ကိုမြတ်စံ ● အမေ … ကျနော်နဲ့ စက်တင်ဘာ မိုးစက်များ …

ကိုမြတ်စံ ● အမေ … ကျနော်နဲ့ စက်တင်ဘာ မိုးစက်များ …
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇

ဒီနေ့မနက် အရုဏ်တက်ချိန်ကတည်းက နိုးနေတယ်။ ဆေးရုံမှာ အမေ့ကိုညစောင့်ပေးနေတဲ့ အမတဝမ်းကွဲဖြစ်သူကို လူစား လဲပေးရန်နှင့် မနက်စာပိုဖို့အတွက် ပြင်ဆင်ပြီးချိန် အပြင်ဖက်မှာ မိုးလေးကတဖွဲဖွဲ… စက်တင်ဘာလရဲ့မိုးစက်များ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီးမှုတွေမြင့်တက်နေချိန်ကာလရဲ့နေ့ရက်တရက်ကို ပြန်အမှတ်ရမိ။

အဲ့ဒီနေ့ မနက်ခင်းစောစောပိုင်း အကိုတဝမ်းကွဲနေအိမ်တွင်ရောက်နေတဲ့ ကျနော့်ထံ အမေခမျာ အစောကြီးရောက်လာ။ မ နေ့ညက မြို့ထဲအိမ်သို့ ထောက်လှမ်းရေးများရောက်လာကြောင်း။ ဒီမှာနေထိုင်ရတာ လုံခြုံမှု ရှိ/မရှိ စိုးရိမ်စိတ်ဖြင့်မေးနေတဲ့ အမေ့မျက်နှာ ကျနော်အနေနဲ့ တိမ်းရှောင်စရာလည်း မလိုသလို အကြောင်းမဲ့ဖမ်းလို့လည်းမရကြောင်း အမေ့ကိုပြန်ရှင်းပြ။ အမေ့လက်ထဲမှ တတိယအကြိမ် သားဖြစ်သူကို ပြန်လုယူခံသွားရမှာကို စိတ်ပူနေတဲ့အမေ။ အမေထင်ထားတဲ့အတိုင်းပါပဲ သိပ်မကြာခင်ကာလ နိုဝင်ဘာလကုန်မှ ကျနော့်မှာ တတိယအကြိမ် ထပ်မံထိန်းသိမိးခံရ။ ၂၀၀၇ ဒီဇင်ဘာလကုန် စစ်ကြော မေးမြန်းကိစ္စများပြီးဆုံးလို့ အင်းစိန်ထောင် တွဲဖက်သို့လွှဲအပ်ပြီးချိန် ဧည့်တွေ့ခွင့် (ထောင်ဝင်စာ) ရမယ်ဆိုတဲ့ မိတ်ဆွေမိသား စုများထံမှ သတင်းကြားပြီး စားသောက်စရာ ဝတ်စရာများစီစဉ်ကာ အမေ့ခမျာ အပြေးလာရင်း ကားမတော်တဆမှုကြောင့် ဒူးခေါင်းနဲ့ ခြေထောက်ဒဏ်ရာရပြီး ခွဲစိတ်ခံရ …။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင်အမိန့်ချပြီးနောက် မြစ်ကြီးနားသို့ပြောင်းရွှေ့ခံရပြီး အဖေ အမေတိုနဲ့ ထပ်မဆုံဖြစ်။ ကိုသူရ (ဇာဂနာ) Maung Thura ရဲ့အိမ်မှ မိသားစု ဧည့်တွေ့ ထောင်ဝင်စာလူကြုံဖြင့်သာ စားသောက်စရာများ။ ထောင်ဗူး ဝ အပ်ငွေများပို့ခဲ့။ ကံမကောင်းအကြောင်းမလှစွာပင်…၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျနော့်အဖေမှာ ကျနော့် လွတ်ရက်ကိုစောင့်မျှော်နေရင်း ဆုံးပါးကွယ်လွန်သွားခဲ့။

- ၂၀၁၀ ခုနှစ် ဧပြီလတွင် မြစ်ကြီးနားမှ ရန်ကုန်အိမ်သို့ပြန်ရောက်ချိန် လစ်ဟာနေတဲ့အိမ်မှာ အမေနဲ့ညီမလေးကို အားပေး ကူညီရင်း……

- တိုက်ဆိုင်မှုတခုလို့ပြောရမလား…၂၀၁၃ စက်တင်ဘာလကုန်ပိုင်းတွင် နေပြည်တော်မှာပြုလုပ်တဲ့ အသင်းအဖွဲ့ဆိုင်ရာဥပ ဒေပြင်ဆင်ရေး ဆွေးနွေးပွဲကိုပြုလုပ်နေစဉ် ကျနော့်မှာ ရုတ်တရက် ခြေထောက်အောက်ပိုင်းများ အကြောသေသလိုဖြစ်ပြီးလှုပ်ရှားမရဖြစ်ခဲ့။ နှစ်ကာလကြာရှည်စွာ ထောင်တွင်းနေထိုင်ခဲ့မှုများ။ စစ်ကြောရေးနဲ့ ထောင်တွင်းနှိပ်စက်ခံရမှု့ဒဏ်များ ကြောင့် ခါးရိုးဆစ် ကျီးပေါင်တက နာတာရှည်ဒဏ်ဖြစ်ကာ အတွင်းလူနာအဖြစ်ကုသခံရ။ အမေနဲ့ညီမလေးမှာ သောကများ စွာဖြင့်… ဆရာဝန် သမားတော်ကြီးများနဲ့ မိတ်ဆွေသူငယ်ချင်းများ။ လုပ်ဖော်ကိုင်ဖက်များရဲ့ အားပေးမှုဖြင့် တနှစ်ခွဲအကြာ မှာ ပုံမှန်လူနီးပါး ပြန်လည်လမ်းလျှောက်နိုင်ခဲ့…။

- ယခုနှစ်လယ်ပိုင်းတွင် နဂိုမူလ ခါးရိုးဆစ်ကျီးပေါင်းနေရာမှ ဒဏ်ပြန်ဖြစ်လာပြီး ဆရာဝန်ကြီး၏စမ်းသက်ချက်အရ… နောက် ထပ် (MRI) သံလိုက်ဓါတ်မှန်အဖြေအရ… Deformaty Chronic Lumeber Spondylosis (နာတာရှည် ပုံပျက်နေသော ခါးရိုးကျီးပေါင်တက်ရောဂါ) ဖြစ်နေ၍ ဆေးကုသမှုခံယူရမည်ဖြစ်။

- သို့ပေမဲ့ အမေ့ရဲ့ရုပ်တရက်ဖြစ်ပေါ်လာတဲ့ ခါးရိုးအကြောညပ်ကြောင့် အတွင်းလူနာအဖြစ် ကုသမှုခံနေရတာလည်း ဒီလ စက်တင်ဘာလကုန်ပိုင်း… ဆေးရုံတက်ရက် ၉ ရက်မြောက်မှာတော့ နောက်ထပ်ရိုက်ရတဲ့ X-Ray အဖြေများအရ တရက်ခြား တခါ ဆေးထိုးပေးခြင်း။ နေ့စဉ် Physio Therapy များဖြင့် ရူပဗေဒကုထုံးပေခြင်းများပြုလုပ်… အချိန်တခုယူပြီး အမေ့ရဲ့ခံစား နေရတဲ့ဝေဒနာ သက်သာပျောက်ကင်းဖို့ ဘေးနာမှာအနီးကပ်ပြုစုပေးရင်း… ရောက်ရှိနေတဲ့ စက်တင်ဘာလ အချိန်ကာလရဲ့ ပုံရိပ်များဟာ ဝေးတလှည့် နီးတလှည့် …။

- မနေ့က ရေ့ဝါရောင်တော်လှန်ရေးကာလအတွင်း လှုပ်ရှားမှုပုံရိပ်မှတ်တမ်းများနဲ့ ပါဝင်ဆေင်ရွက်ခဲ့သူတို့၏ Burma VJ (၁၀) နှစ်မြောက်အမှတ်တရပွဲ ဖိတ်စာကို ကိုဘို BoBo Htoon နဲ့ ကိုစံသာအောင် San Thar Aung တို့မှ ဖိတ်ကြားစာ လက်ခံရရှိခဲ့…စက်တင်ဘာလရဲ့ ပုံရိပ်များ နဲ့  သက်ဝင်လှုပ်ရှားခဲ့မှုများအကြောင်း ဟိုတစ်စ ဒီတစ်စ အတွေးနယ်လွင့်မျောရင်း အမေ…ကျနော်နဲ့…စက်တင်ဘာ မိုးစက်များ ....။

အစဉ်အမြဲ မေတ္တာများဖြင့်
ကိုမြတ်စံ

Comments