ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ -၆


ဗိုလ်ထက်မင်း -  ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ -၆
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၇


တပ်မတော် နဲ့ (ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တွေ) ကို ပတ်သက်နေတယ်၊ တပ်မတော်ကို နိုင်ငံတကာနဲ့ဖိနေတယ်၊ လက်မည်းတွေအဖြစ် သံသယတွေရှင်းလင်းသွားအောင် ထိပ်သီးနှစ်ဦးအပေါ် အကြံပြုတင်ပြချက်

၆၂။ လက်ရှိဆောင်းပါးကို အချောသတ်နေစဉ်မှာပင် State Leader ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပေါ် ဖိအားပေးနိုင်တဲ့ ထူးခြားဖြစ်စဉ်နှစ်ရပ် ထွက်ခဲ့လို့စာရေးသူ အကြပ်ရိုက်သွားခဲ့ရပါတယ်။ ယခင် အား/ကာ ဝန်ကြီး ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းတို့ အား နေပြည်တော်လေဆိပ်မှာ လက်နက်ခဲယမ်းများနဲ့မူးယစ်ဆေးဝါးများနဲ့အတူ ၂၁ပင်လုံ ညီလာခံအပြီး ဖမ်းမိတဲ့ သတင်းနဲ့ အနောက်နိုင်ငံများ(အီးယူ)က တပ်မတော် ထိပ်တန်းခေါင်းဆောင်များကို ဆက်ဆံရေး ယာယီရပ်ဆိုင်းမယ် ဆိုပြီး အရေးယူတဲ့ သတင်းများ ဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ်တခုဖြစ်တဲ့ ဖြိုးကိုကိုတင့်ဆန်းတို့ထံမှ ဖမ်းဆီးရမိတဲ့ လက်နက်များဟာ အောက်တိုဘာ ၁၇ အထိ သေနတ် စုစုပေါင်း ၂၁ လက်နဲ့ ကျည် (၈၉၂) တောင့်၊ ကျည်အိမ် (၁၆) ခု၊ M16 လက်ကိုင်ကွင်း (၁) ခု၊  ပစ္စတိုအိတ်အနက်ရောင် (၇) လုံး၊ ကျည်ကာအင်္ကျီ (၁) ထည်နဲ့ စနိုက်ပါ မှန်ပြောင်း (၁) လက် တို့ကိုလည်း  သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပစ္စည်းတွေဟာ တန်ဘိုးကြီးတဲ့ အမျိုးအစားတွေဖြစ်ပြီး ထပ်မိတဲ့ ပစ္စတိုတွေက (Glock အမျိုးအစားတွေ) လုံခြုံရေးစက်တိုင် နှစ်တိုင်ကြားကဘဲ ဖြတ်မယ်ဆိုရင်တောင် Alarm မမြည်တဲ့ အဆင်မြင့်ပစ္စတိုတွေ ဖြစ်နေတာ၊ ဒီလက်နက်တွေဟာ နယ်စပ်မှောင်ခိုဈေးကွက်မှာတောင် ဝယ်ချင်တိုင်း ဝယ်လို့ မရတဲ့ လက်နက်တွေပါ နေတာ၊ ပြီးတော့ N.S.A (National Security Agency)နဲ့ N.S.C (National Security Council) စာတမ်းပါ  I.D Batch တွေ ဦးထုပ်တွေ၊ Bullet proof vest တွေ၊Hummer ကားတွေ၊ အဆင့်မြင့် Drone တွေ၊ဟာ ဘာသဘောလဲ၊ ယူနီဖောင်းနဲ့ တံဆိပ်တွေက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သက်တော်စောင့်တွေနဲ့ တစ်ထေရာတည်း နီးပါးတူနေတာလည်း တိုက်ဆိုင်မှူတော့ မဖြစ်နိုင်ဘဲ သူတို့ရဲ့လားရာကို စာရေးဆရာ၊ လူမှုမီဒီယာစာမျက်နှာတခုက page Admin၊ မီဒီယာ၊စ က်ရုံလုပ်ငန်းရှင် စစ်ထွက်တစ်ဦး၊ ဟိုတယ်လုပ်ငန်းရှင် တပါတ်စဉ်ထဲက သူငယ်ချင်းတို့နဲ့သီးခြားစီဆွေးနွေးကြည့်ရာ အောက်ပါအတိုင်း ထောက်ပြကြပါတယ်။

(က) ကိုယ်ပိုင်လိုင်စင်နဲ့မိမိကိုယ်ကို ကာကွယ်ခွင့် သေနတ်ကိုင်ဆောင်ခွင့် မြန်မာနိုင်ငံမှာ မရနိုင်မှန်း သိလျှက်သားနဲ့ ဒီလို လက်နက်အမြောက်အမြားစုဆောင်းတာဟာ အကြံအစည်တခုခုရှိနိုင်ရာ နိုင်ငံထိပ်တန်း ခေါင်းဆောင်တွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ အန္တရယ်ရှိနိုင်လား စိုးရိမ်ချက်၊ ကြံ့ဖွံ့ပါတီဝင် (ဟောင်း) တွေ၊ ယခင်အစိုးရ(ဟောင်း) အဆက်အနွယ်တွေ ဖြစ်နေတာမို့ သူတို့ကွန်ယက်ဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့်နေလဲဆိုတဲ့ သံသယ။

(ခ) ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်ဖွဲ့လို အဖွဲ့နံပါတ်များနဲ့ (၆၀) ထိထားရှိပြီး ကြံခိုင်ရေးပါတီကို ကာကွယ်ဖို့လား၊ လူပုဂ္ဂိုလ်Personal Target ထားပါက တန်ပြန်ချင်လို့ စုဆောင်းထားတာလား၊ ဦးနေ၀င်းမြေးတွေလို အာဏာသိမ်းတဲ့ အထိ စိတ်ကူးယဉ် ရူးသွပ် နေကြတာလား၊

(ဂ) ဦးကိုနီကိစ္စ တစနဲ့တစ ပေါ်လာလို့ အာရုံလွှဲတဲ့ သဘောနဲ့ တမင်အဖမ်းခံကာ ထိုးကြွေးတာလား

(ဃ) ခရီးစဉ်မှာ တကယ်ဘဲ ပေါ့ဆကာ နားလည်မှုလွဲကာ အထုပ်၊အိတ်မှားပြီး သယ်မိတာလား၊

(င) ဖြိုးကိုကိုတင့်ဆန်းဟာ ဆေးကြောင်ပြီး သူ့ရဲ့အဖေ ဦးတင့်ဆန်း(စာဖတ်သူကြီး ဦးသန်းရွှေကို ပိုင်နိုင်သူ) အရှိန်အဝါနဲ့ထင်တိုင်းကျဲကာ ဇွတ်တရွတ်လုပ်တတ်ကြောင်း၊ အလုပ်ကို လက်ကြောတင်းအောင် မလုပ်တတ်တာမို့ ပုဂံရှိ ဗိုလ်ချုပ်ညွှန်တင်တို့ပိုင်တဲ့ ဟိုတယ်ကိုပင် ဖြစ်မြောက်အောင် မလုပ်နိုင်လို့သူ့အဖေက ပြန်သိမ်းခဲ့ရတယ်လို့ဆိုသွားပါတယ်။

၆၃။ ဒီဖြစ်စဉ်အပေါ် ပြည်ထဲရေးရဲ့လုပ်ဆောင်မှုကို အားရကျေနပ်ဖွယ် မရှိတာကြောင့် တပ်မတော်ရဲ့ရပ်တည်မှူက ဒီအချိန်မှာ ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူလိုက်မယ်ဆိုရင် တပ်မတော်ရဲ့ပုံရိပ်ထိုးတက်သွားပါမယ်။ ရုတ်တရက်ကြည့်ရင် ပြည်ထဲရေးနဲ့သက်ဆိုင်သလို ထင်ရပေမဲ့ ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ခဲ့တဲ့ တပ်ချုပ်အနေနဲ့အောက်ပါ ထိရောက်တဲ့ တုန့်ပြန်မှုလုပ်ဆောင်ဖို့ စာရေးသူတို့အကြံပြုတင်ပြပါတယ်။

(က) စရဖနဲ့ မလုံလောက်ဘဲ အထူးကွန်မန်ဒိုတပ်ဖွဲ့များနဲ့ရဲပူးတွဲ စီးနင်းရှာဖွေခြင်း၊ လိုအပ်ပါက သံသယဖြစ်ဖွယ် ကြံခိုင်ရေးပါတီလူကြီးနဲ့သားသမီးတွေရဲ့ အသိုင်းအဝိုင်းနေရာတွေကို ယခုလိုဘဲ လက်နက်များစုဆောင်းထားမှု ရှိမရှိ တပြိုင်နက် မြေလှန်ရှာဖွေခြင်း။

(ခ) လုံခြုံရေးစည်းပေါက်လို့ ပြည်ထဲရေးလုပ်လေ့လုပ်ထရှိတဲ့ လုံခြုံရေးအရ တာဝန်ခံ ရဲမှူးကြီးကို အရေးယူတာထက် တာဝန်ရှိ ဝန်ကြီးကို ဘာလုပ်သင့်လဲ၊

(ဂ) တပ်မတော်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပြန်ခြင်း၊

ဒီလိုထိရောက်စွာ အရေးယူဆောက်ရွက်မှသာ ကြံခိုင်ရေးပါတီနဲ့ တပ်မတော်လိုင်းသီးခြားဘဲဆိုတာ ပြည်သူလူထု စိတ်ချယုံကြည်သွားမှာဖြစ်သလို ခေတ်အဆက်ဆက် အသွင်ပြောင်းပါတီတွေဟာ တပ်အပေါ်မှာ ကောင်းကျိုးပြုခဲ့တာ နည်းပြီး တပ်ရဲ့အရှိန်အ၀ါကိုသာ ရယူတာများလို့စာရေးသူတင်ပြခဲ့ဖူးတဲ့ ပါတီနိုင်ငံရေးနဲ့ကင်းရှင်းတဲ့ တပ်မတော်ဖြစ်ရေး တပ်ချုပ်အနေနဲ့ အလေးအနက်ထား စဉ်စားကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။

၆၄။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မိမိရဲ့ အနာဂတ်ရည်မှန်းချက် ဘယ်လိုထားရှိမည်ဆိုတာကို မသိရှိနိုင်ပေမဲ့ ဒီလို ဘင်္ဂလီကိစ္စကြောင့် အမျိုးသားရေးစိတ်ဓါတ်ပြင်းပြမှုနဲ့အစိုးရကို ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုများအပေါ် လက်မဲတမဲဖြစ်လာမယ်ဆိုရင် မိမိသမိုင်းကြောင်းသန့်ရှင်းမှုကို ထိခိုက်တဲ့ အလုပ် မလုပ်ဖူးလို့ ယုံကြည်ထားဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးကို အစိုးရနှစ်ရပ်နဲ့သွားနေတယ်လို့(နိုင်ငံရေးလေ့လာသူများနဲ့တိုင်းရင်သားခေါင်းဆောင်)တချို့က ဝေဖန်နေကြသလို အစိုးရနဲ့တပ်ချုပ်ဆက်ဆံရေးအပေါ် မေးခွန်းထုတ်နေကြပါတယ်။ တပ်ချုပ်စကားလုံးက အစိုးရကို ပူးပေါင်းဆောင်ရွက်ညှိနှိုင်းနေတယ် ဆိုကတည်းက level တူထား၊ ခြေရာတိုင်းနေတယ်လို့ သူတို့က စွပ်စွဲနေကြရာ တပ်ချုပ်အနေနဲ့ စစ်သားဆိုတာ အထက်အမိန့်နဲ့ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရတာမို့ အစိုးရရဲ့လိုလားချက်ကို ညွှန်ကြားချက်အဖြစ် ခံယူတယ်လို့ပြောင်းလဲ ဆိုလိုက်ရင် မာန်မာန မရှိသောသူ၊ သဘောထားကြီးရင့်ကျက်တဲ့ အသွင်ဆောင်ပါတယ်။

၆၅။ တဖန်အနောက်နိုင်ငံများက တပ်မတော်ကို အရေးယူတာနဲ့စပ်လျဉ်းပြီး  အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖေါ်နေတာကို အဟန့်အတားဖြစ်အောင်လုပ်နေမယ်ဆိုရင် ဒီမိုကရေစီအကောင်အထည်ဖေါ်ဖို့ ခက်ခဲသွားလိမ့်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာထံ မက်ဆက်ခ်ျပေးသင့်လာပါပြီ။ မြန်မာစကားအရ လက်နဲ့ရေးနေတာကို ခြေနဲ့ဖျက်နေသလားဆိုတာ မေးခွန်းထုတ်ရမှာဖြစ်သလို ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖေါ်ရာမှာ တပ်မတော်ကို ဆက်လက်နှိပ်ကွပ်မယ်ဆိုရင် နှောင့်နှေးကြန့်ကြာပြီး မလိုလားအပ်တဲံ့ ဖြစ်စဉ်တွေ ဖြစ်လာလိမ့်မယ်ဆိုတာ သတိပေးသင့်ပါတယ်။ ဒီနေရာမှာ အမျိုးသားရေးဝါဒီများနဲ့ ဌာနေတိုင်းရင်သားတွေကို ပေါင်းကူးဆက်သွယ်ညှိ ပေးနိုင်သူဟာ တပ်မတော်သာဖြစ်လို့ အပြုသဘောပူးပေါင်းဆောင်ရွက်ခြင်းက အစီရင်စာတိုးတက်မှူ ရရှိမှာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောဆိုသင့်ပါတယ်။

၆၆။ ယခုဆိုရင် အနောက်နိုင်ငံတွေဟာ ယခုတပ်မတော်ထိပ်တန်းအရာရှိကြီးများကို ဒဏ်ခတ်အရေးယူ ပစ်မှတ်ထားလာဖို့တာစူလာပြီဖြစ်ပါတယ်။ ဘင်္ဂလီကိစ္စ သတိထားကိုင်တွယ်နေတဲ့ အစိုးရက တပ်မတော်ကို တာဝန်ပေးအပ်ဖို့ပိုခက်သွားစေပြီး တရုတ်ဘက်ကို လုံလုံလျားလျား ပါသွားမယ်ဆိုတာ အနောက်နိုင်ငံတွေကို သတိပေးလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့နေထိုင်ရ ပိုခက်သွားအောင် သပ်လျိုနေသလိုဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တပ်ချုပ်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ထံ အပြုသဘော ထိတွေ့ဆက်ဆံတာကို ပိုမိုပြသသင့်ပါတယ်။ ၂၀၁၅ခုနှစ် အစိုးရသစ်တက်ခါစ အာဇာနည်နေ့အခမ်းအနားမှာ ယခင်က မတက်ခဲ့တဲ့ အစဉ်အလာကို ချေဖျက်ပြီး တပ်ချုပ် တက်ရောက်ခဲ့တဲ့ ပုံရိပ်တောက်ပခဲ့သလို  အာဇာနည်နေ့ ဆွမ်းကျွေးဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တက်ရောက်ခဲ့တာကို ပြည်သူလူထု ဝမ်းသာပီတီဖြစ်ခဲ့တာမျိုး သိစေချင်ပါတယ်။ တပ်ချုပ်အနေနဲ့ အစိုးရအခမ်းအနားတွေမှာဘဲ ဖြစ်ဖြစ်၊ NCA ထိပ်သီး ဆွေးနွေးပွဲတွေမှာ ဒုတပ်ချုပ်ကို မလွှတ်တော့ဘဲ ကိုယ်တိုင်တက်ရောက်ကာ နွေးထွေးတဲ့ ဆက်ဆံရေးပြတာမျိုး၊ တပ်မတော်စစ်သမိုင်းပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်ခဲ့သလို ဖြစ်နိုင်က တပ်ချုပ်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လိုမျိုး တကူးတက သွားရောက်ကြည့်ရှူ့ကာ လိုအပ်တာဖြည့်ပေးရင်ဘဲ  အစိုးရနဲတပ် ကျောချင်းကပ်ထားတယ်ဆိုတာ နိုင်ငံတကာကို အံ့သြသွားစေလိုပါတယ်။

၆၇။ မြန်မာနိုင်ငံရေးလောကမှာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲတိုက်ခိုက်နေတာ ရပ်နိုင်ဖို့ကြားဝင် ဖြေရှင်းနိုင်တဲ့ အဓိက KEY တွေကတော့ သီတဂူဆရာတော်ကြီးနဲ့ စာဖတ်သူကြီးဦးသန်းရွှေတို့သာဖြစ်နိုင်ပါတယ်။ အမျိုးသားရေးဝါဒီတွေနဲ့ ကြံခိုင်ရေးပါတီကို အရှိန်မြှင့်ရင် ဘေးထွက်ဆိုးကျိုးထွက်လာနိုင်တာမို့ လမ်းညွှန်ပေးဖို့လျှောက်ထားတင်ပြလိုပြီး တပ်ချုပ်ကလည်း ထိန်းပေးခြင်းဖြင့် သံသယတွေ ပျောက်သွားပါမယ်၊

ဒီနေရာမှာ တပ်ချုပ်ကို အလေးအနက်တင်ပြချင်တာက ကိုယ်လိပ်ပြာကိုယ်သန့်တယ်ဆိုပေမဲ့ သံသယအကျိုးကို ခံစားခွင့်ရှိတာကြောင့် မိမိကိုယ်တိုင်က ကင်းရှင်းကြောင်း လုပ်ဆောင်မှု တခုခု ပြခဲ့ရင် ပုံရိပ်ပိုမိုလှသွားစေပါမယ်။

၆၈။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီမိုကရေစီဘက်တော်သားများကို အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းညွှန်ပေးတာ၊ မဘဘကို ဆက်တိုက် ဖိနိပ်တာမျိုး ရှောင်ရှားတာ၊ လွှတ်တော်မှာ တပ်မတော်ရဲ့ ဒို့တာဝန်အရေး (၃) ပါး ထိပါးစေတဲ့ ထိပ်တိုက်တွေ့စေမည့် အဆိုပြုချက်၊ ဥပဒေပြင်ဆင်ချက်များ လတ်တလော ရှောင်ရှားစေဖို့ လွှတ်တော်ကို သဘောထားများပေးတာ၊ တပ်ချုပ်က တပ်နဲ့ပတ်သက်ပြီး မီဒီယာများကို တရားစွဲထောင်ကျတာမျိုးမှ သင်ပုန်းချေစေ လွတ်ပေးတာ ပုံရိပ်ကောင်းဖြစ်သလို သမ္မတအနေနဲ့ဖြစ်ဖြစ် အမျိုးသားရေးကိစ္စနဲ့တရားစွဲဆိုထားတဲ့ သံဃာတော်များနဲ့အမျိုးသားရေးဝါဒီများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တရားစွဲထားတဲ့ အမှုများ ရုပ်သိမ်းပေးတာ၊ ဖြစ်နိုင်က တပ်ချုပ်ကို ခေါ်ပြီး ရခိုင်ဒေသသွားရောက် လည်ပတ်သလို ပါတီထိပ်တန်းခေါင်းဆောင်များအား တွေ့ဆုံပြီး ဘင်္ဂလီကိစ္စ ဘယ်လိုဖြေရှင်းကြရင် ကောင်းမလဲ ဆိုတာ အမြင်ချင်းဖလှယ် ထိတွေ့ဆက်ဆံခြင်းဖြင့် နိုင်ငံတကာကို စည်းလုံးခြင်းရဲ့အင်အားတစ်ရပ် တည်ဆောက်နေတာ ပြသစေလိုပါတယ်။

ကိုဖီအာနန်အစီရင်ခံစာကို ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖေါ်နိုင်မလဲ

၆၉။ လူမှုမီဒီယာမှာ တပ်မတော်အရာရှိဟောင်း ရဲမိုးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအခွင့်အရေးကို ဦးစားပေးကာ ဘာသာပေါင်းစုံနဲ့သင့်မြတ်ရေး၊ နိုင်ငံတကာနဲ့ချစ်ကြည်ရေးအတွက် ရှေ့ရှုတာမို့ ကိုဖီအာနန်ခေါ်ကာ ပြင်ပဖိအားသက်သာစေဖို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်သူ မည်သူမဆို ဥပဒေအရ အရေးယူပေးမယ်၊ အထောက်အထားခိုင်လုံဖို့လိုတယ်ဆိုပြီး ဖွင့်ကစားတဲံ့ Strategy သုံးပါတယ်။  ဦးသိန်းစိန်ကျတော့ အမျိုးသားလုံခြုံရေးကို ဦးစားပေးကာ ပြည်တွင်းရေး မစွက်ဖက်နဲ့ဆိုတဲ့ ပိတ်ကစားတဲ့ Stategy ကိုသုံးတယ်လို့ ဆိုသွားပါတယ်။ သူက ဦးသန်းရွှေလက်ထက်က ဖွင့်ကစားနည်း သုံးဖူးလေရာ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာဖိအားများလာပါက တွေ့ဆုံပွဲ တကြိမ်လုပ်လိုက်၊ ဆက်ဆံရေးဝန်ကြီး တွေ့ခိုင်းလိုက်နဲ့ နိုင်ငံတကာက ကျေနပ်သွားပြီး အရှိန်ကျသွားကာ အချိန်ဆွဲဆန့်ဖို့ ဖွင့်ကစားနည်း သုံးတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ဝှေ့နည်းအတိုင်းဆိုပါက လက်ကို ဘေးချကာ ဖွင့်တိုက်နည်းနဲ့ ခံစစ်လုံအောင် လက်နဲ့ကာပြီး တချက်တချက်နဲ့မှ အပိုင်တန်ပြန်တိုက်ခိုက်တဲံ့ ပိတ်ပြီးတိုက်နည်းဖြစ်လို့  ဖွင့်တာ အန္တရယ်များကာ ပိတ်တာ လုံခြုံလို့ ပြသနာများပေါ်ပေါက်စရာ မရှိဖူးလို့ စာရေးသူတွေးမိပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်ရဲ့ပိတ်ကစားနည်းဟာ ဒုတိယသက်တမ်း တကယ်လို့ ရွေးခံခဲ့လို့ အမျိုးသားရေးနဲ့ပိတ်ကစားနည်းနဲ့ ဆက်ကျင့်သုံးမယ်ဆိုရင်တောင် ဒီလိုဘင်္ဂလီ အရေးအခင်းမျိုးထပ် မဖြစ်နိုင်ဖူးလို့ ဘယ်သူ့မှ အာမမခံနိုင်ဖူးဆိုတာ ပြောချင်ပါတယ်။

၇၀။ ဘင်္ဂလီတွေဟာ မဟာဗျူဟာစီမံချက် (၂) ခုတောင် ရေးဆွဲပြီးဖြစ်ရာ နိုင်ငံတကာထိ ဆွဲတင်လို့ရအောင် အကောင်အထည်ဖေါ်မှာဖြစ်လို့ ကိုဖီအာနန်အဖွဲ့သာ ဖြေကွက်မရှိထားဖူဆိုရင် ကုလသမဂ္ဂရဲ့အချက်အလက် ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ဖိအားကို ခံနိုင်ဖို့အတော့်ကို ခက်ပါလိမ့်မယ်။ ဒါကြောင့် ဦးသန်းရွှေရဲ့ဖွင့်ကစားနည်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာရဲ့ထိုးစစ်ကို တွန်းလှန်သွားနိုင်တာဖြစ်ပါတယ်။ ကိုဖီအာနန်ရဲ့

အစီရင်ခံစာပါ အချက်အများစုကို စာရေးသူ မေးခွန်းထုတ်ချင်တာ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆိုအရ ရေတို လုပ်သင့်တဲ့အပိုင်း လုပ်မှာဖြစ်ပြီးရေရှည်လုပ်ရမည့်အပိုင်းကို အခြေအနေနဲ့ အချိန်ပေးလုပ်မယ်လို့ဆိုလိုက်တဲ့အတွက် ဒီအစီရင်ခံစာ အကောင်အထည်ဖေါ်နေစဉ်အတောအတွင်း ဘင်္ဂလီများဟာ ဒေသခံရခိုင်တွေကို နားလည်လာအောင် သနားလာအောင် ပြုမှူဆောင်ရွက်ဖို့လိုအပ်ပြီး စိတ်ရှည်သည်းခံမှု မပေးဘဲ အကြမ်းဖက်နည်းလမ်းတွေကိုဘဲ အဖျက်အမှောက် လိုက်လုပ်နေမယ်ဆိုရင်တော့ အစီရင်ခံစာဟာ အလဟသဖြစ်သွားမှာ သေချာပါတယ်။ အပြည့်အဝပြီးစီးမှူ ဘယ်အချိန်မှာပြီးမလဲ ဆိုတဲ့ အတိုင်းအတာဟာ ဘင်္ဂလီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသခံတိုင်းရင်သားတွေ နားလည်လက်ခံမှူ အပေါ်တွင်သာ မူတည်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments