သားကြီးမောင်ဇေယျ - သတင်းသမားများအတွက် ထောင်အ၀င်လမ်းညွှန်




သားကြီးမောင်ဇေယျ - သတင်းသမားများအတွက် ထောင်အ၀င်လမ်းညွှန်
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၇
ကျွန်တော်တို့ သတင်းသမားတွေအတွက် Rights to information (သတင်းသိပိုင်ခွင့်) ဥပဒေ အကြောင်းရေးရင်ကောင်းမလား၊ သတင်းသမားများ ကျင့်ဝတ် အကြောင်းရေးရင်ကောင်းမလား၊ သတင်းမီဒီယာ ဥပဒေ အကြောင်းရေးရင်ကောင်းမလား၊ facebook safety for journalist အကြောင်းရေးရင်ကောင်းမလား စဉ်းစားနေတုန်းမှာပဲ အပေါင်းအသင်းရောင်းရင်းတွေက ခင်ဗျားအရေးမပါတာတွေ လုပ်မနေနဲ့ ကျင့်ဝတ်တွေ ဥပဒေ တွေ သတင်းသိပိုင်ခွင့်တွေ လုပ်မနေနဲ့ အဲဒါတွေက လက်တွေ့မကျဘူး။ အခု ကျုပ်တို့ အရေးတကြီးလိုအပ်နေတာက ထောင်ထဲရောက်ရင် ဘယ်လိုနေရ ထိုင်ရမယ်ဆိုတဲ့ လမ်းညွှန်ကရေးအရေးကြီးနေတယ် လို့ ဆိုပါတယ်။ ကဲ တတ်သည့်ပညာမနေသာဆိုသလို ထောင်ထဲဝင်နည်း၊ ထောင်ထဲမှာ နေထိုင်နည်းစတဲ့ သတင်းထောက်များ တတ်အပ်သောအဋ္ဌာရသ ၁၈ ရပ် ပညာတွေ ကို အများသိစေရန် မျှဝေလိုက်ပါတယ်။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း ပြည့်စုံစွာဖြင့် ခလုပ်မထိ ဆူးမငြိပဲ ထောင်တွင်းသို့ချောချောမောမောဝင်ရောက်နိုင်ပါစေ။

ထောင်အ၀င်လမ်းညွှန်
၁။ သင်ထောင်ဗူးဝ ရောက်လို့ အချုပ်ကား ရပ်လိုက်ပြီဆိုလျှင် သင့်ကို အသင့်စောင့်ကြိုနေတဲ့ ထောင်အမှုထမ်း လေးငါး ဆယ်ယောက်က သင့်ကို တန်းစီစောင့်ကြိုနေတာကိုတွေ့ရပါမယ်။ အဲဒီအမှုထမ်းတွေဟာ သင်ကို ပန်းစည်းဆက်ဖို့စောင့်နေတဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေကို တွေ့သလို ပြုံးပြဖို့လိုပါတယ်။ သင့်ကိုယ်သင်လည်း VIP ပုဂ္ဂိုလ်ကြီးလိုသဘောထားပြီး ရင်ကိုကော့ ခေါင်းကိုမော့ပြီး ထောင်ဗူးတံခါးထဲကို ရာဇအိနြေ္ဒဖြင့် ၀င်လိုက်ပါ။ (သတိထားရမည်မှာ ခေါင်းမော့ထားတဲ့ အတွက် ထောင်ဗူးဝတံခါးအ၀င် ဒူးဆစ်လောက်မြင့်တဲ့ အတားတခုကို သင်သတိမပြုမိမှာ စိုးရပါတယ်။ အဲဒါကိုသတိထားရမှာဖြစ်ပါတယ်။ ခလုပ်တိုက်မိရင် သင့်ရာဇ အိနြေ္ဒပျက်သွားနိုင်ပါတယ်။

` ၂။ ဗူးဝထဲရောက်ရင် သင့်ရဲကိုယ်ရံတော်ရဲအစောင့်တွေက သင့်ကို ထောင်အာဏာပိုင်တွေ ထံ အပ်နှံပါလိမ့်မယ်။ သင်ကိုယ်ရေးအကျဉ်းပုံစံဖြည့်ရပါမယ်။ နိုင်ငံခြားလေကြောင်းခရီးစဉ်မှာ ပုံစံဖြည့်သလောက်မခက်ပါဘူး။ စိုးရိမ်စရာမရှိပါ။ သင်ပုံစံမဖြည်နိုင်ရင် သူတို့ဝိုင်းဝန်းကူညီဖြည့်ပေးကြမှာပါ။ လေကြောင်းခရီးသွားတဲ့ အခါ လေယာဉ်မမီမှာကို စိုးရိမ်သလိုမျိုး စိုးရိမ်စရာမလိုပါ။ သင်ဘယ်အချိန်ရောက်ရောက် ပုံစံဖြည့်တာ ဘယ်လောက်ကြာကြာ အရေးမကြီးပါဘူး။ သင်ကို ထောင်ထဲရောက်တဲ့ အထိဝန်ဆောင်မှုအပြည့်ပေးမှာဖြစ်ပါတယ်။

၃။ ပုံစံဖြည့်ပြီးရင် သင်ကိုယ်ကို တကိုယ်လုံးရှာမှာ ဖြစ်ပါတယ်။ ဟိုစမ်းဒီစမ်းမို့ ယားတတ်ရင် အနေခက်ပါလိမ့်မယ်။ အဆိုးဆုံးက သင့် စအိုကို လက်နဲ့ ထိုးနှိုက် မွှေပြီး ရှာတာဖြစ်ပါတယ်။ စအိုထဲ ပိုက်ဆံပါမပါ ရှာတာဖြစ်ပါတယ်။ အဲဒါကိုကျော်ဖြတ်ဖို့ မနက်ကတည်းက ပဲဟင်းများများစားထားပြီး သူတို့ အနားကပ်လာတာနဲ့ လေ မပြတ်လည်ဖို့ လိုပါတယ်။ ပဲ မုန်တိုင်းစစ်ဆင်ရေးလို့ခေါ်ပါတယ်။ ရန်သူတွေ အနားမကပ်နိုင်အောင် ကြိုတင် မုန်တိုင်းဆင်လေ အောင်ပွဲ ရဖို့သေချာလေလေ ဖြစ်ပါတယ်။

၎။ သင့်ရဲ့ လက်ထိပ်ကိုဖြုတ်ပေးပါလိမ့်မယ်။ အမေရိကန်လုပ် လက်ထိပ်နဲ့ခတ်ထားရင်သင်ကံကောင်းပါတယ်။ သော့တချက်လှည့်ဖွင့်လိုက်တာနဲ့ လက်ထိပ်က ခြောက် ကနဲပွင့်သွားမှာဖြစ်ပါတယ်။ တရုတ်လုပ် လက်ထိပ်နဲ့ ခတ်ထားရင် ဒီထက်ကံကောင်းတယ်လို့မှတ်ပါ။ သူကသော့နဲ့ဖွင်စရာမလိုပါဘူး။ ခတ်ကြမ်းကြမ်းကလေး ဆောင့်လိုက်ရင် အလိုက်တသိ ပွင့်သွားမှာဖြစ်ပါတယ်။ အဲဒါမှ မပွင့်ရင် နားဖါကလော်နဲ့လှည့်လိုက်ရင် အလွယ်တကူပွင့်သွားမှာပါ။ သော့ပျောက်လို့ လက်ထိပ်တန်းလန်းနဲ့ အကြာကြီး မနေရအောင် တရုတ်ပညာရှင်တွေက မြန်မာပြည်က ဒီ/လှုပ်တွေ အတွက် အထူးတည်ထွင်ထားတာဖြစ်တယ်လို့ သမိုင်းအထောက်အထားများအရ သိရပါတယ်။ ကံဆိုးရင်တော့ အင်္ဂလိပ်ကိုလိုနီလက်ထိပ်နဲ့တွေ့မှာ ဖြစ်ပါတယ်။ လက်ထိပ်ကြီးက လေးပြီး သံချေးတွေ ကိုက်နေတတ်ပါတယ်။ သော့ဖွင့်ပြန်တော့လည်း တော်တော်နဲ့ ဖွင့်မရဖြစ်နေတတ်ပါတယ်။ မြန်မာပြည်သူတွေအတွက် ကိုလိုနီတွေဟာ အခုထိ အကြိုးပြုနေတုန်းဖြစ်တယ်လို့ သမိုင်းပညာရှင်မှတ်ချက်ပြုရလောက်အောင် ကိုလိုနီလက်ထိပ်က ခိုင်ခန့်လှပါတယ်။ လက်ထိပ်ဖြုတ်ပြီး သင်ဟုတ်မဟုတ် အသေအချာစစ်ဆေးပါလိမ့်မယ်။ မှဲ့ဘယ်မှာရှိသလဲ၊ အမာရွတ် ဘယ်မှာရှိသလဲ ဆိုတာတွေ မှတ်တမ်းထားမှာပါ။

၅။ အားလုံးစစ်ဆေးပြီးတာနဲ့ ထောင်မှူးတစ်ယောက်၊ ၀ါဒါ တစ်ယောက်က ထောင်ဝန်းထဲ ၀င်ဖို့ဦးဆောင်ခေါ်သွားမှာဖြစ်ပါတယ်။ သင်ပါလာတဲ့ ပစ္စည်းတွေကို သင်ကိုယ်တိုင် ဆွဲစရာမလိုပါဘူး။ နှစ်ကြီးသမားထောင်ကျတစ်ဦးက သင့်ပစ္စည်းတွေကို သယ်ပေးမှာဖြစ်ပါတယ်။ ဟော်တယ်အမှုထမ်းတွေက သင့် နေမယ်အခန်းကို လိုက်ပြတယ်လို့သဘောထားပြီး ခတ်တည်တည် လိုက်သွားပါ။

(ယခင် စစ်အစိုးရခေတ်က ဆိုရင် သင်ကို ခေါင်းမီးခြုံခိုင်းပြီး တင်ပါးကိုဖနောင့်ပေါက်ကာ သင်နေမယ့် တိုက်ခန်းအရောက် စရိပ်ငြိမ်းပို့ပေးလေ့ရှိပ်ါတယ်။ အခုတော့ ဒီအခွင့်အရေးတွေ မရတော့ပါဘူး။ ယခင်ကလောက် ၀န်ဆောင်မှုမကောင်းတော့ဘူးလို့ နိုင်ကျဉ်းတွေက မှတ်ချက်ပေးထားပါတယ်။)

၆။ သင်နေရမယ့်အခန်း (၈ ပေ x ၁၀ ပေ အခန်း) ကိုရောက်ရင် သောက်ရေရှိမရှိ ၊ အိမ်သာရေ ရှိမရှိ သေသေချာချာစစ်ဆေးပြီးမှ သင်အခန်းမှာ နေဖို့ဆုံးဖြတ်ပါ။ စစ်ဆေးတဲ့အခါ ၀န်ကြီးတစ်ယောက်က စစ်ဆေးသလို ဂိုက်မျိုးနဲ့ ဟိုလက်ညှိးထိုး ဒီလက်ညှိးထိုးလုပ်ပါ။ အဲဒါမှ ထောင်အမှုထမ်းတွေက သင့်ကိုလေးစားမှာဖြစ်ပါတယ်။

၇။ အရေးအကြီးဆုံးက ထောင်ဝန်ထမ်းတွေ သင့်အခန်းက မထွက်ခွာမှီ အခန်းတံခါးသော့ကို သေသေချာချာ ပိတ်ဖို့အမိန့်ပေးပါ။ သင့်အမိန့်ကို မလွှဲမသွေ နာခံကြပါလိမ့်မယ်။

ဒီနေ့တော့ဒီလောက်ပါပဲ။ နောက်မှ ထောင်ထဲမှာ ကျန်းမာရေးအတွက်ဘယ်လိုနေထိုင်ရမယ်၊ အကျဉ်းသားတစ်ယောက်ရဲ့အခွင့်အရေးတွေဟာ ဘာလဲဆိုတာ ဆက်ပြောပါဦးမယ်။

မြန်မာပြည်သူများနဲ့ တကွ သတင်းသမားများအားလုံး တံတိုင်းအထပ်ထပ်ဖြင့် လုံခြုံစိတ်ချစွာ နေထိုင်ခွင့်ရကြပါစေ။

သားကြီးမောင်ဇေယျ (၃၀-၆-၂၀၁၇)

Comments