ခင်မောင်စော (ဘာလင်) - မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်



ခင်မောင်စော (ဘာလင်) -  မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၇


မြန်မာပြည်တွင်း၌ "လူ့အသိုင်းအဝိုင်း" တခုက ကောလဟာလ သတင်းများဖြန့်နေကြပါသည်။ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက မလိုက်နာသည့်အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံကိုအရေးယူမည်။ ဒေါ်စုအပါအဝင် အစိုးရ နှင့်တပ်မတော်ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များကို ရာဇဝတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး တွင်တရားစွဲတော့မည် စသည်ဖြင့် လျှောက်ပြောနေကြပါသည်။ မည်သည့်"လူ့အသိုင်းအဝိုင်း"ဆို သည်ကိုတော့ နန်းတော်ရှေ့ဆရာတင်၏ သီချင်းစာသားပါအတိုင်း "ပညာရှိကြပါလျှင် အမှန်တွေးယူ" ကြပါတော့။

ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လိုက်နာစရာမလိုပါ။ မလိုက်နာ၍လည်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက ဘာမှမလုပ်နိုင်ပါ။ ထုံးစံအတိုင်း "Condemn ရှုတ်ချသည်" ဆိုသောစကားကိုသာ အလွန်ဆုံးသုံးနိုင်ပါမည်။ ဒါကိုလည်း ဂရုစိုက်စရာမလိုပါ။ Isreal ကိုဆိုလျင် ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက condemn လုပ်ခဲ့သည်မှာအကြိမ် ၇၀ ကျော်နေပါပြီ။ ဘာမှလည်းမဖြစ်ပါ။ Israel ကလည်း ဘာဂရုမှ မစိုက်ပါ။

အမေရိကန်၏ UN ကိုယ်စားလှယ် Nikki Haley က လူ့အခွင့်အရေးကောင်စီတွင် လူ့အခွင့်အရေးကောင်စီသည် တရားမျှတမှု မရှိ၊ Israel ကို အကြိမ် (၇၀) သတိပေးပြီး တကယ်ကျူးလွန်သော ဗင်နီဇွဲလား၊ မူဆလင်နိုင်ငံများစသည်တို့ကိုမူ တခွန်းမျှမဟ၊။ လူ့အခွင့်အရေးကောင်စီကို လူကောင်းသူကောင်းတွေနှင့် ပြန်ဖွဲ့စည်းသင့်ပြီဟု ပြောခဲ့ပါသည်။ UK ၀န်ကြီးချုပ် ထရေဇာမေက လည်း လူ့အခွင့်အရေးဥပဒေတွေကို ပြင်ဆင်ရမည်ပာုပြောကြား ခဲ့ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဆိုလျှင်တော့ အများအားဖြင့် လိုက်နာလေ့ရှိကြသော်လည်း မလိုက်နာသည့် မြောက်ကိုရီးယား၊ Israel စသော နိုင်ငံများလည်းရှိပါ၏။

ဤကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတင်သည် နှင့် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာသုံး၍ပယ်ချမည်မှာသေချာသည်။ double veto ဖြစ်မည်မှာသေချာသည်။ အမေရိကန်သမတသစ် Trump ကလည်း "မူဆလင်များအရေး"ကို သိပ်မကြိုက်ပါ။ ထို့ကြောင့် triple veto ပင်ဖြစ်ချင်ဖြစ်သွားနိုင်သည်။

ယန်ဟီလီး မြန်မာပြည်တွင်း ရောက်နေပြန်ပြီ ၊ ပြည်တွင်း၌ ရှိစဉ်၎င်း၊ ပြန်သွားလျှင်၎င်း ဘာတွေ ဖွဦးမည်မသိ။ ယခု ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက် ထွက်ပေါ်လာရသည်မှာလည်း သူ့စနက်ပင်ဖြစ်သည်။ ဆော်ဒီအာရေဗျတွင် မိန်းမများကားမောင်းခွင့်မရှိ၊ အစ္စလမ်ရှာရီယာဥပဒေဆိုပြီး လူကို ခေါင်းဖြတ်သတ်၊ အုတ်ခဲကျောက်ခဲများဖြင့် ပေါက်သတ်၊ ခေတ်နှင့်မဆီလျော်၊ လူမဆန်သောဥပဒေများ ရှိနေသော်လည်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီသည် တခွန်းမျှ မဟရဲပါ။ ငွေများတရားနိုင်ဆိုသလိုဖြစ်နေပါပြီ။ ကုလသမဂ္ဂသည်လည်း အာရပ်သမဂ္ဂဖြစ်သွားပါပြီ။


ဂျာမန် idiom တွင်Pruegelknabe ဆိုသောအသုံးရှိပါသည်။ "လူတကာက ဝိုင်းထိုးဝိုင်းရိုက် အနှိပ်စက်ခံနေရသော လူငယ်ကလေး (ဝါ) ဝိုင်း ဗိုလ်ကျခံနေရသူ" ဟုအဓိပ္ပါယ်ရပါသည်။ စစ်အစိုးရအဆက်ဆက် နာမည်ပျက်ခဲ့၍့ မြန်မာပြည်သည် ခုကဲ့သို့ကုလသမဂ္ဂ နှင့် OIC တို့၏ ဗိုလ်ကျခြင်းခံနေရသော "Pruegelknabe" ဖြစ်နေပါပြီ။


ရခိုင်ပြည်မှ ဘင်ဂါလီများပြဿနာသည် နေ့ချင်းညချင်းဖြေရှင်း၍ရမည့်ကိစ္စမဟုတ်ပါ။ "နိုင်ငံသားပေးသင့်သူကိုပေးပါ" ဆိုသော အကြံပေးချက်သည် တိမ်မယောင်နှင့်နက်သော်လည်း  ကလေးကအစ၊ လူတိုင်းလိုလိုပေးနိုင်သော အကြံဖြစ်ပါသည်။ နိုင်ငံတိုင်း၌ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စစ်ဆေးမူများရှိပါသည်။ ဂျာမနီ၊ အမေရိကန်၊ စသောနိုင်ငံတိုင်းလောက်၌ ၎င်းနိုင်ငံ၏ တရားဝင်ဘာသာ စာနှင့်စကား၊ အခြေခံသမိုင်း၊ ပထဝီ၊ အုပ်ချုပ်ပုံစနစ်၊ အထွေထွေဗဟုသုတ စသည်တို့ကို စစ်ဆေးပြီး အောင်မြင်မှသာ နိုင်ငံသားအဖြစ်လက်မှတ်ကို ထုတ်ပေးပါသည်။ တကယ်စစ်လိုက်လျှင် ဘင်္ဂလီတသန်းကျော်တွင် မြန်မာနိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူ တသောင်းပင်ပြည့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံသားဖြစ်ခွင့်မရသူ တသန်းကျော်ကိစ္စကို မည်သို့ရှင်းကြပါမည်နည်း။

စကားတူပြော၊ ရုပ်ချင်းတူ၊ ဓလေ့တူ၊ ကိုးကွယ်သည့်ဘာသာတူ ဘင်္ဂလားဒက်ရှ်ကလည်း သူတို့လူမျိုးမဟုတ်ပါဟုပြောင်ငြင်းနေသည်။ ကိုးကွယ်သည့်ဘာသာတူ OIC အဖွဲ့ဝင် ၅၄ နိုင်ငံကလည်းလက်မခံကြ။ ထို"ရိုဟင်ဂျာ"ဆိုသူများသည် မြန်မာပြည်သားသာမက တိုင်းရင်းသားအဆင့်အထိ ရလိုပါ၏။ သို့သော် မြန်မာစကားနှင့်စာမသင်လိုပါ၊ မြန်မာနိုင်ငံတော်အလံကို အလေးမပြုနိုင်ပါဟု လုပ်နေသူများဖြစ်ပါသည်။ ထိုသူများအတွက် "လူ့အခွင့်အရေး" ဆိုပြီး တိုက်ပေးသည့်သည့်သူများသည် မြန်မာပြည်၏အချုပ်အချာအာဏာကို အလေးမထားတာလျင်ဖြစ်တော့သည်။ မြန်မာပြည်ကို အနိုင်ကျင့်လိုသူများသာဖြစ်ပါသည်။


ကုလသမဂ္ဂသည် မြန်မာပြည်တွင် စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်က ဒီမိုကရေစီပေးရန် အသံကောင်းဟစ်ခဲ့သည့်အဖွဲ့ဖြစ်ပါသည်။ မြန်မာပြည်သည်စစ်အစိုးရအဆက်ဆက် လက်အောက်၌ အနှစ် ၅၀ ကျော်နေခဲ့ရပြီး အရပ်သားအစိုးရတက်လာသည်မှာ တနှစ်ကျော်လေးသာရှိသေးသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်ကလုပ်ထားခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်နေရခြင်းဖြစ်ပါသည်။ ၎င်းဥပဒေအရ နိုင်ငံ၏လုံခြုံရေးကို ထိပါးလာခဲ့သော် "ကာလုံ"အစည်းအဝေးခေါ်ယူပြီး သမတက စစ်ဦးစီးချုပ်ကိုအာဏာကုန်လွှဲခွင့်ရှိသည်၊" ဆိုသည့်အပိုဒ်ပါရှိသည်။ အာဏာသိမ်းရန် မလိုတော့ပဲ စစ်အစိုး ရ တက်လာနိုင်သည်။ ကုလသမဂ္ဂနှင့် OICတို့၏ အနိုင်ကျင့်မှုများသည် မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးအောက်သို့ အတင်းတွန်းပို့နေသကဲ့သို့ဖြစ်နေသည်။


မူဆလင်နိုင်ငံချင်းပင် စစ်ဖြစ်ခဲ့သည့်သာဓကများရှိပါသည်။ ဥပမာ အီရန်နှင့်အီရတ်။ ယခုလည်း ဆော်ဒီအာာရေဗျခေါင်းဆောင်သော အာရပ် ၅ နိုင်ငံလောက်နှင့် အခြား အာရပ်နိုင်ငံ "ကာတာ" တို့ ရန်စောင်နေကြပါသည်။ သက်ဆိုင်ရာနိုင်ငံသားများက မိမိတို့၏အမိနိုင်ငံအပေါ်သာ သစ္စာစောင့်ရပေမည်။ ထို့ကြောင့် မြန်မာမူဆလင်များ (အစိုးရ၏တရားဝင်ထုတ်ပြန်ချက်အရ ၄% ။ ကွယ်လွန်သူ ဦးကိုနီ၏ ၂၀၁၅ ကမိန့်ခွန်းအရ ၁၀% ။ မည်သူက မှန်သည်မသိပါ) တို့ကလည်း ဗမာမူဆလင်ကွန်ဂရက် (ဗမက) ၏ ၁၉၅၀ ခုနှစ် ဇန္နဝါရီလ ၄ရက်နေ့က ထုတ်ပြန်ခဲ့သော "ဗမာမူဆလင်များသည် တိုင်းတပါးသား မူဆလင်များနှင့်ဆက်ဆံရာတွင် မူဆလင်ညီအစ်ကိုများသဖွယ်သဘောထားမည်ဖြစ်သော်လည်း၊ ၎င်း တိုင်းတပါးသားမူဆလင်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့ ပြဿနာပေါ်လာလျှင်မူကား ဗမာမူဆလင်များသည် ပြည်ထောင်စုမြန်မာနိုင်ငံကိုသာ သစ္စာရှိရပေမည်" ဟု ကြေညာခဲ့သည့်အတိုင်းလိုက်နာကြပါ ဟု မေတ္တာရပ်ခံလိုပါသည်။ မြန်မာမူဆလင် ကိုမြအေး ပြောသကဲ့သို့ " မြန်မာမူဆလင်တွေဟာ အမိမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိရမယ် နိုင်ငံခြားသား အစ္စလမ်ဘာသာဝင်တွေဘက် က ရှေ့နေလိုက်စရာ ဝင်ကူစရာ မလိုဘူး" ဆိုသည်ကိုလည်း သတိမူကြပါ။


နိဂုံးချုပ်အနေဖြင့် ကုလသမဂ္ဂနှင့် ယန်ဟီလီးတို့အား သတိပေးလိုသည်မှာ" မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်မရောက်စေလိုလျှင် ဖိအားမပေးကြပါနှင့်၊ ဗိုလ်မကျကြပါနှင့်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်ရောက်စေလိုလျှင် ဖိအားပေးကြပါ၊ ဗိုလ်ကျကြပါ" ဟုသာဖြစ်ပါကြောင်း။

Comments