မိုက်ခဲစိန် - အဖြစ်မရှိဘူး သို့သော် အပျက်ကတော့ ဖြစ်တယ်တဲ့ သမ္မတကြီး ဒေါ်နယ်ထရန့်



မိုက်ခဲစိန် - အဖြစ်မရှိဘူး သို့သော် အပျက်ကတော့ ဖြစ်တယ်တဲ့ သမ္မတကြီး ဒေါ်နယ်ထရန့်
(မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၇)


ဒေါ်နယ်ထရန့် အမေရိကန်မှာ မင်းလုပ်တော့မှပဲ အမေရိကန်လည်း ပြည်ပျက်တော့တာပဲလို့ ပြောရမယ်။ သူလုပ်လိုက်သမျှတွေ အားလုံးဟာ တလွဲချည်းပဲလို့ ဝေဖန်ရေးဆရာတွေက ဆိုကြတယ်။ သူကလည်း ဒီလိုလုပ်မယ်လို့ ကြိုပြောခဲ့တာဆိုတော့ သူ့ကတိတွေ တည်ပါတယ်။ သူ့ကို ဘယ်လိုပဲ တားဆီးတားဆီး သူက ဖြစ်အောင်တော့ လုပ်ပစ်လိုက်တာချည်းပါ။  ရှေ့က သမ္မတအိုဘားမားနဲ့ ဒီမိုကရက်တွေ လုပ်ခဲ့သမျှ သူက ပြင်လိုက် ပြောင်းလိုက်တာချည်းပဲ။ သူပြင်လိုက် ပြောင်းလိုက်လို့ ကောင်းသွားတာထက် ပျက်သွားတာကတော့ အမှန်ပါ။ ဒါကလည်း သူ့ အောင်မြင်ချက်လို့ ယူသော်ရ၏ပေါ့။

လူတွေက စောဒကတက်မယ်။ သူ အိုဘားမားကျန်းမာရေးဥပဒေကို မဖျက်ပစ်လိုက်နိုင်ပါဘူးလို့။ လွှတ်တော်မှာ အယူခံတင်တာ ရှုံးခဲ့တာကိုး။ အမေရိကန်အခွန်တော်ဥပဒေမှာ လျော့ပေါ့မှုတွေ လုပ်မယ်ဆို ခုထိလည်း ဖြစ်မလာသေးပါလားပေါ့။ မူဆလင်တွေကို တားမြစ်မယ်၊ လူဝင်မှုကို ကြီးကြပ်မယ်ဆိုပြီးတော့လည်း အင်မီဂရင့်တွေ ၀င်လာမစဲ တသဲသဲပါပဲလား။ သူပြောသလို မက္ကစီကိုက တံတိုင်းဘိုးတွေ စိုက်ပြီး ဆောက်ပေးမှာလည်း ဖြစ်မလာသေးဘူးလေ။

ဒီလိုတော့ မပြောနဲ့လေ။ သူက ပြင်တာ ပြောင်းတာထက် ပျက်လိုက် ဖျက်လိုက်တာမှာ ချံပီယံပါ။ တလောက အိုဘားမားကျန်းမာရေးဥပဒေကို အရှိုက်တချက် ထိုးလိုက်တယ်။ အစိုးရကနေ ထောက်ပံ့ပေးနေတဲ့ ငွေကြေးတွေကို ဖြတ်တောက်လိုက်နိုင်တယ်။ သူက မီဒီယာတွေကို နာမည်ပျက်အောင် တိုးပြီး တိုက်ခိုက်နိုင်တယ်။ ကျောက်မီးသွေးစွမ်းအင် စက်ရုံတွေအပေါ် ကန့်သတ်ထားတာတွေကို ဖယ်ရှားပစ်လိုက်တယ်။ NAFTA လို့ခေါ်တဲ့ မြောက်အမေရိကန်မဟာမိတ် ကုန်သွယ်မှုစာချုပ်ကို ချိနဲ့အောင် အကြပ်ကိုင်လိုက်နိုင်တယ်။ အီရန်နဲ့ ချုပ်ထားတဲ့ နယူလက်နက်ထိန်းချုပ်ရေးစာချုပ်ကိုလည်း ဆက်ပြီး အတည်မယူဘူးလို့လည်း ဆိုလိုက်ပြန်တယ်။ ကုလသမဂ္ဂရဲ့ UNESCO ဆိုတဲ့ ယဉ်ကျေးမှုအဖွဲ့ကနေတောင် ထွက်ပစ်လိုက်သေးဗျာ။ တချက်လွှတ်အမိန့်တွေနဲ့ချည်း ဖြစ်အောင်မလုပ်၊ ပျက်အောင်လုပ်လိုက်နိုင်တယ် မဟုတ်ပါလား။ ထရန့်တို့က အဖြစ်မရှိဘူး၊ အပျက်ကတော့ ရတယ်၊ လာထား ချည်းပဲလေ။

တိုင်းပြည်ကို ပြောင်းလဲသွားအောင် လုပ်ပစ်လိုက်မယ်ဆိုပြီး ကြိမ်းထားတဲ့အတိုင်း ပြောင်းပစ်နေတာ ပြောတဲ့အတိုင်း မဟုတ်ပါလားခင်ဗျ။ သူရဲ့ အစွန်းရောက်တဲ့ အမြင်တွေ သဘောထားတွေကို ပြည်သူတွေကြားထဲ ရောက်အောင် ပို့ပေးနိုင်တာ သူ့အစွမ်းဖြစ်ပါတယ်။ အတိုက်အခံတွေကို ကျော်လွန်ပြီးတော့ ၀ါရှင်တန်ရဲ့ ဗြူရိုကရေစီ ယန္တရားကြီးကို ဖီဆန်ပြီးတော့ သူ့အရေးတွေ ရှေ့ရောက်အောင် လုပ်နိုင်ခဲ့တယ် မဟုတ်ဘူးလား ခင်ဗျ။

မီဒီယာတွေရဲ့ အခမ်းကဏ္ဍကို မေးခွန်းထုတ် စိန်ခေါ်ရင်းကပဲ NBC မီဒီယာလုပ်ငန်း လိုင်စင်ကိုတောင် သိမ်းပစ်လိုက်ရမလားလို့ သူက ခြိန်းခြောက်ပါတယ်။ လူမည်းအားကစားသမားတွေက အသားအရောင် ခွဲခြားမှုအတွက် ဆန္ဒထုတ်ဖော်နေတာကို သူက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်မရှိသူတွေ ဆိုပြီး ပြန်လှန် စွပ်စွဲ လိုက်နိုင်ပါတယ်။ မြောက်ကိုရီးယားက အာဏာရှင်ကိုတောင် သူက ရန်စ စိန်ခေါ်ပြီး လူတွေကြားထဲ မငြိမ်မသက်ဖြစ်ကုန်အောင် လှုံဆော်ပစ်လိုက်နိုင်ပါတယ်။ ဒါတွေဟာ သမ္မတကြီး ထရန့်ရဲ့ သမာသမတ်ကျတဲ့ လုပ်ပုံကိုင်ပုံတွေပါလို့ ဘယ်သူကမှ ၀င်ပြီး ဖာပေးနိုင်မှာ မဟုတ်တဲ့ သက်သေတွေချည်းပါပဲ။

အမေရိကန်ဒီမိုကရေစီမှာ အကန့်အသတ် စည်းမျဉ်း စည်းကမ်းတွေ အခြေခံဥပဒေတွေ ဆိုတာ ရှိရဲ့သားနဲ့ ထရန့်တယောက် သမ္မတအာဏာတခုတည်း ကိုင်ပြီးတော့ ထင်တိုင်းကျဲနိုင်တယ် ဆိုတာ အတော် ဆင်ခြင်ရ သုံးသပ်ရ ကြပ်လှပါတယ်။ ပြည်ထောင်စုခုံရုံးမှာ ထရန့်အမိန့်တွေကို တန်ပြန် တရားရင်ဆိုင်နေရတာတွေ ရှိပါတယ်။ လွှတ်တော်ကလည်း သူခိုင်းတဲ့အတိုင်း မထောက်ခံကြပါဘူး။ သို့သော် သူက သမ္မတလုပ်ပိုင်ခွင့်ထဲကနေ လုပ်လို့ရသလောက် အကုန်လုပ်ပစ်သူပါ။ အစိုးရရဲ့ (လွှတ်တော်ပြင်ပက) လွတ်လပ်သောသီးခြားအေဂျင်စီတွေဖြစ်တဲ့ FCC (ဆက်သွယ်ရေး ပြန်ကြားရေး) EPA (ပတ်ဝန်းကျင်ထိန်းသိမ်းရေး)တွေကို အမိန့်ပေးပြီးတော့ ကန့်သတ်မှုတွေ တုန့်ပြန် တားဆီးမှုတွေ လုပ်ပါတယ်။ ဒါတွေဟာ သူ့ကို ထောက်ခံနေတဲ့ မျိုးချစ်တွေ ရှေးရိုးစွဲတွေအတွက်ကတော့ အသည်းစွဲစေတဲ့ အကယ်ဒမီရိုက်ချက်တွေလို့ ဆိုရမှာပါ။ ဥပမာ EPA ကနေပြီးတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို အရေးမလုပ်တော့တာမျိုးဟာ အိုဘားမားလက်ထက်က လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်ပစ်တာပါ။

သူ့အစွမ်းဟာ တကယ်ကို ထက်မြက်တယ်ဆိုတာ အရင်ကလျော့တွက်ခဲ့ဖူးသူတွေတောင် အခု ၀န်ခံနေရပါတယ်။ တွစ်တာပေါ်ကနေ ထရန့်ပြောလိုက်တာတွေဟာ မိုးကြိုးသွားတွေချည်းပါ။ ဥပမာအားဖြင့် NFL ဆိုတဲ့ အမေရိကန်ဘောလုံးပွဲရဲ့ ပရိသတ်အားဟာ မျိုးချစ်တွေ များပါတယ်။ အမေရိကန်စစ်စစ်ကြီးတွေရဲ့ ဘာသာရေးဆန်ဆန် ကိုးကွယ် မီခိုကြတဲ့ အားကစားပွဲပါ။ လူမည်းတွေဟာ ထင်ရှားတဲ့ စတားကစားသမားတွေ ပါဝင်တယ်။ ပွဲတိုင်းမှာ နိုင်ငံတော်သီချင်းနဲ့ အလေးပြုပြီး ဖွင့်ကြရတယ်။ အဲသည်မှာ လူမည်းစတားကစားသမားတွေက သူတို့လူမည်းတွေ တန်းတူညီမျှမှုကို ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ အလေးမပြုဘဲ ဒူးထောက်ထိုင်ကြပါတယ်။ ဒါကို ထရန့်က မျိုးချစ်မရှိသူတွေ နိုင်ငံသားစိတ် မရှိသူတွေလို့ တွစ်တာကနေ တွယ်ထည့်လိုက်တာနဲ့တင် NFL စီစဉ်သူတွေနဲ့ ပရိသတ်ကြား ကမောက်ကမတွေ ဖြစ်ကုန်ကြတာ ခုဆို လူမည်းစတားကစားသမားတွေဟာ မျက်နှာငယ်ကုန်ကြပါလေရောဗျာ။ ဒါ သမ္မတကြီး ထရန့် အစွမ်းတခုပါ။ ပြောချင်တာက ထရန့်ဟာ သူဖြစ်ချင်တာ ဖြစ်ဖို့ ပရိသတ်ကို သူလိုရာ ဆွဲပြီး ကစားပစ်နိုင်တယ်လို့ ဆိုချင်တာပါ။

နိုင်ငံရေးမှာလည်း သူနဲ့မတူ သူ့ရန်သူအဖြစ် သဘောထားပြီး ထရန့်က ပယ်ပယ်နယ်နယ် အစိမ်းအကျက်မရွေး တွယ်ပါတယ်။ သူ့ပါတီ ရီပတ်ဘလစ်ကန် အမတ်တွေကိုတောင် တွစ်တာကနေ တွယ်လွန်းလို့ အခု သူနဲ့ သဘောမတူတဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂ ဦးဟာ ထရန့်ကို ဝေဖန် ပြစ်တင်ကြတာတောင် သူတို့ နောက်နှစ် သက်တမ်းကို မ၀င်တော့ပါဆိုတဲ့ ကြေညာချက်ထုတ် စတေးပစ်ပြီး ထုတ်ဖော် ဝေဖန်နေကြရတာပါ။ ထရန့်ရဲ့ အစွမ်းဟာ အဖြစ်ထက် အပျက်ကို ပိုအားသန်နေတယ်၊ ပိုပြီးလည်း အစွမ်းထက်လာတယ်၊ အတိုက်အခံတွေဘက်ကလည်း တန်ပြန်နိုင်ဖို့ အားနည်းလာတယ်ဆိုရင် ဒါက အမေရိကန်အတွက်ကော ကမ္ဘာကြီးအတွက်ကော ဘယ်ကို ဦးတည်နေပြီလဲ ဆိုတာ စဉ်းစားစရာပါ။

လွန်ခဲ့တဲ့ နှစ်တွေ ပြန်ကြည့်ရအောင်။ လူပြိန်းကြိုက် အာဏာရှင်တွေ နိုင်ငံတကာမှာ ခေါင်းထောင်လာခဲ့ကြတယ်။ ရုရှားမှာဆိုရင် ပူတင်၊ တူရကီမှာ အီရာဒိုဂန်၊ ဟန်ဂေရီမှာ ဗစ်တာအိုဘန် တို့ အာဏာရလာခဲ့ကြတယ်။ ပြည်ပက ပညာရှိကြီးတွေက ယုတ္တိဗေဒနည်းတွေနဲ့ စဉ်းစားပြီး ဒီလိုလူတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်စီးအောင် မလုပ်နိုင်စွမ်းပါဘူးလို့ အထင်သေး လျော့တွက်ခဲ့ကြတယ်။ သူတို့တိုင်းပြည်က ပြည်တွင်းစကောလားတွေကကျပြန်တော့  ဒီခေါင်းဆောင်တွေဘက်က ရှေ့နေလိုက်ပေးခဲ့ကြတယ်။ သူတို့ဟာ ပျော့ပြောင်းတဲ့ ရှေးရိုးစွဲတွေပါ၊ တိုင်းပြည်ကို အဆိုးထဲကနေ အကောင်းဘက်ကို ဆွဲတင်မှာပါလို့ အကာအကွယ်ပေးခဲ့ကြပါတယ်။ အခုအချိန်မှာ ပြန်ကြည့်လိုက်တော့ အကုန်လွဲတာပဲ မဟုတ်လား။ တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကို သူတို့အာဏာရှင်တွေက လူပြိန်းတွေရဲ့ မဲ နှာတဖြားအသာနဲ့ မောင်ပိုင်စီးခဲ့ကြပြီ။ သူတို့တွေရဲ့ အစွန်းရောက် တဖက်သတ် အယူအဆတွေကို လူပြိန်းတွေခေါင်းထဲ အရောက် မောင်းသွင်းနိုင်ခဲ့ကြပြီလေ။

သည်လိုနည်းနဲ့ပဲ ထရန့်တယောက်ဟာ အမေရိကန်လူပြိန်းတွေကို လိုရာဆွဲ တိုင်းပြည်ကို တွစ်တာနဲ့ တွယ်ပြီး ရှေ့က ပြေးနေပြီလို့ မတွေးမိကြလေဘူးလား။ လူပညာရှိတွေကတော့ သာမန်လူတွေဟာ အစွန်းရောက်တဲ့ တဖက်သတ်ရောက်တဲ့ အပြောင်းအလဲတွေကို ယေဘူယျအားဖြင့် ဆန့်ကျင်ကြလိမ့်မယ်လို့ မဲတင်းခဲ့ကြတာ အခု ဟုတ်သေးရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။

ဟုတ်ပါတယ်။ သူတို့ လုပ်ချင်တဲ့ အစွန်းရောက်တဲ့ တဖက်သတ်ရောက်တဲ့ အပြောင်းအလဲတွေ (ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဖျက်ပစ်တာတို့၊ မက္ကစီကိုတံတိုင်းကြီး ဆောက်တာတို့) ဟာ ချက်ခြင်းကြီးတော့ ဖြစ်မလာပါ။ ဆန့်ကျင်မှုတွေနဲ့တော့ ရင်ဆိုင်နေရတုန်းပါပဲ။ ဒါပေမယ့် အဲသည်လို ပြောင်းလဲပစ်နိုင်ဖို့အတွက် ထရန့်ဟာ လက်ရှိသမ္မတသက်တမ်း ၁၀လ အတွင်းမှာ အခြေခံ အဖျက်အမှောက်လုပ်ငန်းတွေကို လုပ်ဆောင်ပြီး ခြေကုပ်ယူနိုင်လိုက်တယ်ဆိုတာကိုတော့ လက်ခံကြရလိမ့်မယ်။

သက်သေတွေကတော့ - ကျန်းမာရေးဥပဒေကို ပံ့ပိုးတဲ့ အစိုးရဘတ်ဂျက်တွေ ဖြတ်တောက်လိုက်နိုင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို အသိပေး ဝေဖန်တဲ့ ပင်မရေစီး မီဒီယာလုပ်ငန်းတွေကို အပုတ်ချပစ်တယ်။ အီရန်နဲ့ နယူစာချုပ်ကိုလည်း ဖျက်မလို ပြောတယ်။ NAFTA ကုန်သွယ်ရေးကိုလည်း နှောက်ယှက်ပစ်လိုက်တယ်။ လွတ်လပ်မှုတွေကို ခြိမ်းခြောက်ပြီးတော့ သူ့အစွန်းရောက် သဘောထားတွေကို လူပြိန်းတွေခေါင်းထဲ ရိုက်သွင်းသလို တွင်တွင် ၀ါဒဖြန့်ဖို့အတွက် တွစ်တာကိုလည်း အသုံးချနိုင်ခဲ့တယ်လေ။ ဒီအတိုင်း ထရန့်သာ မှန်မှန်ကြီး ချီတက်နိုင်ခဲ့မယ် ဆိုရင် အာဏာရှင်လက်အောက်မှာ ခေါင်းငုံ့နေကြရတဲ့ တိုင်းပြည်တွေလိုမျိုး ဒီမိုကရေစီဆိုတာ ပြန်ခေါင်းထောင်လာဖို့ ဖြစ်နိုင်ပါတော့မလားလို့ ကြိုတင် စိုးရိမ်စရာ ဖြစ်ပါတယ်။ အခု ကမ္ဘာမှာကလည်း ငါနဲ့ မတူ ငါ့တို့ရန်သူဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက် အာဏာရှင်တွေအပြင် သူတို့ကို ကာပြန်တဲ့ ရှေးရိုးစွဲ အရင်းရှင် လက်ယာအစွန်းရောက် မျိုးချစ် အာဏာရှင်ခေါင်းဆောင်တွေ အစိုးရတွေ ပါတီတွေကလည်း ရှေ့တန်းရောက်နေတာက သာဓက ဖြစ်နေပြီ မဟုတ်ပါလား။

နိဂုံးချုပ်ရရင်တော့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတခြင်း ဆိုတာ မျက်မှောက်ခေတ်မှာ အတိုက်အခိုက် ခံနေရပါပြီ။ အနိုင်ကျင့်ခံနေရပါပြီ။ တဖက်သတ် အစွန်းရောက်တွေရဲ့ ရိုင်းပြ စော်ကားတဲ့ လက်တုန့်ပြန်မှုကို ကြောက်ရွံ့ပြီး မတွန်းလှန်ခဲ့ကြရင်ဖြင့် အမေရိကန်လည်း ဒေါ်နယ်ထရန့် သမ္မတကြီးနဲ့ ရာသက်ပန် စခန်းသွားကြရုံသာ ရှိတော့ကြောင်း ...

(ရည်ညွှန်း - အမေရိကန်ထုတ် အွန်လိုင်းသတင်းဆောင်းပါးတွေ သုံးသပ်ချက်တွေကို ဖတ်ပြီး ကိုးကားပြီး သည်ဆောင်းပါးကို ရေးပါတယ်။ ထရန့်ခေတ် ထရန့်လက်အောက်မှာ စာမရေးဘဲ နေခဲ့မိရင် နောက် ရေးခွင့်တောင် ရပါတော့မလား စိုးရိမ်စိတ်နဲ့ ရေးရတာပါ)

Comments