ဆလိုင်းမြတ်နိုးသူ ● ကွတ်ခိုင်


ဆလိုင်းမြတ်နိုးသူ ● ကွတ်ခိုင်
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

ကွတ်ခိုင် (၁)
.......
တကိုယ်တည်းနေပြီး
လူတွေကြား ခဏခဏ ပျောက်ကွယ်
သစ်သီးပုပ်ကလေးတွေ ရေထဲ ကိုယ်မြင်ရ
မွကြေနေတဲ့ ဦးခေါင်းပိုင်ရှင်
လိင်စိတ်တက်နေသော သူတို့၏ပိုင်ရှင်
သင် သွားလိုရာ သွားနိုင်ပြီ
ညီမလေး ဟေး အဘွားရဲ့ သမီးလေး

ကွတ်ခိုင် ( ၂ )
.......
ရုပ်တုတို့၏ အော်သံ တညံညံ
ခေါင်းပေါ်မှာ စစ်လေယာဉ်တွေ ပျံတော့
တွေးခေါ်ရကောင်းတာပေါ့
အကောင်းမမြင်တတ်တော့ပါ
နံနက်စာ ချက်စားချင်တယ်
နံနက်စာ ကလေးပဲ ပေးပါ
လွယ်ဆမ်ဆစ် အိပ်ရေးဝလား
နားနားနေနေ ချစ်စရာ့တောင်ပေါ်လမ်းကလေးတွေ
ပလောင်တောင်တက်နှေးလို့ဖြစ်မလား
အနီရောင် လက်ဖက်ခင်းများ လရောင်ကလေးထဲပေါ်လာ
အဲဒီလို နေ့တွေ ထမ်းထားကြရ

ကွတ်ခိုင် ( ၃ )
.......
လမ်းတွေရဲ့ညည်းသံ တဝူးးဝူးး
လတ်လတ်ဆတ်ဆတ် စပျစ်သီးတွေ ဖြတ်သွားကြ
ဖရဲသီးချိုချိုတွေ ဖြတ်သွားကြ
မြို့ရဲ့ နှုတ်ခမ်သားပေါ် ကိုယ်တို့လျှောက်သွားခဲ့ကြဖူးမယ်

ကွတ်ခိုင် ( ၄ )
.......
ချိုးကြော်ရမယ် တကောင် ကျပ် နှစ်ငါးဆယ်
ကိုယ်ငေးမိတယ်
ဖွေးဖွေးအေးအေး နှင်းတွေဟာ
ခေါင်မိုးချွန် အိမ်ကလေးတွေနဲ့ ချစ်တင်းနှောကြ
ဟောသီမှာ မက်မွန်သီးလေးတွေ မှည့်တော့မှာ
သူငယ်ချင်းမိုင်းဘယ်မှာ

ကွတ်ခိုင် ( ၅ )
.......
အစည်းအဝေး ပြီးတော့မှာပါ
ဖုန်ဆန်းက အဲဒါကို ပို လန့်တယ်
စားပွဲခုံဟာ အော်ဟစ်နာကျင်နေသော ဝိညာဉ်တို့၏ ရိုးများဖြင့် ထုလုပ်ထား
စေးကပ်နေပုံကို ကြည့်ပါ
ဗုံးခိုကျင်းများဟာ အိမ်တို့၏တန်ဆာ ပြည်တန်တာပေါ့
ဘာသာစကားချောင်းခြားလည်း လူဟာ လူပါပဲ
လှနေရမှာပဲ

ကွတ်ခိုင် ( ၆ )
.......
စပ်မျိုးပင်တို့၏ဝတ်မှုန်များဟာ ဖွေးလို့
မြေကြီးတို့၏ဆိုင်ရာများဟာ ရဲလို့ အားလုံးဟာ Red ပဲ
ယူနန်ကလာတာပဲ ရွှေလီက လာတာပဲ
ဘေကျင်းက လာတာပဲ။
သွားတာပဲ လာတာပဲ ကွာတယ်။
ဆေးထိုးအပ်များ။ လက်နက်များ။
မှောင်ခိုများ။ လူကုန်ကူးမှုများ။

ကွတ်ခိုင် ( ၇ )
.......
တကယ့်ပြင်ပထဲက ခွေးအူသံများ
ခြေသံများ ကြည်အေးကဗျာထဲကလို တရှပ်ရှပ်
ငါ့နှယ် စစ်ပွဲထဲ အမြဲရောက်နေရတယ်
ဘုရားကယ်ပါ
မာလဟာ ယောင်လို့
အေးတာပဲ အေးစက်နေတာပဲ
အားလုံးအေးနေရင်ကောင်းမယ်
နှစ်ခုပဲ အေးစက်မှု နှစ်မျိုးထဲက တမျိုးပဲ

ကွတ်ခိုင် ( ၈ )
.......
ကိုယ်ဖုန်းကိုင်လိုက်တယ်
မခွဲကြရ
ကိုယ်ဟာ တံတိုင်းကြီးကိုသာ ကြားရ
အဲဒီလိုနဲ့ပိုပို ဝေးကြရအုံးမယ်
သံတိုင်များဖြင့် ပြုလုပ်ထားသော
ရုပ်သေးရုပ်များဖြင့် ပြုလုပ်ထားသော
နတ်မိစ္ဆာတို့၏ လျှာများဖြင့် ပြုလုပ်ထားသော
သင်တို့၏တံခါးပေါက်များသည် လှပါသည်

ကွတ်ခိုင် ( ၉ )
.......
ပြောင်းပင်လေးတွေ ပွင့်တော့မယ်
ကိုယ်ဟာ ဇွန်လမိုးရေတွေထဲ
မြို့ကလေးလည်း ပျောက်
လူတွေလည်း ပျောက်ကြ
(ငါ့ကိုယ်ငါလည်း ပျောက်)
လေထဲ အတွင်းခံများ ဝဲပေါ့။

ကွတ်ခိုင် (၁၀)
.......
ပျော်ပါတယ် ပျော်ပျော်နေ သေခဲရယ်
အရသာ မသိတော့တာ ကြာပြီပေါ့။
အသံအစက်ကလေး ဝေးဝေး။

ဆလိုင်းမြတ်နိုးသူ
2017 June 10

Comments