ရန်ကုန်ဆေးရုံကြီးအတွက် လှူဒါန်းမည့် ကင်ဆာလူနာထိုင်ခုံများ ဆိပ်ကမ်းမှာ ကြန့်ကြာနေ

ရန်ကုန်ဆေးရုံကြီးက ကင်ဆာဝေဒနာရှင်များ ဆေးသွင်းနေစဉ် ထိုင်ခုံများ တွေ့ရစဉ်


ရန်ကုန်ဆေးရုံကြီးအတွက် လှူဒါန်းမည့် ကင်ဆာလူနာထိုင်ခုံများ ဆိပ်ကမ်းမှာ ကြန့်ကြာနေ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇

ရန်ကုန်ဆေးရုံကြီးမှာ ကင်ဆာဝေဒနာသည် လူနာများ ဆေးသွင်းရာတွင် သက်တောင့်သက်သာရှိစေမည့် လူနာထိုင်ခုံများကို လှူဒါန်းရန် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများနဲ့ အလှူရှင်များက စီစဉ်ခဲ့ကြပါတယ်။ စင်ကာပူနိုင်ငံကနေ မှာယူပြီးနောက် ရန်ကုန်ဆိပ်ကမ်းကနေ တင်သွင်းရာမှာ ကြန့်ကြာမှု ဖြစ်နေတယ်လို့ သိရပါတယ်။ 

ကနဦးစုံစမ်းချက်များအရ ဆေးရုံသုံးပစ္စည်းအဖြစ် အကောက်ခွန်ကင်းလွတ်ခွင့် လျောက်ထားနိုင်ပေမယ့် အချိန်တွေ ကြန့်ကြာမှာစိုးလို့  ကင်းလွတ်ခွင့်မပါဘဲ ဆေးရုံသုံးအဖြစ် အကောက်ခွန် ၁.၅% သွင်းပြီး ထုတ်ယူလှူဒါန်းဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက လက်မခံဘဲ လူနာထိုင်ခုံတွေကို ပရိဘောဂအဖြစ် သတ်မှတ်ပြီး အခွန် ၁၅% ကောက်မယ်လို့ ဆိုလာပါတယ်။ ရန်ကုန်ဆေးရုံကြီး က ထောက်ခံချက်၊ တင်သွင်းပေးတဲ့ ကုမ္မဏီရဲ့ တင်ပြချက်တွေကို အဆင့်ဆင့် တင်ပြပြီး ဖြေရှင်းတဲ့အခါမှာတော့ ၁.၅% ကို အကောက်ခွန်က ပြန်လည်လက်ခံလိုက်ပါတယ်။ ဌာနဆိုင်ရာက အွန်လိုင်းစနစ်မှာ ဖြည့်စွက်တဲ့အခါမှာတော့ အဆိုပါပစ္စည်းအတွက် လိုင်စင်နံပါတ် မပါရှိလို့ စနစ်က လက်မခံဘူးလို့ ဖြစ်လာပါတယ်။ သောကြာနေ ဖြစ်နေတဲ့အတွက် အလှူရှင်တွေက တနလာင်္နေ့ကျမှ လိုအပ်တယ်ဆိုတဲ့ လိုင်စင်ဆိုတာ ပြန်လျှောက်ကြရဦးမယ်လို့ သိရပါတယ်။


လှူဒါန်းမယ့် လူနာထိုင်ခုံ၊ (ဆိပ်ကမ်းအကောက်ခွန်က သာမန်ပရိဘောဂအဖြစ်လို့ သတ်မှတ်)
 
လွန်ခဲ့တဲ့ ၄လကျော်ကတည်းက အလှူရှင်တွေထံက ၀ိုင်းဝန်းအလှူခံ၊ စင်ကာပူနိုင်ငံကနေ ကင်ဆာလူနာများအတွက် အဆင်ပြေစေမယ့် လူနာထိုင်ခုံကို သီးသန့် မှာယူပြီး ရန်ကုန်ဆေးရုံကြီးက ကင်ဆာလူနာများ သက်တောင့်သက်သာအမြန်ဖြစ်စေရေးအတွက် စေတနာရှင်များ ၀ိုင်းဝန်းကြိုးပမ်းမှုဟာ ရန်ကုန်ဆိပ်ကမ်းက အကောက်ခွန်ဌာနမှာ လုပ်ထုံးလုပ်နည်းတွေကြောင့် ကြန့်ကြာနေတဲ့အကြောင်း သတင်းပို့လိုက်ပါတယ်။ 

အဲသည်လိုမျိုးပဲ မြန်မာဆရာဝန်များရဲ့ အသင်းအဖွဲ့တခုကလည်း ကျေက်ကပ်ဆေးစက်တွေ ၀ယ်ယူလှူဒါန်းတုန်းက အကောက်ခွန်ကင်းလွတ်ခွင့် လျောက်နေတာနဲ့တင် အချိန်တွေ ကြန့်ကြာခဲ့ရတဲ့အကြောင်း သိရလို့ အတတ်နိုင်ဆုံး သက်သာတဲ့ အခွန်ဆောင်ပြီး အမြန် ပေးပို့နိုင်အောင် ကြိုးစားကြပေမယ့် အခုလို ဖြစ်နေတယ်ဆိုတာကို တင်ပြလိုက်ပါကြောင်း။

Comments