မောင်ကြူးရင့် ● ခံတပ်


မောင်ကြူးရင့် ● ခံတပ်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇

အချစ်ရယ်
အခြေအနေက
ထိလွယ် ကွဲလွယ်
ကြက်ဥတပွေ့နဲ့
လမ်းလျှောက်နေရသလို

အချစ်ရယ်
လေပြင်းကျတဲ့အခါ
ပန်းကလေးတွေ
သစ်ရွက်ကလေးတွေ
ကြွေသွားနိုင်တယ်

အချစ်ရယ်
အချစ်က မျက်လုံးလှတယ်
နှလုံးသားနူးညံ့တယ်
ဘယ်လေပြင်းကမှ
ကြွေသွားအောင် မတိုက်ခတ်နိုင်ဘူး

အချစ်ရယ်
ငါတို့အနက်ဆုံးချောက်ထဲ
ကျခဲ့ပြီးပြီ

အချစ်ရယ်
ငါတို့အမှောင်ခန်းထဲ
သွေးပွက်ပွက်အန်ခဲ့ပြီးပြီ

အချစ်ရယ်

အဲ့ဒီ့နေ့တွေကို
နှလုံးသားနံရံကို
သရရိုက်ထားသလို
တသက်လုံးမမေ့ဖို့လိုတယ်

အချစ်ရယ်
သွေးအန်တဲ့နှလုံးသားနဲ့
နောက်ဆုံးထွက်သက်ထိ
ငါတို့ခံတပ်ကိုငါတို့
တလက်မမှနောက်မဆုတ်ပဲ
ခုခံကာကွယ်သွားကြမယ်


မောင်ကြူးရင့်
၂၇၊ ၉၊ ၂၀၁၇

Comments