မင်းကိုနိုင် ● တောပန်းလေးနဲ့ ဓာတ်သင်ပုန်း

 
မင်းကိုနိုင် ● တောပန်းလေးနဲ့ ဓာတ်သင်ပုန်း
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇
“အခါးတွေအကြောင်း
ခါးခါးသီးသီး အော်ငြီးကြတာ
တောပန်းလေး နားမလည်ပါ
ငယ်ငယ်က သူ့ကို
နေဆာမလှုံရမှာစိုးလို့
ခါးလေးတွေ ညွတ်ပေး ၊ ရို့ပေးကြတဲ့
မယ်ဇလီတမာ/ဂွေးတောက်/ကြောင်လျာပင်တွေအလယ်
သူက ကွေးနေအောင် က,ဖူးတယ်ဆိုတော့
အခါးပင်တွေအကြောင်း သူနားလည်တာနဲ့
အခု ကြာဖူးတာ မတူ

ချောင်းရိုးနံဘေး မွေးခဲ့သူ တောပန်းလေးဟာ
ဟိုဖက်ကမ်းက ခင်တန်းပျို ၀တ်စုံလဲပြီဆိုရင်
ကိုယ့္မွာ အက်ႌတထည္ထဲရွိတာ မေတြးမိ
လှတယ်ဗျို့လို့ တကယ်ဝမ်းသာ ပျော်ခဲ့တာပဲ ရှိတယ်

ဒါပေမယ့်
ဓာတ်သင်ပုန်းထဲ ရောက်ခါမှ
အသက်ရူမေ့၊ ထမင်းမေ့၊
အိမ်နီးချင်းမေ့၊ အိမ်သားမေ့
ဖန်တီးကမ္ဘာမှာ မွေးတော့တယ်
သူက မိတ်သစ်တွေရပြီလေ

ဓာတ်သင်ပုန်းမှာ အားလုံးနီပါး
သတင်းသမားနဲ့ စာရေးဆရာ၊
မြင်သမျှ ရေး/ရိုက်တင်ကြတာ
ဒါပေမယ့် ဓာတ်သင်ပုန်းဓလေ့ဟာ
ချောင်းရိုးကလေး ရိုးရာနဲ့ မတူပါ
ချောင်းရိုးလေးတ၀ိုက်မှာ
ငှက်တကောင် နေမကောင်းရင်
ဓာတ်ပုံရိုက် မတင်ဘူး
ဆေးဝိုင်း ကုကြတယ်။

ဓာတ်သင်ပုန်းမှာတော့
သူတပါးပုံပန်းပျက်လည်း
ခွင့်ပြုချက်မယူ တင်တာပဲ
ကိုယ့်ပုံကိုကျ
ရိုက်တိုင်းလှ ကိရိယာအကူနဲ့
ပဏ္ဍာယူကြရဲ့

ကြာတော့ တောပန်းလေးဟာ
သံသယဖြစ်လာတယ်
အဲဒီရိုက်တိုင်းလှ ဓာတ်ပုံတွေက စတာပဲ
ပြီးတော့
အတုနဲ့အစစ် မခွဲတတ်တော့တာ
အဆိုးဆုံးပဲ။

ဟင်းလျာနဲ့ မုန့်စုံ
ဓာတ်ပုံရိုက်ပြ စားကြပါဦးလားလို့
လောကွတ်ချော်တာ မြင်တိုင်းမှာ
တောပန်းလေးအတွက် ဂွအကျဆုံးပါပဲ
အဲဒီယဉ်ကျေးမှုကို
ဝေလည်း မဝေဖန်ရဲ
နားကလည်း မလည်
ဓာတ်ပုံကို ဘယ်လိုစားရမယ်။

ဒါပေမယ့်လည်း
တောပန်းလေးဟာ မိတ်ဆွေတို့အကြိုက်
မောနင်းဆိုလည်း လိုက် (ခ်) ပြီးသား၊
ဂွဒ်နိုက်ဆိုလည်း လိုက် (ခ်) ပြီးသား၊

တခါတခါ
ဘယ်သူ့စောင်းပြောမှန်းမသိ
ငြူစူနေတာတွေ့လည်း
ပခုံးလေးတွန့်ပြီး လိုက် (ခ်) ပေးရတာပဲ

အမေကပြောဖူးတာ
နှမြောစာရယ်၊ အားနာစာရယ်၊ မသဒ္ဓါရေစာရယ်
မစားနဲ့တဲ့

မကောင်းတတ်လို့၊ အားနာလို့၊ ကြောက်လို့
လိုက် (ခ်) ပေးရတာကျ အမေဘာပြောပါ့မလဲ

လေထဲ ရေထဲထက်
အဆိပ်ပျံ့လွယ်တဲ့ ဓာတ်သင်ပုန်းကို
ကြာတော့လည်း
တောပန်းလေး ကြောက်လာတယ်

ပေါက်ကွဲ ဆဲဆို စိတ်ငြိုငြင်နဲ့
မျက်နှာသစ်ရမှာ
သူ့ကိုယ်သူ မသတီတော့ဘူး

မိတ်ဆွေတစ်ယောက် ရှင်းပြတာက
“ဓားတလက်လိုပေါ့ကွာ
တောကြမ်းကို လမ်းထွင်ရှင်း
မိတ်ဆွေရင်းလည်း ဖြစ်နိုင်တယ်
ဘေးရန်ကာ ခုခံစရာလည်းဖြစ်နိုင်တယ်
အေး.....
သူတပါးနဲ့ ကိုယ့်ကိုကိုယ်လည်း
ခုတ်ထိုးသတ်သေနိုင်တာပဲ” တဲ့။

တောပန်းလေး စဉ်းစားတယ်
တောင်ကျရေလာပြီဆို
အရင်က သူသံကုန်ဟစ် သတိပေးခဲ့သမျှ
အဲဒီဝတ္တရားတွေပျက်နေပြီ

ဘ၀ဆိုတာ
အချိန်တွေနဲ့ ဖွဲ့စည်းထားတာ
ဘယ်မှာအများဆုံး ငါဖြုန်းနေပါလိမ့်

ဓာတ်သင်ပုန်းမှာ
မဖွယ်မရာတွေကိုပဲ
မူးယစ် စွဲ့နစ်နေမိပေါ့
“ငါ” ပိုင်တယ်ထင်ခဲ့သမျှ
ဓာတ်သင်ပုန်းက ငါ့ကိုပိုင်သွားပါလား သိလိုက်ရ

တောပန်းကလေး ခြောက်ခြား
အကြံဉာဏ် အကူရလိုငြား
နံဘေးနားလှည့်..ကြည့်မိရာ
အားလုံး ....
ဓာတ်သင်ပုန်းထဲ နစ်နေကြရှာပါသတဲ့။

မင်းကိုနိုင်
(၅၊ ဇူလိုင်၊ ၂၀၁၇)

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

Comments