ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

ဒေဝေါကြီးပုံပြင်
ဂျော်ဒီး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၇
“တခါကတဲ့။ ညတညမှာ..ကောင်းကင်တခွင်လုံး.. မိုးသားတွေမည်းမှောင်ပြီး လျှပ်စီးတွေ ကလည်း ဝင်းခနဲ ဝင်းခနဲလက်လို့တဲ့။ မိုးခြိမ်းသံတွေကလည်း တဝုန်းဝုန်း တဒိုင်းဒိုင်းဆူညံနေအောင်..အသံပေး နေသတဲ့။

အဲဒီအချိန်မှာ. .နွားခြံတခြံကိုစောင့်ရ တဲ့ ခြံစောင့်တယောက်ဟာ သူ့နွားခြံရဲ့ ခေါင်မိုး အပေါက်တွေကြားက မြင်နေ ရတဲ့မိုးပေါ်ကိုမော့ကြည့်လိုက်ရင်း တယောက်တည်း ရေရွတ်နေသတဲ့ ။

“အင်း…ခုချိန်မှာ..ကျားလာလည်း ငါမကြောက်ဘူး။ သူခိုးလာလည်း ငါမကြောက်ဘူး။ ဒေဝေါ လာမှာပဲ ကြောက်တယ်..။ ဒေဝေါသာလာရင်..အားလုံး ဒုက္ခအကြီးအကျယ်ရောက်မှာ။ ဟင်း …ဒေဝေါကလည်း လာတော့မယ်။ ဒုက္ခပါပဲ ”

အဲဒီအချိန်မှာ နွားခြံထဲမှာ သူခိုးတယောက်နဲ့ ကျားတကောင် ရောက်နေကြသတဲ့။ သူခိုးကလည်း ခြံစောင့် အိပ်တဲ့အချိန်ကျရင် နွားတွေကို ခိုးဖို့ နွားခြံခေါင်မိုးထုတ်တန်းပေါ်ကနေ စောင့်နေသတဲ့။
ကျားကလည်း…ခြံစောင့်လစ်ရင် နွားတွေကို ဆွဲစားဖို့ နွားခြံထောင့်မှာ ဝပ်ပြီး စောင့်နေသတဲ့။

သူခိုးကလည်း နွားခြံထဲမှာ ကျားရောက်နေတာကို မသိသလို..ကျားကလည်း သူခိုးရှိနေတာကိုမသိဘူးတဲ့။ ခြံစောင့်ရဲ့ ရေရွတ်သံကိုကြားတော့ သူခိုးကလည်း တွေးတယ်။ သူခိုးက ပါဠိလို ဒေဝေါဆိုတာမိုးကို ပြော တယ်ဆိုတာ မသိတော့....

“ဟာ..သူခိုးတောင်မကြောက်တဲ့သူက ဒေဝေါဆိုတဲ့အကောင်ကိုတော့ ကြောက်တယ်တဲ့...။ သူပြောတဲ့ ဒေဝေါဆိုတာ ဘာကောင်ပါလိမ့်။ တော်တော်ဆိုးမယ့်ပုံပဲ..လို့ တွေးမိသတဲ့...။ ကျားကလည်း...ငါ့လို ကျားကိုတောင် မကြောက်ပဲ ဒေဝေါကို ကြောက်တယ်ဆိုတော့ ဒေဝေါဆိုတာ.. အတော်ကြောက်စရာ ကောင်းတဲ့ ကောင်ဖြစ်မှာပဲလို့…တွေးနေသတဲ့...။

ကလေး(၁)။ ။ “ခိခိ..ဒေဝေါကြီးကို အကြမ်းဖက်သမားထင်နေကြပြီ..”

“ခြံစောင့်ကလည်း မိုးပေါ်ကိုမော့ကြည့်ရင်း..ဒီဒေဝေါဟာ..နေရာထိုင်ခင်းတွေကိုလည်းဖျက်ဆီးမယ်။ စားစရာသောက်စရာတွေကိုလည်း အကုန်ဖျက်ဆီးဦးမှာ ။ အဝတ်အစားတွေ ပိုင်ဆိုင်မှုတွေ.. အို...ကုန် ကုန်ပြောရရင်..ငါ့..ပိုင်နက်ကိုတောင် ကျူးကျော်ပစ်မယ့်ကောင်ပဲ။ အခုကို… ဒေဝေါအန္တရာယ်ဟာ …ငါ့ နွားခြံသာမက…တရွာလုံးတပြည်လုံးရဲ့ ပိုင်နက်ကိုပါကျူးကျော်တော့မယ်..။ ဟော..သူ့ဖောက်ခွဲရေး ပစ္စည်း တွေ သုံးနေသံတောင် တဒိုင်းဒိုင်းနဲ့.. ကြားနေရပြီ..။ ကြားလား..ငါ့ရဲ့ ကောင်းကင်က ထောက်လှမ်းရေး တွေက သတင်းပေးနေတယ်..လို့ ပြောကောင်းကောင်းနဲ့ချဲ့ကားရေရွတ်နေသတဲ့ ”

ကလေး(၂)။ ။ “ခိခိ..ရွာထိပ်က..ကဇော်သမားမူးဇော်…ဝါဒဖြန့်ချိတဲ့အတိုင်းပဲနော်။ အချဲ့အကားတွေနဲ့။ တကယ်တော့ ဒေဝေါကြီးဆိုတာ မိုးရွာတာမဟုတ်လား....ဂျီးဒေါ်”

ကလေး(၃)။ ။ “ဟဲ့..နင်သိရင် ငြိမ်ငြိမ်နေ..။ ငါတို့ အဲဒီပုံပြင် နားမထောင်ဖူးသေးဘူးဟဲ့။ ပါးစပ်ပိတ်ထား”

“ အဲဒီအချိန်မှာပဲ..သူခိုးတက်နေတဲ့ ထုတ်တမ်းက မခိုင်တော့ ဝုန်းဆို ပြိုကျပါလေရော..တဲ့။ 
ဝုန်းခနဲအသံကြီးနဲ့အတူ ပြုတ်ကျလာတဲ့ သူခိုးဟာ..ကံဆိုးစွာနဲ့ နွားဆွဲဖို့စောင့်နေတဲ့ကျားပေါ်ကို တည့် တည့်ကျသွားပါရောတဲ့။ အဲဒီမှာပဲ..ကျားကြီးခမျာ.". ဟာ..ဝုန်းခနဲအသံနဲ့အတူ ငါ့ကုပ်ပေါ် ကျလာတာ ဟာ..ဒေဝေါဆိုတဲ့အကောင်ပဲ ဖြစ်မယ်" ဆိုပြီး..နွားတင်းကုတ်ထဲကနေ..အသားကုန် ထွက်ပြေးတော့ တာပေါ့။

ကျားအပေါ်ကသူခိုးလည်း ..“ဟာ..ငါတော့ ဒေဝေါဆိုတဲ့ အကောင်နဲ့တွေ့ပြီထင်ပါရဲ့။
ကြည့်စမ်း..။
ပြေးလိုက်တာများ...လေထက်တောင် မြန်သေးသဟဲ့ ။ ငါ့ကို ကိုက်စားဖို့သယ်ပြေးတာများလား” လို့တွေး ရင်း ကြောက်အားလန့်အားနဲ့ မိတဲ့နေရာဖမ်းဆွဲတော့ ကျားရဲ့ လည်ပင်းကို သိုင်းဆွဲမိလျက်သားနဲ့ပဲ.. ကျားပြေးတဲ့နောက်ကို ပါသွားသတဲ့..။

“.ဟာ..ငါ့ကျောပေါ်က ဒေဝေါကောင်တော့ ငါ့လည်ပင်းကို ညှစ်ပြီး..ငါ့ကုပ်ကိုချိုးစားတော့မယ် ထင်ပါရဲ့ ”.. ဆိုပြီး ကျားက..အရှိန်ပိုမြှင့်ပြေးလေ..သူခိုးကပြုတ်ကျမှာစိုးပြီး.. လည်ပင်းကိုအတင်းဖက်လေပေါ့။

တညလုံးပြေးလာလိုက်တာ.…အာရုဏ်တက်စ အလင်းရောင်လေးသမ်းလာတော့မှ…သူခိုးက သူစီးလာတာ ကျားဖြစ်နေတာကို သိသွားသတဲ့။ ဒါနဲ့ပဲ..လမ်းနံဘေးမှာပေါက်နေတဲ့ သစ်ပင် တပင်နားရောက်တာနဲ့… သစ်ကိုင်းတကိုင်းကိုခိုဆွဲပြီး ကျားကျောပေါ်ကနေဆင်းကျန်ရစ်သတဲ့။ ကျားပြန်လှည့်လာမှာလည်းစိုးတော့. သစ်ပင်မှာတွေ့တဲ့သစ်ခေါင်းပေါက်တခုထဲ ဝင်ပုန်းနေလိုက်သတဲ့။ ကျားကတော့ သူ့ကျောပေါ်က မကောင်း ဆိုးဝါး ဒေဝေါကာင်..ဆင်းကျန်ရစ်တာနဲ့..တခါတည်းအော်ပြီး သူ့တောအုပ်ဆီစုန်ပြေးတော့သတဲ့။

“ဒေဝေါ.ကျောပိုး။.ပါဗျိုး..။ အလွန်ဆိုးတဲ့ဒေဝေါ ကျောပိုး..ပါဗျိုး။ ကျုပ်ကို ကုပ်ချိုးစားဖို့လုပ်ပါတယ်” လို့ ကြောက်အားလန့်အားနဲ့ အော်ပြေးလာတဲ့ ကျားကို ..သူ့မိတ်ဆွေမျောက်က. .တွေ့တော့ ...

“ဟဲ့..ကိုကျား..ရပ်ပါဦးဗျ..။ ခင်ဗျားပြောတဲ့ ဒေဝေါကျာပိုးကောင်ဆိုတာ..မကြားဖူးပါလား..။ ဒီကောင်ကျုပ်တို့ တိရစ္ဆာန်(၁၃၅) မျိုးထဲမှာမပါဘူးဗျ..။ ခင်ဗျား..ဘီဘီစီ ဗီအိုအေတွေ ဘာတွေ
နား ထောင်ရင်း..အိပ်ပျော်ပြီး သွေးလေခြောက်ခြားတဲ့ အိပ်မက်တွေမက်ရင်း.. လန့်လာတာ ဖြစ်မှာပါ ဗျာ..”လို့ ဖျောင်းဖျသတဲ့။

“ဟာ..ကိုရွှေမျောက်ရယ်..။ တကယ်ဗျ..။ ဒင်းက ကျုပ်ကုပ်ကိုချိုးဖို့ တချိန်လုံးကြိုးစားတာ..။ နောက်ပြီး.. ကျုပ်သွားချောင်းတဲ့ နွားခြံစောင့် ပြောတာတော့ ဒီဒေဝေါ အတော်ဆိုးဆိုပဲဗျ..။ ကျုပ်ကိုယ်တွေ့..။ မယုံရင် ခင်ဗျားလိုက်ကြည့်။ ဟို..လမ်းဘေးသစ်ပင်မှာ ဒင်း..ဆင်းကျန်ခဲ့တယ်လို့ ကျားကပြောတော့ ..မျောက်က...
“အေးလေ..ဒါဖြင့် တို့နှစ်ကောင်အတူ သွားကြည့်ကြတာပေါ့..”လို့ ပြောရင်း သစ်ပင်ဆီကို နှစ်ကောင်သား ချီတက်လာကြသတဲ့။

ကျားနဲ့မျောက် သစ်ပင်အောက်ရောက်တော့…ဟိုဟိုသည်သည်ကြည့်ရင်း သူခိုးပုန်းနေတဲ့ သစ်ခေါင်းကို တွေ့သွားတယ်။ ဒီအထဲမှာ ဒေဝေါကောင်ရှိလိမ့်မယ်။ အစာဆာရင်ထွက်လာလိမ့်မယ်..လို့ နှစ်ကောင်သား တွေးပြီး…သစ်ခေါင်းကိုကျောပေးထိုင်ရင်း စောင့်နေကြသတဲ့။ သစ်ခေါင်းထဲက သူခိုးကကျောပေးထိုင်နေ တဲ့ ကျားနဲ့မျောက်ကို…သစ်ခေါင်းပေါက်ကနေ လက်ထွက်ပြီး လက်တဖက်က ကျားရဲ့ကျောကို ဆောင့်ထိုး လိုက်တယ်..။ နောက်လက်တဖက်က မျောက်ရဲ့ အမြီးကိုတပြိုင်တည်း ဆောင့်ဆွဲလိုက်သတဲ့...။
ကျားနဲ့ မျောက်လည်း..ဘာမှ မစဉ်းစားပဲ..တခါတည်း အော်ပြေးကြသတဲ့..။

“ဒေဝေါ ကျောပိုး မြီးဆွဲ..တုတ်ထိုး ပါဗျိုး..။ ကယ်ကြပါဦး..” လို့ အော်ပြေးလာတဲ့ ကျားနဲ့ မျောက်ကို သူတို့ မိတ်ဆွေယုန်ကလေးက တွေ့တော့...

“ကိုယ့်လူတို့..စဉ်းစဉ်းစားစားလဲလုပ်ပါ..။ ဒေဝေါကျောပိုး..မြီးဆွဲ..တုတ်ထိုး..ဆိုတဲ့အကောင်.. ကျုပ်တော့ မကြားဖူးပေါင်..။ ကိုယ့်လူတို့…ဖေ့စ်ဘွတ်သုံးတယ်ထင်တယ်.. ။ ပြဿနာကိုရေဆုံးရေဖျားမသိပဲ သူများ ယောင်တိုင်း..ယောင်။ ရှယ်ဆို..ရှယ်လိုက်။ ရီပို့ထုဆို..ထုလိုက်..။ ဆဲဆို..ဆဲလိုက်..လိုက်လိုက်လုပ်တာ.. ဖေ့စ်ဘွတ်ရောဂါဗျ..။ ဒါ..သုံး..ဒါ..သုံး..”လို့.. သူ့ခေါင်း ကလေးကိုလက်နဲ့ပုတ်ပြီး ပြောလိုက်သတဲ့...။ ဒါနဲ့ ယုန်ကလေးက ဦးဆောင်ပြီးခုနသစ်ပင် ရှိရာကို ချီတက်လာကြတာပေါ့..။

အဲဒီအချိန်မှာ  သူခိုးက သစ်ခေါင်းထဲကထွက်ပြီး သစ်ပင်ထိပ်ဖျားကနေ အခြေအနေကိုအကဲ ခတ်သတဲ့.။ လား..လား..။ ကြောက်ဆုတ်.ကြောက်ဆုတ်နဲ့ လျှောက်လာတဲ့ကျားက မျောက်နဲ့ ယုန်ကိုကျောပေါ်တင်ပြီး သစ်ပင်ဆီလာနေတာကို တွေ့လိုက်ရတော့ အင်း..ဒီတခါ...ယုန်ပါ..ပါလာသဟ။ ဒင်းကတော့ ပညာရှိတယ် လို့ နာမည်ကြီးတယ်။ ဒီတခါတော့ ငါဘယ်လို လုပ်ရပ...လို့ တွေးရင်း…ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေရာကနေ...သစ်ကိုင်းကျိုးပြီး.. ယုန်ရယ်..မျောက်ရယ်..ကျားရယ်သုံးကောင်သားအပေါ် တည့်တည့် ကို ဝုန်းဆို..ပြုတ်ကျသွားသတဲ့။ ပြုတ်လဲကျရော..သူခိုးခမျာ.ကြောက်အားလန့်အားနဲ့…တဟုန်ထိုး ထွက် ပြေးသွားသတဲ့...။

ယုန်၊ မျောက်၊ ကျား သုံးကောင်စလုံးလည်း ဘုမသိဘမသိနဲ့ပဲ..သူခိုးပြေးတဲ့အရပ်နဲ့ ဆန့်ကျင်ဘက် အရပ် ဆီကို…ကြောက်လန့်တကြား အော်ဟစ်ပြေးကြသတဲ့။

“.ဒေဝေါ ကျောပိုး မြီးဆွဲ..တုတ်ထိုး..ကုပ်ပေါ်ခုန်ချကောင်ကြီး.ပါဗျိုး။ ကယ်ကြပါ။ ဒေဝေါ ကျောပိုး..မြီးဆွဲ.. တုတ်ထိုး..ကုပ်ပေါ်ခုန်ချ…ကောင်ကြီးပါဗျိုး..”

+++

“ကဲ…ပုံပြင်လေးကတော့..ဒါပါပဲကွယ်..။ ကဲ..သွားဆော့ချေကြတော့..”

ဂျီးတော်ခမျာ အမြှုပ်တစီစီထွက်နေတဲ့ပါးစပ်ထဲကို ရေတခွက်မော့သောက်ရင်း အမောဖြေမယ် ကြံတုန်းရှိ သေးတယ်၊ မိကျောင်းသားကလေးတွေက လျှာဆက်ရှည်တော်မူလေတယ်..။

ကလေး( ၄)။ ။ “ဂျီးဒေါ့် ပုံပြင်က ဆန့်တငံ့ငံ့ကြီးဗျာ”

ကလေး(၅)။ ။“ ဟုတ်တယ်..။ ပုံပြင်က မပြီးသေးဘူး..။..သူခိုးက ဘယ်ကို ပြေးသလဲ..။ ယုန်မျောက်ကျား သုံးကောင်ဟာ..ဘယ်အထိဆက်အော်နေမလဲ..။ ကွင်းဆက်တွေအရ ဆက်လိုက်ရင် ဒီပုံပြင်ဟာ အဆိုပါ အမည်မဖော်လိုတဲ့ တဖက်နိုင်ငံအထိ ပေရှည်နိုင်တယ်။ ကမ္ဘာလုံးဆိုင်ရာ..ပုံပြင်လည်း ဖြစ်သွားနိုင်တယ်.. အဟမ်း”

ကလေး(၆) ။ ။ “အေးကွ..။ ဒီနေရာမှာ…အဓိကဇာတ်လမ်းစသူက…ခြံစောင့်ပဲ..။ သူထွင်တဲ့ ဇာတ်လမ်း.. သူ့စနက်ပဲ။ သူ..ဂျင်းထည့်တာကိုအားလုံးခံလိုက်ရတာပဲ။ ဒီ..ဂျင်းကောင်. ဘာဆက်လုပ်မလဲ ဆက်တွေး ရမယ်”

ကလေး(၇)။ ။ “ငါ့အထင်တော့ သူ့ရဲ့ဒေဝေါကြီးလာပြီဆိုတဲ့ ဝါဒဖြန့်ချိရေးလှိုင်းလုံးကြီး အောင်မြင်နေ တုန်း..တဆက်တည်းဒေဝေါတိုက်ဖျက်ရေး ဥပဒေတွေဘာတွေတောင် ဆက်ရေးဆွဲနေလောက်တယ်။

ကလေး(၈)။ ။ “ ဟာ…အဲဒီဥပဒေက အဆင်သင့်ရေးပြီးသားကွ..။ အတည်ပြုလိုက်ရုံပဲ..”

ကလေး(၉)။ ။ “ဟေ..ဒေဝေါတိုက်ဖျက်ရေး ဥပဒေဆိုတော့ ဘယ်သူတွေကို တိုက်ဖျက်မှာတဲ့ လဲ..။ ဘယ်သူတွေက ဒေဝေါ ဖြစ်မှာတဲ့လဲ။

ကလေး(၁၀)။ ။ “အေး..အဲဒါပညာခန်းပဲ။ ဥပဒေဆိုတာ ကျယ်ပြန့်တယ်ကွ။ ဒေဝေါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုတာ ဥပဒေပြဋ္ဌာန်းတဲ့ခြံစောင့်ရဲ့သတ်မှတ်ချက်ပေါ်မှာ မူတည်နေမှာပေါ့။ မကောင်းသူထိပ် ကောင်းသူ ထိပ်ပေါ့ကွာ။ တဆက်တည်း .ခြံစောင့်ဟာ ဒေဝေါအန္တရာယ်ကျရောက်ဖို့ လက်တလုံးအလိုမှာ ရောက်နေ သူတွေကို ကယ်တင်မဲ့ကယ်တင်ရှင်ကြီး လုပ်ချင်ရင် လုပ်လို့ရသေးတယ်။

ဂျီးဒေါ်။ ။ ကဲ ကဲ မိကျောင်းသားတို့၊ နားပူတယ် ပြန်ကြ။ အပြန်လမ်းမှာ သတိလည်းထားကြ။ ဒေဝေါ တိုက်ဖျက်ရေးဥပဒေရဲ့လက်တံက ရမ်းပါဘိသနဲ့။ နင်တို့ငါတို့ပါ ဒေဝေါအဖြစ် သိမ်းကျုံးဆွဲရမ်းတဲ့အထဲ ပါနေဦးမယ်။

ဂျော်ဒီး

Comments