ကေဇော်မိုး ● မန္တလေးမြို့ပျောက်ဆုံးခြင်း

ကေဇော်မိုး ● မန္တလေးမြို့ပျောက်ဆုံးခြင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၇

သူ့ကျုံးထဲမှာ သူပြန်မိနေတဲ့မြို့
သူ့တောင်တော်ဟာ အထီးတည်းညှို့လို့
အတိတ်လွင်ပြင်ကိုလှမ်းငေး ငိုနေသောမြို့
သူ့နန်းရာဟာ အက်ကွဲမှိုင်းပျလို့
သမိုင်းကြောင်းကို ပြန်မျှော်ခေါ်နေရတဲ့မြို့
သူ့ရာဇဝင်ဟာ ခြစ်ကြောင်းအထပ်ထပ်နဲ့
ယဉ်ကျေးမှုသမိုင်းတင်ရာမြို့
ဦးအောင်ဇေယျာရဲ့ဂုဏ်အင်ကို သွေးညစ်တွေထဲ ခြေဖျောက်အရောင်ဆိုးခံမြို့
ဓလေ့ထုံးတမ်းနဲ့ သိမ်မွေ့သောအရိပ်က
လက်ဖြူလက်မည်း အစိမ်းဖိနပ်တံဆိပ်အောက်မှာ
သူ့ကျုံးရေကို အခါခါပြန်နက်နေတဲ့မြို့
သူ့ကျုံးရေမှာ အခါခါပြန်ရှက်စေတဲ့မြို့
သူ့အရိပ်နဲ့ သူ့သွေးသားကိုထက်ခြမ်းခွဲလို့
အက်ကြောင်းခိုက်ဒဏ်ရာထဲ နက်နက်နေတဲ့မြို့
သူ့စည်းရိုးမှာ သူတာမလုံတော့
သူ့ရင်နှစ်သွေးတွေနဲ့
ရွှေခြေချင်းကို ဝေးကွာအဆက်ဖြတ်စေတဲ့မြို့
မြို့ကောင်သားတွေရဲ့ ချစ်စိတ်ကို စနစ်တွေထဲတူးဖဲ့ရိုက်ချိုးလို့
ကျီးထိုးခြစား သေဆုံးသွားတဲ့မြို့
သမိုင်းရက်မြတ် ရာဇဝင်အထပ်ထပ်က
လျစ်လျူခံစနစ်တွေရဲ့အောက်
ပြတိုက်အိုကြီးလို မှိန်ဖျော့ပိန်လှီသွေးနည်းနေတဲ့မြို့
သိုင်းဆရာဆိုသူတွေရဲ့ အဆီတရွဲရွဲဗိုက်မှာ
မိုနိုပိုလီ ကစားကောင်းနေတဲ့မြို့
မြို့ရင်ကွဲစီးဆင်းသွားတဲ့လမ်းမှာ
အဖြူကောင်တွေလမ်းသလား စော်ကားခံမြို့
သေနတ်တစ်ချက်မဖောက်ပဲ
စနစ်ဆိုးတွေရဲ့ခြေဖဝါးအောက်မှာ
ခြေကုပ်သိမ်းဆည်းခံမြို့
စနစ်တကျသိမ်းယူသွားတဲ့ ထိုးစစ်မှာ
ဖရိုဖရဲခံစစ်တွေနဲ့ ကျဆုံးသွားရတဲ့မြို့
သူ့သွေးကြောထဲကအစဉ်အလာကို
အမိဧရာနဲ့အတူ မှိန်ဖျော့အသက်ငင်နေရတဲ့မြို့
လာပါ ယူပါ အော်ခေါ်လို့ ဈေးကွက်ထဲ တင်စီးခံ အရှက်မဲ့နေရတဲ့မြို့
သူ့ရာဇဝင်အသီးသီးက မြို့ချစ်စိတ်တွေ
ရေကြည်မြက်နုရာမှာ / ရေနောက်မြက်ခြောက်ရာမှာ
ခေါင်းမထောင်နိုင်အောင်နှိမ်ကွပ်ခံထားရတဲ့မြို့
သူ့ဝေဒနာနဲ့ သူ့ဒဏ်ရာအနန္တမှာ
ကူကယ်ရာမဲ့ရင်း
ဧည့်သည်တွေ အိမ်ရှင်လုပ်တဲ့မြို့
အိမ်ရှင်တွေ ဧည့်သည်ဖြစ်သွားတဲ့မြို့
မြို့ဆန်စွာလည်သယောင်ဆောင်ရင်း
သူ့ကိုယ်၌က နန်းဆန်စွာ အ အ ပြနေတဲ့မြို့
ဗဟိုချက်မှာနေကြောင်း ဧရာကို လက်တို့ထားပေမယ့်
ဗဟိုချက်က ချုပ်ကိုင်ထားကြောင်း
ခပ်ယဲ့ယဲ့ဧရာက ပြန်  ပြန် အမှတ်ပေးနေရတဲ့မြို့
သူကိုယ်တိုင် သူ့မြို့ကပျောက်ဆုံးကြောင်း သတိ အသိပေးစာ ထုတ်ခံထားတဲ့မြို့
ကျဆုံးသွားတဲ့ တနင်္ဂနွေတိုင်းမှာ မဝံ့မရဲအသက်နဲ့ ခိုးခိုးရှိုက်နေရတဲ့မြို့
ယူတိုပီးယားဘူတာရုံလေးက ရွှေမှန်ကင်းတွေကို ထင်းစိုက်ဖို့သယ်သွားပြီ
ငေး ဆဲ တွေး ဆဲ
ကြည့် .....
မစ္စတော့ အံ့မခန်းပဉ္စလက်စပြီ
အခု....
ပုဝါလွှမ်းပြီး မြို့ကို အုပ်ပြလိုက်တယ်
နေ့ခြင်း ညခြင်း
မန္တလေး မြို့ပျောက်ဆုံးခြင်း။   ။

ကေဇော်မိုး

Comments