မောင်သော်တာ ● လူထဲက ဝတ္ထု


မောင်သော်တာ ● လူထဲက ဝတ္ထု
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၇

ယင်ကောင်ဖမ်းချင်ရင် ပုန်းရည်ကြီးနဲ့မမျှားနဲ့
ပိုက်ဆံရှာချင်ရင် မြက်တောထဲမရှာနဲ့ဆိုတော့
လူကြားထဲမှာရှာရတယ်ဆိုလို့
လူကြားထဲအတင်းဖြဲရဲပြီးဝင်ရတာပေါ့လေ
လူကြားထဲရောက်တော့
ရေမွှေးနံ့နဲ့ ချွေးနံ့တွေရတယ်
လူကြားထဲဝင်ပုန်းနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရတယ်
လူကြားထဲရှာရင်းနဲ့ ကြာလာတော့ လူလူသူသူဖြစ်မလားထင်မိတာနဲ့
လူလိုသူလိုပိုက်ဆံကို ငမ်းငမ်းတက်ရတာနဲ့
လူလိုစဉ်းစားတွေးခေါ်တာနဲ့
လူလိုရေးသားပြောဆိုတာနဲ့
လူလိုရက်စက်ယုတ်မာတာနဲ့
လူဟာနတ်ဒေဝတာမဟုတ်ဘူးမဟုတ်လား
သူ့မှာလည်း ပါးစပ်ပါတော့ စားမှာပေါ့မဟုတ်လား
ပါးစပ်ပါတာ အရေးလား
အစွယ်မပေါက်ဖို့ အစွယ်ကိုချိုးရမယ်မဟုတ်လား
အလုပ်လုပ်ဖို့ လက်တွေလိုတယ်မဟုတ်လား
အလုပ်လက်မဲ့ဘဝတွေရှိတာ ဘယ်လိုလုပ်မလဲ
လူတွေကိုခိုင်းစေလို့မဖြစ်တဲ့နေရာဆိုတာလည်းရှိတော့
တိရစ္ဆာန်တွေနဲ့ အစားထိုးရမယ်
ဖားလေးတွေကိုရင်ခွဲကြည့်ရမယ်
ကြွက်တွေရဲ့ခန္ဓာကိုယ်ထဲရောဂါပိုးတွေ ထိုးသွင်းကြည့်ရမယ်
စက်ရုပ်တွေ
ခံစားချက်ဖော်ပြတဲ့စီလီကွန်အရုပ်တွေ
အဆာသွပ်ပေါင်မုန့်တချပ်လို အစားထိုးထားတဲ့အစာတွေကိုလည်း
လူကြားထဲရှာတွေ့လာခဲ့ပြီ
လူမဆန်တဲ့လူတွေလည်း လူကြားထဲမှာရှာလို့တွေ့ရ
တချို့က နတ်ဒေဝတာတွေလို
တချို့က လူ့ငရဲသားတွေလို
အကောင်ကြီးကြီး အမြီးရှည်ရှည်
လူလိုသူလို
လူအဖြစ်ရှင်သန်ဖို့ ကျွန်တွေလိုနွံနစ်နေတာတွေ
ပေးစရာလည်းငွေမရှိ
ပြေးစရာလည်းမြေမရှိတဲ့လူတွေ
ငွေစိန်လိုလှေလှော်ရင်း တက်ကျိုးနေတဲ့လူတွေ
တရွာမပြောင်းသူကောင်းမဖြစ်တဲ့လူတွေ
သေချင်တဲ့ကျားတောပြောင်းတဲ့လူတွေ
ကိုယ်မချိ အမိတော်လည်း သားတော်ခဲတဲ့လူတွေ
လူမိုက်နဲ့ငွေ အတူမနေဆိုတော့
ဒီတိုင်းပြည်မှာ လူမိုက်တွေချည်းပဲ နေနေသလိုလို
ဒီလူတွေ အသက်ရှည်နေသ၍ ငွေရှာလို့လွယ်ပါ့မလား
သူလို ငါလိုဘဝတွေထဲ
ငွေကလွဲလို့
ရှာရှာ မရှာရှာ
အလွယ်တကူရနိုင်တာက
လူလို သူလို အသက်ရှင်သန်ချင်နေတဲ့ဘဝတွေနဲ့
လူလို သူလို သေဆုံးခွင့်ရချင်နေတဲ့အသက်တွေပဲ
ရှင်နေတာလား သေနေတာလားတော့ မကွဲပြားဘူး။

မောင်သော်တာ

Comments