ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်


ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇

ရိုးရိုးသားသား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
လုံလောက်သွားခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
မွဲတေနေတဲ့ ဆင်းရဲခြင်းက
အမိုးမလုံ အကာမလောက်ဖြစ်နေတဲ့အခါ
ငါ ဒီကဗျာကိုရေးဖြစ်တယ်

ကြိုးကြိုးစားစား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
စားသောက်နေထိုင်နိုင်ခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
အသေရုံတမယ် စားနေကျ ထမင်းဝိုင်းထဲ
ငါးပိရည်ကျဲကျဲကို ရွှဲရွှဲဆမ်းမစားနိုင်တဲ့အခါ
ငါ ဒီကဗျာကို ရေးဖြစ်တယ်

နိုးနိုးကြားကြား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နိုင်ခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
နာရီနဲ့အမျှ သွေးထွက်နေတဲ့ တောင်တန်းတွေနဲ့
ဒဏ်ရာဗလပွရနေတဲ့ စမ်းချောင်းတွေကိုမြင်ရတဲ့အခါ
ငါ ဒီကဗျာကိုရေးဖြစ်တယ်

ဆိုရိုးရှိတဲ့အတိုင်းကတော့
ကဗျာဆရာသေပေမယ့် ကဗျာတွေမသေဘူးတဲ့
ငါကိုယ်တိုင်က ကဗျာဆရာမဟုတ်လေတော့
ငါမသေခင်
အခု ငါရေးနေခဲ့တဲ့ကဗျာကို အရင်သေစေချင်တယ်။

ဆောင်းယွန်းလ
(သြဂတ်စ် ၂၁ ရက်၊ ၂၀၁၇)

Comments