(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၇
နေရောင်ခြည်က စူးရှလွန်း မုန်းတယ်
မိုးရေတွေက စိုစွတ်စွတ် စိတ်ပျက်ဖွယ်
အရာရာ ဖိနှိပ်ခံ တယောက်ရဲ့ စိတ်အချဉ်ပေါက်မှုများ။
အဆင်မပြေပုံများ
စားလက်စ မုန့်ပန်းကန်ထဲ ငှက်ချီးပါချခံလိုက်ရ။
တုတ်နဲ့တူတူ ရိုက်ခံရတုန်းက
တုတ်သမားကို လက်ချည်းသက်သက် အာခံခဲ့ကြ
သူလက်ထဲ တုတ်ရောက်သွားလေမှ
ငါ့ကို သူက တုတ်နဲ့ချသတဲ့
သစ္စာမဲ့မှုများ သိက္ခာကင်းမဲ့ပုံများ။
အဝေးက တိုက်ခတ်လာတဲ့လေပြင်းတွေ
ရဲတိုက်ထဲခိုခွင့်ရတဲ့ ခင်ဗျား စိတ်မဝင်စားဘူး
ငါ့တို့တဲအိမ်တွေက မကျန်တော့သလောက်
လေပြင်းထဲမှာပျောက်ရှ။
မီးက လောင်နေတာ
ခင်ဗျားက အနွေးဓာတ်ရတယ်ဆို ပျော်နေလား
မီးက ဘဝတွေကို လောင်မြိုက်နေတာ
နာနာကြင်ကြင် ကျိန်ဆဲသံတွေဟာ
ခင်ဗျားရဲ့ ညတွေဆီရောက်လာဦးမှာ။
အမဲသားတစ် ရသွားတဲ့ ခွေးတကောင်က
ငါ့ကို ပြေးလာပြီးဟောင်
အသားမှာလူးထားတဲ့ အဆိပ်က
အစွမ်းမပြသေးခင်။
ဘဝဟာ စိတ်ပျက်စရာကောင်းပေမဲ့
သစ္စာတရားဟာ ငါ့ရဲ့ဦးထိပ်ပန်ဆင်ရာ
ထမင်းငတ်နေတဲ့ ငနာက ပြောနေရဲ့။ ။
ကမ်လူဝေး
Comments