ဆလိုင်းမြတ်နိုးသူ ● ခူးဆွတ်ပြီးသား သစ်သီးများဟာ ရေငွေ့ပျံနေကြဆဲ


ဆလိုင်းမြတ်နိုးသူ ● ခူးဆွတ်ပြီးသား သစ်သီးများဟာ ရေငွေ့ ပျံနေကြဆဲ
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇

၁။
အိမ်ရှင်မတစ်ယောက်ရဲ့ဆံပင်တွေ ပြတ်ကျသွားကြတယ်
တစ်နေရာမှာ နတ်သမီးတွေ ကခုန်နေကြရဲ့
စိတ်ကူးထဲက နတ်ဘုံ နတ်နန်းတစ်ခု ဖြစ်မှာပါ
အဲဒါကြောင့်သာ အားလုံး နဖူးအစ ခြေအဆုံး သက်ပြင်းချနိုင်ကြတာ

၂။
တစ်ဘဝလုံး အမှောင်ထဲက တိုင်းပြည်ကလေးဟာ သေသွားရှာတော့
နောင်ဘဝမှာ မှိုပွင့်ကလေးတောင် မဖြစ်ရပါစေနဲ့ဆိုတယ်
ဒါဟာ မိမိကိုယ်ကို ကျိန်စာတိုက်နိုင်သူတစ်ယောက်ရဲ့သံသယ

၃။
ကြီးမားတဲ့ ကြက်တစ်ကောင်ဟာ ဆန်တစ်စေ့ကနေ အရင်းပြုရဲ့
မိုးရေထဲ ရေမစိုဘဲ သူတို့ ရပ်နေကြတာ
မြေကြီးကထွက်တဲ့ သစ်တောကြီးတွေဟာ ကျည်တစ်ထောင့်ဖြစ်သွားကြတာ
အဘွားရဲ့လယ်ကွက်ထဲက ငါးတစ်ကောင်ဟာ ကျည်တစ်ထောင့်ဖြစ်သွားတာ
အရှင်လတ်လတ် နေထိုင်သူတွေဟာ ငိုနေရပ်နေတုန်းပဲ
မှောက်လဲသွားတာ

၎။
ဒီနေ့အားလုံးရဲ့အသစ်ဟာ မနက်ဖြန်မှာ ချိုမြိန်သော အနမ်းများ
ဖြစ်ကောင်းဖြစ်ခဲ့မယ် ရေခဲသေတ္တာများက ထိန်းကြတာပေါ့
နောက်တော့လည်း လူသတ်သမားဟာ ဘုရင့်ထိုင်ခုံပေါ်က ကြွလာမယ်
အဟောင်းပဲ သစ်သမျှဟာ အဟောင်း
အားလုံး အဲဒီလို အသက်ရှူကြရ

၅။
ကားတာယာများဟာ ဆက်လက်
ကြည့်လို့ကောင်းချင်မှ ကောင်းလိမ့်မယ်
ကျွန်တော်တို့ဟာ လည်နေပေမယ့်
အံ့သြစရာကောင်းလောက်အောင် မရှိကြတော့ဘူး။

ဆလိုင်းမြတ်နိုးသူ
သြဂတ်စ် ၂၀၁၇

Comments