရှေ့တမ်းတင်ဟောပြောနေမှုတွေကြောင့် မဟနက တရားဟောခွင့် ပိတ်ပင် ခဲ့ရပါတယ်။ ဒီပိတ်ပင်မှုကိုအာခံတဲ့လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ပြနေခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဦးဆောင်နေတဲ့ မဘသဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလို့အမည်ပေးထားပေမယ့် အဓမ္မဝါဒကို ပြင်းပြင်းထန်ထန်လှုပ်ရှားပြနေတာကို အမြဲတွေ့နေရပါတယ်။

ဒီပုဂ္ဂိုလ်ရဲ့နောက်ကနေလှုပ်ရှားဦးဆောင်နေတဲ့လူအချို့ကို တရားဥပဒေဘောင်ထဲကနေအရေးယူပြီး မလှုပ်ရှားနိုင်အောင် ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။ နောက် ဒီပုဂ္ဂိုလ်ရဲ့အဓိကပင်မကြော မဘသအဖွဲ့ကို မဘသအမည်သုံးပြီး မည်သည့် လှုပ်ရှားမှုမျိုးမှ မလုပ်ရန် တားဆီးပိတ်ပင်လိုက်ပါတယ်။

ဒါဟာ စစ်အာဏာရှင်စနစ်ရဲ့လက်ကျန်အနှောင့်အယှက် ငုတ်အစွယ်တခုကို ဖယ်ရှားပြလိုက်တာပါ။ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေမယ့် ငုတ်လေးတခုပါ။ ငုတ်လေးတခုဆိုပေမယ့် ဂရုမထားပဲနေလိုက်မယ်ဆိုရင် ခလုပ်တိုက်လဲကျပြီး ဒဏ်ရာအနာတရဖြစ်သွားနိုင်ပါတယ်။

မဘသကိုပိတ်ပင်လိုက်တာကောင်းတဲ့ လုပ်ရပ်ကိုပြလိုက်တာပါ။ ဒါပေမဲ့ မဘသဆိုတာ အမည်နာမတခုပါ။ လူတယောက်ဟာ နာမည်အမျိုးမျိုးပေးနိုင်ပါပဲ။ အဲဒီလူပုဂ္ဂိုလ်ရဲ့စိတ်ကအဓိကကျပါတယ်။ ဒီပုဂ္ဂိုလ်ရဲ့စိတ်နေသဘော ထားကတော့ နာမည်တပ်ရုံနဲ့ (သို့မဟုတ်) နာမည်ပြောလိုက်ရုံနဲ့ ပြောင်းမသွားနိုင်ပါဘူး။ ဒီပုဂ္ဂိုလ်ရဲ့စိတ်သဘောထားဟာ အဖျက်ဖက်၊ အဓမ္မဖက်ကို ဦးတည်နေရင် ဘယ်လိုအမည်နာမပဲပေးပေး အဖျက်လုပ်ရပ်ကိုဆက်လုပ်နေမှာပါ။ ရှေ့ဆက်ပြီး တော့လည်း ဝံသာနုရက္ခိတ အဖွဲ့တို့၊ ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့၊ မျိုးချစ်ခေါင်းဆောင်များအဖွဲ့တို့၊ အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့တို့ဆိုတာတွေလည်းပေါ်လာ နိုင်ပါသေးတယ်။ ပေါ်လာဖို့အတွက်လည်းကြိုးစားနေတာကိုတွေ့ရပါတယ်။

ဒါဆို ဒီပုဂ္ဂိုလ်တယောက်ဟာ ဘာကြောင့်အဖျက်စိတ်တွေဝင်နေရတာလဲ၊ အဓမ္မဖက်ကိုရပ်တည်နေရတာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဖျက်လုပ်ရပ်တွေလုပ်နေရသလဲ။ ဒီအဖျက်လုပ်ရပ်တွေလုပ်နေရတဲ့အတွက် ဘယ်လိုအကျိုး အမြတ်တွေရနေ တာလဲ။ ဒီပုဂ္ဂိုလ်ရဲ့နောက်မှာ ဘယ်လိုကျောထောက်နောက်ခံအင်အားတွေရှိနေသလဲ။ ဒီပုဂ္ဂိုလ်အတွက်အဖျက်လုပ်ရပ်တွေကို လိုက်ပါလုပ်ဆောင်းပေးမယ့် နောက်လိုက်အင်အားဘယ်လောက်ရှိလဲ။ နောက်ဆုံးဒီပုဂ္ဂိုလ်ရဲ့ တရားဥပဒေ ပြင်ပ က အဖျက်လုပ်ရပ်တွေကိုလုပ်နိုင်နေတာကို ဘယ်သူတွေက အကာအကွယ်ပေးထားကြလဲစတဲ့အခြေအနေတွေ၊ အချက် အလက်တွေ ကိုသေချာလေ့လာဆန်းစစ်ဖို့လိုနေပါပြီ။ ဒီလိုလေ့လာဆန်းစစ်ပြီးမှ ဒီပုဂ္ဂိုလ်ရဲ့အဖျက် လုပ်ရပ်တွေ ကို ပြည်သူတွေ ခလုပ်မတိုက်နိုင်အောင်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီပုဂ္ဂိုလ်ရဲ့အဖျက်လုပ်ရပ်တွေအတွက်ပင်မသွေးကြောကို ရေသောက်မြစ်အထိ တူးဖော်ပြီးအပြတ်ဖြတ်နိုင်မှ ဒီပုဂ္ဂိုလ်လုပ်ဆောင်နေတဲ့အဓမ္မအဖျက်လုပ်ရပ်တွေ ရပ်တန့်သွားနိုင် မှာပါ။

အခု မဘသအဖွဲ့ရဲ့မည့်သည့်လုပ်ဆောင်မှုမျိုးကိုမှမပြုလုပ်ရန် မဟနရဲ့ကြေညာချက်ဟာ မဘသအမည်နာမတခုအတွက် သာ ဖြစ်ပါတယ်။ ခဏတာအရှိန်ရပ်တန့်ချင်ရပ်တန့်သွားပါလိမ့်မယ်။ ဒါပေမဲ့ အဓမ္မအဖျက်လုပ်ရပ်တွေကိုဦးတည်ပြီး အခြားသော အမည်နာမအမျိုးမျိုးနဲ့ပေါ်ထွက်လာမှာပါ။ ဒီပုဂ္ဂိုလ် (သို့မဟုတ်) ဒီလိုပုဂ္ဂိလ်များလည်းပေါ်ထွက်လာနိုင်ပါသေးတယ်။ ပေါ်ထွက်လာဦး မှာပါ။ ဒီပုဂ္ဂိုလ်ရဲ့အဖျက်လုပ်ရပ်တွေက အဓမ္မမှန်းအင်မတန်သိသာနေပါတယ်။ ကျနော်တို့မြန်မာ နိုင်ငံတင်မကပဲ၊ ကမ္ဘာကပါ သိနေ ပါတယ်။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ရည်အဆင့်အတန်းကိုသိနိုင်ပါတယ်။ နာက်ကွယ်က ထောက်ပံ့နေတာတွေကြောင့်မိုက်ရဲလို့လုပ်နေ၊ လုပ်ရဲနေတာလို့သိသာနိုင်ပါတယ်။ ဘယ်လိုဗျူဟာ ဘယ်လိုမာယာမှ မပါပါ ဘူး။ အကယ်၍ ဒီပုဂ္ဂိုလ်ထက် အဖျက်လုပ် ရပ်တွေကို ဗျူဟာကျွမ်းကျင်သူ၊ မာယာများသူတွေပေါ်လာနိုင်သေးတာကိုလည်း အမြဲဆင်ခြင်သတိပြုနိုင်ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဒီပုဂ္ဂိုလ်တယောက်၊ မဘသအဖွဲ့တဖွဲ့ကို ရပ်ဆိုင်းအောင်လုပ်နိုင်ရုံနဲ့ အဓမ္မလုပ်ရပ်တွေ၊ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အဖျက်လုပ်ရပ်တွေကို နိဂုံးမချုပ်နိုင်သေးပါဘူး။

ဒီမိုကရေစီစနစ်အတွက်ရန်သူတွေ၊ စစ်အာဏာရှင်စနစ်ကိုပြန်ရှင်သန်လာအောင်ကြံစည်ကြိုးစားနေတဲ့အာဏာရှင်လက်ကျန်တွေ၊ အာဏာရှင်လက်ကျန်တွေရဲ့အစွယ်အပွားတွေကို ရှင်းလင်းနိုင်မှ ဖြစ်မှာပါ။ ဒီမိုကရေစီစနစ်ရှင်သန်လာနိုင်ဖို့အတွက် စစ်အာဏာရှင် စနစ်ရဲ့ရေသောက်မြစ်ကို အဆုံးအထိတူးဖော်ပြီး အပြတ်ရှင်းလင်းနိုင်ဖို့လိုပါတယ်။ ဒီမိုကရေစီအရပ်သားဘက် အစိုးရရဲ့ပြည်ထောင်စုသာသနာရေးဝန်ကြီးကိုဖြုတ်ချဖို့ဆန္ဒပြနေခဲ့လုပ်ရပ်ကိုပြန်ကြည့်ရင်၊ ပြည်ထောင်စုအဆင့် အစိုးရ ဝန်ကြီး၊ ဗိုလ်ချုပ်ဟောင်း တယောက်ကိုတောင် ဖြုတ်ချနိုင်ဖို့ကြိုးစားတဲ့အဆင့်ထိရောက်နေပါတယ်။ ဒီလုပ်ရပ်ကိုလည်း ပြည်ထောင်စုအဆင့်ဒီမိုကရေစီအရပ်သားဘက်အစိုးရ၊ သာသနာရေးဝန်ကြီးရဲ့တုံ့ပြန်နိုင်မှုကိုစောင့်ကြည့်ရပါဦးမယ်။ ဒီ တုံ့ပြန်မှုရဲ့ထိရောက်မှုရှိခြင်း၊ မရှိခြင်းဟာ တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးပါနေပါတယ်။ ဒီ အဓမ္မဝါဒီကို ကိုင်စွဲထားတဲ့ ပုဂ္ဂိုလ်ရဲ့နောက်ကွယ်က အင်အားကို ထိရောက်နိုင်မနိုင်ကို သိသာလာပါလိမ့်မယ်။

တကယ်ဆိုရင် အခုမဟနကကြေညာတဲ့မဘသအမည်နဲ့ဘယ်လုပ်ရပ်မျိုးကိုမှမလုပ်ရဆိုတာစစ်အာဏာရှင်စနစ်ရဲ့ လက် ကျန် ဆူးညောင့်ခလုပ် (သို့မဟုတ်)  ငုတ်အစွယ်လေးတစ်ခုကိုဖယ်ထုတ်ပြလိုက်ရုံလေးသာရှိပါသေးတယ်။

မြတ်လှိုင်း

Comments