ဂျော်ဒီး ● ပုဂံညှပ်ကြီး ပျက်စီးရခြင်းအကြောင်း

ဂျော်ဒီး ● ပုဂံညှပ်ကြီး ပျက်စီးရခြင်းအကြောင်း
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၇

ဂျီးဒေါ်။ ။လာကြဟေ့ ကလေးတို့။ ဒီတခါ ပုဂံညှပ်ကြီးပျက်စီးရတဲ့ ပုံပြင်လေးပြောပြမယ်။

ကလေးများ။ ။ပုဂံညှပ်ကြီး ဘယ်လိုပျက်စီးတာပါလိမ့် ပြောပြပါ။

ဂျီးဒေါ်။ ။ဟိုရှေးရှေးတုန်းကတဲ့။ ပုဂံမှာတည်ထားတဲ့ ဘုရားတွေထဲက ဘုရားတစ်ဆူမှာ ညှပ်ကြီးတစ်ခုရှိသတဲ့ ။ ဒီညှပ်ကြီးက
အမှန်အမှားတရားစီရင်ပေးတဲ့ ညှပ်ကြီးတဲ့။

အမှုအခင်းတွေကိုစီရင်ရတဲ့ တရားသူကြီးတွေဟာ အမှုသည်တွေကို ပုဂံညှပ်ကြီးဆီခေါ်လာတယ်။ အမှုသည်တွေဟာ ညှပ်ကြီးထဲမှာ လက်နှစ်ဘက်စလုံးကိုထည့်ပြီးထွက်ဆိုချက်အမှန်တွေကို ထွက်ဆိုရသတဲ့။တယောက်ယောက်ကများညှပ်ကြီးထဲမှာ လက်နှစ်ဘက်ထည့်ပြီး လိမ်ပြောလိုက်မိရင် အဲဒီလူရဲ့လက်နှစ်ဘက်ကို ညှပ်ကြီးက မလွှတ်တမ်းညှပ်ထားလိုက်တော့တာပဲတဲ့။ ဘယ်သူ့ကိုမှမျက်နှာမလိုက်တမ်းပဲတဲ့..။ ဒါဆို တရားသူကြီးက ဘယ်အမှုသည်ဟာအမှန်ထွက်ဆိုတယ်ဘယ်အမှုသည်ဟာ အမှားထွက်ဆိုတယ် ဆိုတာ သိနိုင်ပြီး အမှုကိုမှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်သတဲ့။ ပုဂံညှပ်ကြီးရဲ့မှန်ကန်တဲ့စစ် ဆေးနိုင်မှုကြောင့် လူတွေဟာလိမ်လည်ပြောဆိုတာတွေ မဟုတ်မတရားလုပ်တာတွေ လျော့ပါးလာသတဲ့။

တနေ့တော့…ကုန်သည်တစ်ယောက်ဟာ ခရီးတစ်ခုထွက်ဖို့ရှိတော့ သူ့ရဲ့ရွှေတွေကိုစိတ်ချရတဲ့သူဆီမှာ အပ်ထားခဲ့ချင်တယ်။ဘုန်းကြီးကျောင်းကဘုန်းကြီးကတော့ ရွှေငွေပစ္စည်းဥစ္စာတွေ အပ်လိုမသင့်တော်ဘူး..။ ဒီတော့ ဘုန်းကြီးရဲ့ပစ္စည်းဥစ္စာ တွေ ကိုတောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ကပ္ပိယဖိုးသူတော်ကြီးဆီပဲအပ်ခဲ့မှလို့ တွေးပြီး ကပ္ပိယဖိုးသူတော်ကြီးဆီမှာသူ့ရွှေတွေကို အပ်ခဲ့သတဲ့။ကုန်သည် ခရီးထွက်သွားတော့ ဖိုးသူတော်ကြီးဟာကုန်သည်ရဲ့ ရွှေတွေကို အပိုင်စီးချင်တဲ့ မကောင်းစိတ်တွေဝင်လာပြီး မကောင်းတဲ့အကြံတွေထုတ်တော့တာပေါ့ကွယ်။

ဒါနဲ့ အခေါင်းပါတဲ့တဖက်ပိတ်ဝါးတချောင်းကို ခုတ်ပြီးတောင်ဝှေးလုပ်သတဲ့..။ပြီးတော့ ကုန်သည်အပ်ထားတဲ့ ရွှေတွေကို မီးနဲ့အရည်ကျိုပြီးတောင်ဝှေးလုပ်ထားတဲ့ ၀ါးဆစ်ထဲကိုလောင်းထည့်ထားလိုက်သတဲ့။ ပြီးတာနဲ့ဝါးတောင်ဝှေးရဲ့ ပွင့်နေတဲ့ ဘက်ကို ပျားဖယောင်းနဲ့ သေသေချာချာပိတ်ထားလိုက်သတဲ့..။အကုန်စီရင် ပြီးတာနဲ့ တောင်ဝှေးကိုသူနဲ့မကွာအောင် အမြဲဆောင်ထားသတဲ့။

ကုန်သည်ဟာ ခရီးသွားရာကနေ ပြန်လာတော့ ဖိုးသူတော်ဆီသွားပြီး သူ့ရွှေတွေပြန်ပေးဖို့တောင်းသတဲ့။ အဲဒီမှာပဲ ကောက်ကျစ်တဲ့ ဖိုးသူတော်က ကုန်သည်ရဲ့ ရွှေတွေ ပြန်ပေးပြီးပြီလို့ဇွတ်လိမ်တော့သတဲ့။ သူခိုးကို ဘဏ္ဍာစိုးခန့်မိတဲ့ကိန်းဆိုက်တာပေါ့လေ..။ကုန်သည်ကလည်း သူမှတကယ်ပြန်မရသေးတော့ ပြန်ပေးဖို့ ပြောရင်း ငြင်းကြခုန်ကြနဲ့ ပေါ့..။

နောက်ဆုံးတော့ ကုန်သည်နဲ့ ဖိုးသူတော်ဟာ တရားသူကြီးရှေ့မှောက်ကိုတရားစီရင်ဆုံးဖြတ်ခံဖို့ရောက်လာသတဲ့။ တရား သူကြီးက သူတို့နှစ်ယောက်စလုံးကိုပုဂံညှပ်ကြီးရှေ့ ကို ခေါ်လာပြီး အမှန်အတိုင်းထွက်ဆိုကြဖို့ပြောသတဲ့။ ကုန်သည်နဲ့ဖိုးသူတော်အမှုကို စိတ်ဝင်စားလို့ လာကြည့်ကြတဲ့ ပရိတ်သတ်တွေကလည်း အများမေ့ကြီးပဲတဲ့..။သူတို့ကလည်း ပုဂံညှပ်ကြီး ဘယ်လိုစီရင်မလဲဆိုတာ သိချင်နေကြသတဲ့။ ကုန်သည်ကတော့ လူအများရှေ့ မှာပဲ သူ့လက်နှစ်ဘက်ကို ညှပ်ကြီးထဲ ရဲရဲထည့်သွင်းရင်း အမှန်အတိုင်း ထွက်ဆိုသတဲ့..။

“ကျွန်ုပ် ခရီးသွားစဉ် ဖိုးသူတော်ဆီမှာ အပ်ခဲ့တဲ့ ရွှေတွေကို ဖိုးသူတော်က လုံးဝပြန်မပေးသေးပါဘူး”လို့ကုန်သည်က အမှန်အတိုင်း ပြောလိုက်တော့ ညှပ်ကြီးက မှန်ရာကို ထွက်ဆိုတာမို့လုံးဝမညှပ်ဘူးတဲ့။ကုန်သည်လည်း သူ့စကားမှန်ကြောင်း ညှပ်ကြီးက သက်သေထူတော့ ၀မ်းသာအားရနဲ့ ဘယ်နှယ့်ရှိစ လို့ ဖိုးသူတော်ဘက်ကို လှမ်းကြည့်သတဲ့။

ဒီတခါ ထွက်ဆိုဖို့ အလှည့်ကျတဲ့ ဖိုးသူတော်ကတော့ အကြံသမားကိုး။ ခပ်တည်တည်ပဲတဲ့ ။သူက အစကတည်းက ပုဂံညှပ်ကြီးကိုပါ လိမ်လည်လှည့်ဖျားဖို့ ကြိုတင် ကြံစည်ထားသူကိုး။ ညှပ်ကြီးဆီမှာအစစ်ခံဖို့ တဒေါက်ဒေါက်နဲ့ ထွက်လာသတဲ့..။ကလေး(၁)။ ။ဖိုးသူတော်ခြေသံကလည်းပြင်းလိုက်တာနော်..။တဒေါက်ဒေါက်နဲ့လား..။စစ်ဖိနပ်သံကျနေတာပဲ..။

ဂျီးဒေါ်။ ။တောင်ဝှေးသံပါကွယ်..။တောင်ဝှေးတဒေါက်ဒေါက်နဲ့ညှပ်ကြီးနားရောက်တော့လက်နှစ်ဘက်ကို ညှပ်ထဲထည့်ကာနီးမှာ သူ့လက်မအားတာမို့ တောင်ဝှေးကိုခဏကိုင်ထားဖို့ပြောရင်း အနားကကုန်သည်ရဲ့ လက်ထဲကို သူ့တောင်ဝှေးကိုကမ်းပေးလိုက်တော့ ကုန်သည်ကလည်း ယူထားလိုက်ရသတဲ့။ပြီးမှညှပ်ကြီးထဲကိုလက်နှစ်ဘက် ထည့်လိုက်ရင်း“ ကုန်သည်ဟာ ခရီးသွားကာနီး ကျွန်ုပ်ကို ရွှေတွေအပ်ခဲ့တာလည်းမှန်ပါတယ်..။ဒီရွှေတွေကို ကုန်သည့်လက်ထဲ ပြန်အပ်ခဲ့တာလည်း မှန်ပါတယ်” လို့ ထွက်ဆိုလိုက်သတဲ့..။ကဲ…ညှပ်ကြီး ဘာလုပ်မယ်ထင်သလဲကလေးတို့”

ကလေး(၂)။ ။တောက်…ဒါ..ဖိုးသူတော် လူလည်ကျတာ..။ကလိန်ကကျစ်လုပ်တာပဲ ရှင့်။ညှပ်ကြီးက ဘယ်လိုလုပ်ညှပ်နိုင်တော့မှာလည်း ရှင့်။ကုန်သည့်လက်ထဲကိုတောင်ဝှေးအပ်ထားတော့ ရွှေတွေ ပြန်ပေးထားသလို ဖြစ်နေပြီလေ။


ဂျီးဒေါ်။ ။ အေးဟုတ်တယ်ကွဲ့ ။ ဖိုးသူတော်ရဲ့  လိမ်လည် ထွက်ဆိုချက်ပေမယ့် လတ်တလောမှာ မငြင်းသာနေတော့ ပုဂံညှပ်ကြီးဟာဘယ်လိုလုပ်ညှပ်နိုင်တော့မလဲ။လှုပ်ကို မလှုပ်နိုင်ဘူးတဲ့ ။အနားက၀ိုင်းကြည့်နေတဲ့ လူတွေကလည်း ပုဂံညှပ်ကြီး ပျက်စီးသွားပြီလားဟေ့..။နှစ်ယောက်စလုံးကို အမှန်ချည့်ဆုံးဖြတ်တာတော့ မဖြစ်နိုင်ဘူးပေါ့။တချို့ ကလည်းစိတ်ဆိုးဆိုးနဲ့ ပုဂံညှပ်ကြီးဖြစ်ပြီး ဘာအသုံးကျလည်း။အမှန်ကိုမပြောရဲဘူး ။

မှန်တဲ့ဘက်က မရပ်တည်ရဲဘူး လို့စွပ်စွဲကြသတဲ့။တချို့ ကများ ပုဂံညှပ်ကြီးအဖြစ် အများအထင်ကြီးလေးစားခဲ့တဲ့ ဂုဏ်ထူးဝိသေသတွေကို ပြန်ရုတ်သိမ်းကြဖို့တောင်အဆိုပြုကြသတဲ့။ပုဂံညှပ်ကြီး ခမျာလည်း မှန်တဲ့ဘက်ကမရပ်တည်နိုင်လို့အတော်ကို စိတ်ဆင်းရဲနေရှာတာပေါ့.။ဖိုးသူတော်လိမ်နေတာကို သူသိပေမယ့်
မပြောပြနိုင်တဲ့အခြေအနေရောက်နေတာကိုး။

ကလေး(၃)။ ။ပုဂံညှပ်ကြီးသနားပါတယ်နော် ။လူတွေကလည်း စွပ်စွဲဖို့ချည့်ပဲ ။သူ့ဘက်ကထောက်ခံသူတွေရော မရှိကြတော့ဘူးလား ။ပုဂံညှပ်ကြီး ပျက်ပျက် မပျက်ပျက် သူ့ဘက်ကထောက်ခံပါတယ်တွေ ဘာတွေအော်ပြီး ထောက်ခံပွဲလေးဘာလေး လုပ်ပေးသင့်တာပေါ့.။

ကလေး(၄)။ ။တကယ်ဆို လူလိမ်ဖိုးသူတော်ရဲ့  လက်ကို ..စကတည်းကကို သူ့ညှပ်ထဲအ၀င်မခံသင့်ဘူး။ပုဂံညှပ်ကြီး ပုဂံညှပ်ကြီးနဲ့ နာမည်တလုံးနဲ့နေလာပြီးဖိုးသူတော် ဂျင်းထည့်တာများ ခံရတယ်လို့ကွာ။

ဂျီးဒေါ်။ ။ဖိုးသူတော်ကတော့ သူနိုင်ပြီဆိုပြီး ကုန်သည့်လက်က တောင်ဝှေးကိုယူပြီးပြန်မယ်လုပ်တော့မှတရားသူကြီးက မသင်္ကာတာနဲ့ ဖိုးသူတော်လက်ထဲက တောင်ဝှေးကိုစစ်ဆေးကြည့်တယ်။ ဒီတော့မှ ဖိုးသူတော်တောင်ဝှေးထဲမှာ ဖွက်ထားတဲ့ ကုန်သည်ရဲ့ရွှေတွေကို သွားတွေ့ သတဲ့။

ကလေး(၅)။ ။တော်ပါသေးရဲ့ နော်။တရားသူကြီး ကယ်ပေလို့..။ပုဂံညှပ်ကြီးတခုတည်းသာ စုပြုံအားကိုး ပြီး မစဉ်းမစားပဲစီရင်ချက်ချရင်…လူလိမ်ကအနိုင်ရသွားဦးမှာ။ပုဂံညှပ်ကြီးလည်း အမှားစီရင်သူအမှန်တရားဘက်က မရပ်တည်သူလို့ သတ်မှတ်ခံရဦးမှာ။

ဂျီးဒေါ်။ ။ဟုတ်တာပေါ့ကွယ်။ဒါနဲ့ ပုံပြင်အဆုံးမှာ ဖိုးသူတော်လည်းအလိမ်ပေါ်သွားလို့ တရားဥပဒေအရ အရေးယူခံလိုက်ရသတဲ့။ကုန်သည်လည်းအမှန်တရားအတိုင်း သူ့ရွှေတွေ ပြန်ရသွားတယ်..။ဝမ်းနည်းဖို့ ကောင်းတာကတော့အမြဲတမ်းမှန်တဲ့ဘက်က ရပ်တည်ခဲ့တဲ့ပုဂံညှပ်ကြီးဟာ သူလုပ်နေကျညှပ်ကြီးနဲ့ညှပ် ညှပ်ပြီး အမှန်တရားအတွက်တရားစီရင်တာမျိုးမလုပ်နိုင်တော့ပဲ ပျက်စီးသွားတော့တယ်တဲ့ကွယ်။

ကလေး( ၆ )။ ။ဝမ်းနည်းဖို့ကောင်းတယ်နော်..။ကျမတော့ ပုဂံညှပ်ကြီးကို အပြီးတိုင်မပျက်စီးစေချင်ပါဘူး..။ပြုပြင်ပြီး ပြန်ကောင်းလာစေချင်တယ် ။

ကလေး( ၇ )။ ။ တကယ်တော့ ပုဂံညှပ်ကြီးကလည်း ဖိုးသူတော်လို အကောက်ကြံသမားတွေ လက်မည်း ကြီးတွေက တလွဲအသုံးချတာမျိုး မခံရအောင် သတိထားရမယ်ကွ..။

ကလေး(၈)။ ။တို့ဆီမှာလည်း အဲဒီလို ညှပ်ကြီး ရှိရင် ကောင်းမှာကွာ ။ဘီဘီစီ၊ဗီအိုအေ၊လိမ်ညာနေသည်ဆိုလား..ပြောနေသံတွေကြားလို့..နိုင်ငံခြားသတင်းဌာနတွေက သတင်းတွေကို မှန်မမှန် ညှပ်ကြီးထဲထည့်ဖွင့်ကြည့်ချင်လိုက်တာ.။

ကလေး(၉)။ ။မြန်မာ့အလင်းတို့ ကြေးမုံတို့ မြ၀တီသတင်းစာတို့လည်း ချန်မထားနဲ့လေ..။သူတို့လည်း အစဉ်အလာရှိတော့ ထည့်စစ်သင့်တယ်ကွ..။ဘယ်သတင်းဌာနတွေများ ညှပ်ကြီးထဲ ဂွပ်ခနဲ အညှပ်ခံနေရမလဲ သိချင်လိုက်တာ..။ခုလို ရခိုင်အရေးမှာ ဘယ်သူတွေက ဘယ်လို လှည့်ဖျားနေတယ်ဆိုတာ ပုဂံညှပ်ကြီးနဲ့ဖော်ထုတ်ကြည့်ချင်လိုက်တာ..။ ။ဂျာနယ်တွေလဲ ထည့်စစ်ကွာ..။ဟို..ဖေ့စ်ဘွတ်မှာ မဟုတ်မမှန် ဖွသတင်းတွေ တင်တဲ့ပြောရေးဆိုခွင့်ရှိသူကြီးဆို ညှပ်ကြီးသာရှိလို့ကတော့ဘယ်ပြောကောင်းမလဲနော်..။ကားခနဲ အညှပ်ခံရမှာ..ကွ ဟိဟိ။

ကလေး(၁၀)။ ။ပုဂံညှပ်ကြီး မပျက်စီးသေးဘူး ဆိုရင်ပေါ့ကွာ။ ညှပ်ကြီးအင်ထုမခံရဖို့ပဲ အရေးကြီးပါတယ်..။

Comments