ဂျော်ဒီး - “ဂျင်းစွပ်ပြုတ်ပုံပြင်”



ဂျော်ဒီး - “ဂျင်းစွပ်ပြုတ်ပုံပြင်” 
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇

 ကလေးတို့ ရေ ... ဒီတခါ တော့ မင်းတို့ကို ရုရှားရိုးရာ ပုံပြင်တွေထဲက “ပုဆိန်စွပ်ပြုတ်” ဆိုတဲ့ ပုံပြင်ကို ခေတ်နဲ့အညီ မြန်မာမှုပြုပြီး ပြောပြမယ်ကွဲ့ ။

 တခါကတဲ့ ရွာတရွာမှာ အမေအိုတယောက်ရှိသတဲ့..။ ရွာထိပ်က တဲတလုံးမှာ သူတယောက်တည်း ဆင်းဆင်းရဲရဲ နေရသတဲ့..။

ကလေး(၁)။ ။ ရွာသားတွေက မစောင့်ရှောက်ကြဘူးလား..။ အမယ်အို တယောက်တည်း သနားပါတယ်နော်.။

ကလေး(၂)။ ။ ရွာသားတွေလည်း တရွာလုံး ဖွတ်မွဲပြာစု ဆင်းရဲနေကြလို့ နေမှာပေါ့ကွာ..။

 တညတော့ ရာသီဥတုက အေးလွန်းလို့ အမေအိုခမျာ..တဲကလေးအလည်မှာ..မီးဖိုကလေးတဖို ဖိုပြီးနေရရှာသတဲ့..။ အဲဒီအချိန်မှာပဲ အမေအို နေတဲ့ တဲကို လူစိမ်းတယောက် ရောက်လာသတဲ့..။ လူစိမ်းက အမေအိုကို ဒီတညတော့ သူ့ကို ဒီမှာတည်းခိုခွင့်ပြုပါလို့ ခွင့်တောင်းသတဲ့။ ခေတ်ကြီးကလည်း မကောင်းတော့ အမေအိုက လူစိမ်းကို သံသယတော့ ရှိတာပေါ့ကွယ်..။ ဒါပေမယ့် မတည်းနဲ့ ဆိုတော့လည်း သူ့ကို တခုခု အန္တရာယ်ပြုမှာစိုးတော့ “အေးလေ..တညလောက်တော့ ဒီလိုပဲ..ကြည့်နေပေါ့ကွယ်” လိ့ပဲ ပြောလိုက်ရသတဲ့ ။ လူစိမ်းက တဲထဲရောက်တော့ အမေအို မီးလှုံနေတဲ့ နဘေးမှာ ၀င်ထိုင်လိုက်တယ်..တဲ့။

ကလေး(၃)။ ။ ခုခေတ်လိုဆို..ဓါတ်ပုံတွေ ဘာတွေ ရိုက်ပြီး တနိုင်ငံလုံး ၀ါဒ ဖြန့်ဦးမှာနော်..။

ကလေး(၄)။ ။ ဒီအတိုင်းတော့ ဘယ်ရမလဲကွာ..။ ခေတ်တခေတ်လုံးပစ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလေးဘာလေး နောက်ခံထားရိုက်နိုင်မှ ကောင်းမှာကွ.။ ခုခေတ်က ဗိုလ်ချုပ်အောင်ဆန်းခေတ် ရောက်နေပြီကွ..။ ရုပ်ပြကောင်းတော့.. လုပ်စားလို့ရတာပေါ့.ဟိဟိ။

 ကဲကဲ..နားထောင်ကြကွယ်..။ ပြီးမှ ထင်မြင်ချက်တွေ ဝေဖန်ချက်တွေ ပေးကြ..။ ပုံပြင်တောင် ဘယ်နားရောက်သွားပါလိမ့်..။

ကလေး(၅)။ ။ လူစိမ်းက အမေအို မီးလှုံနေတဲ့ နံဘေး ၀င်ထိုင်တာ ဂျီးဒေါ် ။

အော်..အေးအေး..။ ၀င်ထိုင်ပြီးတော့..ဟိုဟိုဒီဒီ..ကြည့်ရင်း..။ အပြင်မှာ အရမ်းအေးတာပဲ..အမေရယ်။ ခရီးပြင်းနှင်လာရတော့ ဘာမှမစားရတာလည်း သုံးရက်ရှိပြီ..။ အမေ့မှာ စားစရာလေး တစ်ခုခုများ ရနိုင်မလား ခင်ဗျာလို့…အင်မတန်သနားစရာ ကောင်းတဲ့ အသံနဲ့ ပြောလိုက်သတဲ့..။ အမေအိုက “ဘာစားစရာမှ မရှိပါဘူးကွယ်.။အမေတောင်..နေအိမ်အကျယ်ချုပ်မှာ..ကုလားထိုင်တွေ ရောင်းစား…….”

ကလေး(၆)။ ။ ဟာ..ဂျီးဒေါ်..ဘယ်က နေအိမ်အကျယ်ချုပ်တွေ ပါလာရတာလဲ..။ ပုံပြောရင်း အိပ်ငိုက်များ သွားသလား..။

 အေး ဟုတ်ပါရဲ့ ။မှားလို့ ..။ ငါတောင် လက်ကျန် အာလူးအပုတ်ကလေးတလုံးရှိတာ..။ မကောင်းတာလေး ဖယ်ပြီး ရှိတဲ့တခြမ်းကို မီးဖုတ်စားထားရတာကွဲ့..။ ဆီတောင် မဆမ်းရပါဘူးကွယ်.. လို့ ပြန်ပြောလိုက်သတဲ့..။ အဲဒီအချိန်မှာ အမေအိုက လူစိမ်းကို သံသယနဲ့ သတိထားဆက်ဆံနေရချိန်ကိုး ။ ဒီလိုပဲ ပြောရတာပေါ့..။

အဲဒါနဲ့ လူစိမ်းက မီးလှုံရင်း ဟိုဟိုဒီဒီကြည့်တော့ တဲထောင့်တနေရာမှာ အရိုးမပါတဲ့ပုဆိန်အသွားကြီး တစ်ခုကို တွေ့ လိုက်သတဲ့..။ ဥာဏ်များတဲ့..လူစိမ်း က ရုတ်တရက် ဥာဏ်နီဥာဏ်နက်တွေ ထွက်ပြီး “ဟာ..ပုဆိန်သွားကြီး ရှိတာပဲ..။ ဒါဆို ပုဆိန်ဆွတ်ပြုတ်..လုပ်သောက်လို့ ရတယ်..။ အမေရယ်..အမေရော ဗိုက်ဆာနေတာမဟုတ်လား..။ အတော်ပဲ ကျနော် ပုဆိန်ဆွတ်ပြုတ် ကောင်းကောင်းပြုတ်တတ်ပါတယ်..။ ဒန်အိုးတလုံးသာ ပေးပါ” လို့ ပြောလိုက်သတဲ့..။

 တချိန်လုံး သတိထားနေတဲ့ အမေအိုက.. “ဟယ်..ကြံကြံဖန်ဖန်ကွယ်.။ ပုဆိန်စွပ်ပြုတ်ရယ်လို့…မကြားဖူးပါဘူး..”လို့ ဆိုတော့ လူစိမ်းက.. “ဒန်အိုးလေး ရှိရင်သာ…ပေးပါအမေ..။ ကျနော်တို့ စစ်မြေပြင်မှာဆို.. တခါတခါ စားစရာမရှိရင်..ဒီိလိုပဲ ကျည်ဆန်စွပ်ပြုတ်တို့ လှံစွပ်စွပ်ပြုတ်တို့ ပြုတ်သောက်ရတယ်..ဗျ”လို့ ပြောသတဲ့..။

 ကလေး(၇)။ ။ ဟာ..လူစိမ်းက စစ်သားလား..။ ဖီးမာရှယ်ကြီးများလား..။ စီနီယာဂျင်နရယ်ကြီးထင်တယ်။ ခိခိ။

ကလေး(၈)။ ။ ဟေ့ကောင်..ဂျီးဒေါ်ပုံပြင်မေ့သွားမယ်..။ငြိမ်ငြိမ်နားထောင်..။ ပြီးမှ ဆွေးနွေး..ကြမယ်..။

 အမေအိုက. “.ကြံကြံဖန်ဖန်ကွယ်.. ကျည်ဆံစွပ်ပြုတ်တို့ လှံစွပ်စွပ်ပြုတ်တို့ရယ်လို့..။ ဘယ်လိုလုပ်.. နူးမယ့် နပ်မယ့် အရာတွေလဲ..။ အရသာလည်း မရှိနိုင်..။ မဖြစ်နိုင်တာတွေ လာမပြောပါနဲ့ကွာ..”လို့ ခပ်တင်းတင်းပြောလိုက်သတဲ့..။

လူစိမ်းကတော့ “အမေမယုံရင်တော့ မတတ်နိုင်ပါဘူးခင်ဗျာ..။ ကမ္ဘာမှာ..ဒီလို စွပ်ပြုတ်တွေ ခေတ်စားနေတာ..အမေ မသိတာ အပြစ်မဟုတ်ပါဘူးလေ…။ အမေက တဲထဲက ဘယ်မှမထွက်ရပဲ..အကျယ်ချုပ်ကျသလို နေနေရတာကိုး.” လို့ အတည်ပေါက်ကြီး ပြန်ပြောလိုက်သတဲ့..။

 လူစိမ်းက ကမ္ဘာနဲ့ ချီပြောလိုက်တော့..အမေအို စိတ်ထဲမှာ နည်းနည်းတော့ စိတ်ဝင်စားသွားတယ်..။ ဟုတ်များ..ဟုတ်နေမလား..။ငါ က ရွာထဲတင် နေနေရတာ ကြာပြီ ။ ပြင်ပ ကမ္ဘာကြီးဆိုတာမှာ အပြောင်းအလည်းတွေ အဆန်းတကြယ်တွေ တကယ်များ ဖြစ်နေလေသလား.လို့ တွေးရင်း.. “ကဲ..ဟိုဘက်က ကြပ်ခိုးစင်အောက်မှာ ဒန်အိုးတလုံး ရှိတယ်..။သွားယူချေ ” လို့ ပြောလိုက်သတဲ့..။

ကလေး ( ၉ )။ ။ ဟာ..အမေကြီးတော့ ဂျင်းထည့်ခံရတော့မယ်..ဟေ့။

 ဒါနဲ့လူစိမ်းက ၀မ်းသာအားရနဲ့ ကြပ်ခိုးစင်အောက်က ဒန်အိုးကို ခပ်သွက်သွက်သွားယူလိုက်သတဲ့..။ စိတ်ထဲမှာလည်း အမေအိုကြီးကိုတော့ သံသယတွေ ချေဖျက်နိုင်စပြုပြီလို့တွေးလိုက်သတဲ့..။ ပြီးတော့ သံချေးအထပ်ထပ်တက်နေတဲ့ ပုဆိန်အသွားကြီးကို ရှိတဲ့ရေကလေးနဲ့ပဲ နည်းနည်းဆေးကြောသုတ်သင်ပြီး ရေနည်းနည်းနဲ့အတူ ဒန်အိုးထဲထည့်လိုက်သတဲ့ ။ သူတို့ မီးလှုံနေတဲ့ မီးပုံကလေးဘေးမှာ တွေ့ တဲ့ အုတ်ခဲ တွေကို ဖိုခနောက်ဆိုင်တည်ပြီး မီးဖိုကလေးတစ်ခု လုပ်လိုက်ပြီး ရေနဲ့ပုဆိန်သွားထည့်ထားတဲ့ ဒန်အိုးကို မီးဖိုပေါ်တင် ပြုတ်လိုက်သတဲ့..။

 သူလုပ်သမျှ မမှိတ်မသုန်စောင့်ကြည့်နေတဲ့ အမေအိုကိုကြည့်ရင်း..ဒါ..ယုံကြည်မှုတည်ဆောက်နေတာပဲ လို့ လူစိမ်းက စိတ်ထဲမှာတွေးရင်း ကြိတ်ပြုံးနေသတဲ့..။

ကလေး (၁၀ )။ ။လိမ်လည်မှု တည်ဆောက်နေတာပါဗျာ..။

 အတော်ကြာတော့…မီးဖိုပေါ်က ဒန်အိုးထဲမှာ ရေတွေ တပွက်ပွက်ဆူလာသတဲ့..။ ပုဆိန်အသွားကြီးကလည်းတပွက်ပွက်ဆူနေတဲ့ ရေတွေနဲ့ အတူ..တခွပ်ခွပ် အသံပေးနေသတဲ့..။

ကလေး(၁၁)။ ။ အတော်ကြာတယ်ဆိုတာ…ညောင်နှစ်ပင်ညီလာခံလို..ဆယ့်လေးငါးနှစ်များလား..ဂျီးဒေါ်။ အင်းလေ..ပုဆိန်ကို ပြုတ်ရတယ်ဆိုတော့ အဲဒီလောက်ကြာချင်လည်းကြာမှာပေါ့နော်..ဟိဟိ.။

 လူစိမ်းက “အမေ..ဇွန်းကလေး..တချောင်းလောက်ပေးပါဦး” လို့ ပြောတော့..အမေအိုက သူ့ဘေးနားက ပန်းကန်စင်ကနေ ဇွန်းတချောင်းကို ခပ်သွက်သွက်ယူပေးလိုက်သတဲ့..။ သူ့ခမျာ..မယုံမကြည်နဲ့စောင့်နေရတာ ကြာပြီမဟုတ်လား..။ လူစိမ်းက..ယုံကြည်မှုတည်ဆောက်ခြင်း(၁)အဆင့်တော့ အောင်မြင်ပြီ..လို့ စိတ်ထဲက တွေးရင်း တဆက်တည်းဒန်းအိုးထဲကို ဇွန်းနဲ့ မွှေလိုက်..တရှူးရှူး ခပ်မြည်းပြလိုက်နဲ့ ဟန်ရေးပြနေတာပေါ့ ။

“အမေရေ..ပုဆိန်အရသာတော့ ရပြီဗျ..။ ဆားကလေး နည်းနည်း ပါရင်..ကောင်းမှာဗျာ..။ ဆားမပါတဲ့ ဟင်း..ဆိုတာ အရသာပေါ့ပျက်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်လား..”လို့ ဆိုလိုက်တော့ “ကြပ်ခိုးစင် ဒုတိယထပ်မှာ ဆားအိုးရှိတယ်”လို့ အမေအိုက ခပ်သွက်သွက်ပြန်ဖြေလိုက်သတဲ့..။ ဒါနဲ့ လူစိမ်းက ယုံကြည်မှုတည်ဆောက်ခြင်းအဆင့်(၂) လို့..စိတ်ထဲက တွေးရင်း.. ဆားအိုးရှိတဲ့ ကြပ်ခိုးစင်ဆီ ခပ်သွက်သွက်သွားပြီး ဆားအနည်းငယ်ယူလာသတဲ့..။

စွပ်ပြုတ်အိုးထဲ ဆားနည်း နည်းထည့်ပြီး..ခပ်မြည်းရင်း.. “ဟင်းရည်ကလေး နည်းနည်းကျဲနေသေးတာပဲ..။အမေ ဟင်းရည်လေး ပျစ်သွားအောင်..ဆကွဲလေး..ဘာလေး တစ်ဆုပ်လောက်မရှိဘူးလား”လို့ မေးလိုက်သတဲ့..။ လူစိမ်းလုပ်ကိုင်နေတာတွေကို စောင့်ကြည့်နေတဲ့ အမေအိုက သံသယတွေနဲ့ကြည့်နေရာက ရုတ်တရက် ရင်ကြားစေ့ရေးပေါ်လစီပြောင်းပြီး “ဆကွဲထက်..ဆန်လေးတဆုပ်လောက် ထည့်လိုက်ပါလား..။ ပိုပျစ်သွားမှာပေါ့..။ ဟိုကြပ်ခိုးစင်ဒေါင့်မှာ ချိတ်ထားတဲ့..အိတ်ကလေးထဲမှာ..ဆန်ကလေး တဆုပ်လောက်တော့ ကျန်သေးတယ်” လို့ ပြောလိုက်သတဲ့။ တကယ်တော့..ကြပ်ခိုးစင်နားမှာ..ဒန်အိုးယူလိုက်..ဆားယူလိုက် လုပ်နေကတည်းက စင်ဒေါင့်မှာချိတ်ထားတဲ့ ဆန်အိတ်ကလေးရော..ကြပ်ခိုးစင်အလယ်ထပ်က အသားကြပ်တိုက်ထည့်ထားတဲ့ အထုတ်ကလေးကိုရော.. လူစိမ်းက မြင်ပြီးသားမဟုတ်လား..။

 သူ့စိတ်ထဲမှာယုံကြည်မှုတည်ဆောက်ခြင်းအဆင့်( ၃ ) လို့ ကြိတ်ပြောရင်း..ဆန်လေး လက်တဆုပ် ကို ယူပြီး စွပ်ပြုတ်အိုးထဲထည့်လိုက်သတဲ့..။ ပြီးတော့ အောက်က မီးဖိုကို မီးကလေးနည်းနည်း ပင့်လိုက်တော့ စွပ်ပြုတ်အိုးက အငွေ့တထောင်းထောင်းနဲ့ ပွက်လာတာပေါ့လေ.။ အထဲက ပုဆိန်အသွားကြီးကလည်း ရေပွက် တဲ့ အရှိန်အတိုင်း တခွပ်ခွပ် အသံပေးလာပြန်သတဲ့..။ ဆန်ကလေးနည်းနည်း ထည့်ထားတော့ ဆန်ပြုတ်နံ့ ကလည်း..မွှေးလာတော့တာပေါ့..။

ဒီအချိန်မှာ..ညဉ့်နက်လာတော့ ... တဲအပြင်ဘက်က လေအေးတွေကလည်း တဲထဲကို တသိမ့်သိမ့် လှိမ့်တိုက်လာသတဲ့..။ မေးချင်းရိုက်အောင် အေးလာတာမို့  အမေအိုကြီးခမျာလည်း ပုဆိန်စွပ်ပြုတ်လို့ ပြောတဲ့ စွပ်ပြုတ်မွှေးမွှေးကလေးကိုတော့ တော်တော်သောက်ချင်လာသတဲ့..။ ခုချိန်စွပ်ပြုတ်ပူပူကလေးသောက်ရရင် နေပျော်မှာပဲ..။ ငါ ဘာလို့ အစက ဒီလို စိတ်ကူးမရှိရတာပါလိမ့်။ အအေးထဲမှာ..ပေတေပြီး..ငုတ်တုတ်ထိုင်နေမိတဲ့ အချိန်တွေကို နှမျောလိုက်တာလို့ တွေးရင်း သွားရေတချက် တောင် မျိုချလိုက်မိသတဲ့။

 လူလည်..လူပါး..လူစိမ်းက…ဒါကို မြင်တော့.. “ဟား..ပုဆိန်စွပ်ပြုတ်ကတော့ အတော်မွှေးလာပြီ အမေရေ..။ တစ်ခုပဲ လိုတယ်..။အသွေးအသား ဓါတ်ကလေး ပါရင်..အရမ်းကို ပြည့်စုံသွားမှာဗျ။ ခက်တာက အမေ့တဲထဲမှာလည်း အသွေးအသားဓါတ်ပါတဲ့ စားစရာက မရှိဘူး..။ ကဲဗျာ..ကျနော် အပြင်မှာ မြေကြီးခဲကလေးဘာလေး သွားကောက်လိုက်ဦးမယ်..။ မြေကြီးဆိုတာ..လူတွေ တိရိစ္ဆာန်တွေ သေရင် မြှုပ်နှံရတဲ့နေရာမဟုတ်လား..။ သူ့လောက် အသွေးအသားဓါတ် ကြွယ်ဝတာ ဘယ်ရှိမလဲ..။ ကျနော်တို့ ရှေ့ တန်းစစ်မြေပြင်မှာ လှံစွပ်စွပ်ပြုတ်တို့ဘာတို့ ပြုတ်ရင် အသားမရှိ တော့ ဒီလိုပဲ လုပ်ရတာ” လို့ ပြောပြီး တဲပြင်ကို ထွက်တော့မယ်ဟန်ပြင်လိုက်သတဲ့..။

 ဒီမှာပဲ..အမေအိုက ပျာပျာသလဲနဲ့.. “ အသွေးအသားဓါတ်အတွက်နဲ့တော့ မြေကြီးခဲတွေ မထည့်ပါနဲ့ကွယ်..။ သဲတရှပ်ရှပ်ဖြစ်နေပါမယ်..။ သွားသွား..ကြပ်ခိုးစင် အလယ်ထပ်မှာ ယုံသားကြပ်တိုက်ကလေး တခြမ်းကျန်နေသေးတယ်..။ သွားယူချေ..” လို့ ပြောလိုက်သတဲ့..။  “ဟာ..ယုန်သားဆို.. သိပ်ချိုပေါ့ဗျာ..” လို့ လူစိမ်းက ပြောရင်း..ကြပ်ခိုးစင်က ယုန်သားကြပ်တိုက်ကို ခပ်သွက်သွက်ယူပြီး…ပုဆိန်စွပ်ပြုတ်အိုးထဲကို ဖဲ့ရွဲ့ ထည့်လိုက်သတဲ့.။ ပြီးတော့စွပ်ပြုပ်အိုးကို မွှေလိုက်ရင်း.. “အမေရေ..သိပ်ကောင်းတဲ့ ပုဆိန်စွပ်ပြုတ်တော့ ရပြီ..ဗျို့ ..။ ကဲကဲ..ထည့်သောက်ဖို့ ..ပန်းကန်လေး ခွက်ကလေး ပေးဗျာ” လို့ ပြောလိုက်သတဲ့..။

အမေအိုကလည်း သူ့အနားက ပန်းကန်စင်ကနေ…ပန်းကန်ခွက်ယောက် ကလေးတွေကို ခပ်မြန်မြန်ယူပေးလိုက်သတဲ့..။ လူစိမ်းခပ်ထည့်ပေးတဲ့ ပုဆိန်စွပ်ပြုတ်ကို သောက်ခါနီးမှာ..အမေအိုက တချက်တော့ တွေသွားသေးသတဲ့..။ ဟုတ်ကောဟုတ်ရဲ့ လားပေါ့လေ..။ ဒါပေမဲ့..တဲအပြင်က တိုက်လာတဲ့ လေအေးတွေ က..သူ့ကို ပုဆိန်စွပ်ပြုတ်အမြန်သောက်ဖို့ လှုံဆော်နေတာကိုး..။ လေအေးတွေကြောင့် သူရော..လူစိမ်းပါ ခိုက် ခိုက်တုန်နေပြီမဟုတ်လား..။

ဒါနဲ့..ဆန်နဲ့ယုန်သားကြပ်တိုက်ရောပြုတ်ထားတဲ့ ပုဆိန်စွပ်ပြုတ်ကို အမေအိုနဲ့ လူစိမ်းတို့ အတူတူ မြိန်ရည်ယှက်ရည်သောက်ကြတော့တယ်တဲ့။ ကဲ..ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။ မယုံရင် ပုံပြင်လို့ မှတ်ပါဘိ..။ကလေးတို့ ပုံပြင်ကနေ ရတဲ့ အတွေးတွေ..ကလေးတို့ဆက်ပြောချင်တာတွေ ပြောကြပေတော့..။

 ကလေး ( ၁၁ )။ ။ကျနော်က ပုံပြင်ကို ဒီလိုဆက် ဖြည့်ချင်တယ်..။ လူစိမ်းကအမယ်အိုနဲ့အတူ.. ပုဆိန်စွပ်ပြုတ်ပူပူကလေးကို သောက်ရင်း သူ့ရဲ့ ..လိမ်ညာမှုတည်ဆောက်ခြင်းမဟာဗျူဟာ အောင်မြင်ပြီကွ..လို့ တွေးတယ်တဲ့..။

ကလေး( ၁၂ )။ ။ငါက.. ဒီလို ဆက်ဖြည့်မယ်..။ “စွပ်ပြုတ်ပူပူကလေး ၀င်သွားတော့မှ…အချမ်းလေးပြေသွားတဲ့.. အမေအိုက..သူဝတ်ထားတဲ့ အပေါ်ထပ်င်္ကျီကလေးရဲ့  ရင်ကြား၂ခုကို လက်ကလေးနဲ့ဆွဲစေ့ရင်း ပုဆိန်စွပ်ပြုတ်ဆိုတာ မယုံကြည်နိုင်အောင်ကို ကောင်းတဲ့စွပ်ပြုတ်ပါလားလို့ တွေးရင်း ဆက်သောက်သတဲ့ ။ ဒါပေမယ့် စွပ်ပြုတ်ကုန်ခါနီးလေ..အောက်ခြေက ပုဆိန်သွား သံချေးစတွေကို ..တဂျစ်ဂျစ်နဲ့ ကိုက်မိလာ သတဲ့..။ တချို့ သံစတွေဟာ..ပူလွန်းတော့..အမေအိုခမျာ..လျှာကျွတ်ကျမတတ် ပူလောင်သွားလို့ ပြောစရာရှိတဲ့စကားတွေတောင် မပြောနိုင်တော့ဘူးတဲ့ ။ ဒါပေမယ့် သောက်လက်စ ဖြစ်နေလို့ အောင့်အီးသည်းခံပြီး မျက်စိမှိတ်သောက်နေရသတဲ့..။

ကလေး(၁၃)။ ။ ငါသာဆို..အဲဒီစွပ်ပြုတ် မသောက်ဘူးကွာ..။ သွန်ပြစ်လိုက်မယ်..။လူစိမ်း စစ်သား လူလည်ကျ တာ ခံရတယ်လို့ကွာ။

 ကလေး( ၁၄)။ ။ ငါက ပုံပြင်ကို ဒီလိုဖြည့်ဦးမယ်..။ “လူစိမ်းကတော့..သူ့ထုံးစံအတိုင်း ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတဲ့ လေသံနဲ့ပြောသတဲ့။ တနိုင်ငံလုံးက လူတွေကို ဒီပုဆိန်စွပ်ပြုတ်တိုက်ပြီး ကောင်းမကောင်း ဆန္ဒခံယူပွဲ လုပ်ရင်တောင် ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံကြမှာဗျ..။ သေပြီးသားသူတွေပါ..ထောက်ခံတဲ့ စွပ်ပြုတ်ဆိုပြီးတောင် ကမ္ဘာကျော်ဦးမှာ”တဲ့..။”

ကလေး(၁၅)။ ။ငါကတော့ ဒီပုံပြင်ကို ပုဆိန်စွပ်ပြုတ်လို့ နာမည်မပေးချင်ပါဘူးကွာ ။ ဂျင်းစွပ်ပြုတ်လို့ပဲ နာမည်ပေးဖို့ ကောင်းနေပါပြီကွာ..။ လူစိမ်းစစ်သား လူလည်လုပ်ပြီး ဂျင်းထည့်ထားတဲ့ ဂျင်းစွပ်ပြုတ်ကို မျက်စိမှိတ်သောက်နေရတဲ့ အမေအိုကြီးခမျာ..သနားစရာ ကောင်းလှပါပြီ ။ ပုံပြင် အဆုံးသတ်ကို ကောင်းကောင်းလေးသတ်ချင်တယ်..။ ငါတို့ အမေအိုကြီး ဘက်က ရပ်ကြစို့ ။ ၀ီ..စတန်း…၀စ်သ်ယူ..အမေအိုလို့ ပြိုင်တူ အော်ရင်း အဆုံးသတ်ရကောင်းမလား..။

ကလေး(၁၆)။ ။ဝီစတန်းဝစ်သ်ယူ…အမေအိုလို့ အော်ပြီး ဂျင်းစွပ်ပြုတ်တော့ ကူမသောက်ချင်ပါဘူးကွာ။ ငါတို့ပါ ၀မ်းကျပြီး အကုန် မျိုးပြုတ်ကုန်ပါမယ် ။ဂျင်းစွပ်ပြုတ်အိုးကို သာ ကျွမ်းထိုးမှောက်ခုံကျ သွားအောင် တအားကျုံး ကန်ပစ်ချင်တော့တာ ပါပဲကွာ ။

Comments