နရီမင်း - ဖေ့စ်ဘုတ်ဆိုတာ


ဖေ့စ်ဘုတ်ဆိုတာ...
နရီမင်း 
(မိုးမခ)၊ နိုဝင်ဘာ ၁၂၊ ၂၀၁၇

ဖေ့စ်ဘုတ်ဆိုတာ
စီးပွားရေးသမားတွေ ဈေးရောင်းပြီး
နိုင်ငံရေးသမားတွေ မဲတောင်းတဲ့ နေရာဖြစ်တယ်။
ကြော်ငြာသူက ကြော်ငြာပြီး
လိမ်ညာသူကလည်း လိမ်ညာကြတယ်။

ဖေ့စ်ဘုတ်ဟာ
ရွာကြီးတစ်ရွာဆိုမှတော့
ဒီရွာမှာ ဘိန်းစားနဲ့ဂျပိုး၊
သူခိုးနဲ့ ပြည့်တန်ဆာ
အမျိုးစုံရှိမှာပဲ။
ဒါပေမဲ့
ဒီရွာဟာ စုန်းအတတ်ပညာ ထွန်းကားရာ မှော်ကမ္ဘာဖြစ်တယ်။
အဘွားကြီးတွေ ပြန်ငယ်ချင်လို့ရသလို
လူအိုတွေ ပြန်ပျိုနိုင်ပြီး
ငကြောက်က သူရဲကောင်းနဲ့
ဖာခေါင်းက သူတော်ကောင်းဖြစ်နိုင်တယ်။

ဖေ့စ်ဘုတ်ဟာ
ဒီမိုကရေစီ ကျင့်သုံးမှုပါလို့
ဘယ်လောက်ပဲ ပြောပြော
ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့
အုပ်စုဖွဲ့လူမိုက်ဂိုဏ်းတွေလည်း ရှိမှာပဲ။

ဖေ့စ်ဘုတ်ဆိုတာ
အမျိုးသားတချို့ လက်မောင်းကြွက်သားညှစ်ပြဖို့နဲ့
အမျိုးသမီးတချို့ တင်ပါးကြွက်သားညှစ်ပြဖို့ နေရာလည်း ဖြစ်တယ်။

တချို့ ဖေ့စ်ဘုတ်ပေါ် စစ်တိုက်ကြပြီး
တချို့ ဖေ့စ်ဘုတ်ပေါ် မိတ်လိုက်ကြတယ်။
ငါတို့ဟာ နတ်တွေလို
အငွေ့ကို စားပြီး
အငွေ့နဲ့ တိုက်ကြတယ်။

နတ်တွေတောင် ကိုယ်ထင်ပြကြတာမို့
အာရပ်နွေဦးဟာ
ဖေ့စ်ဘုတ်ကနေ
လမ်းတွေပေါ်ရောက်လာတယ်။
ဖေ့စ်ဘုတ်က
ကြွက်ထောင်ချောက်တံခါးတွေလို ပွင့်နေတယ်။
ငါတို့ရဲ့ စိတ်တွေကို
အပြိုင်လိုက်ဖွင့်လိုက်ရင်
ထောင်ထဲ လွယ်လွယ်ကူကူ ရောက်သွားမယ်။

လက်ပါးစေတွေကို
ဖေ့စ်ဘုတ် စောင့်ကြည့်ခိုင်းထားတဲ့
နောက်ကျောမလုံတဲ့ အာဏာရှင်တွေရဲ့
ဒေါသကို
ဂျူးလူလည်က
ခွက်ထိုးခွက်လန် ရယ်မောနေလိမ့်မယ်။

``
အသံမဲ့ပြည်သူတွေကို
လော်စပီကာတစ်လုံး ပေးခဲ့တယ်´´ဆိုတဲ့
ရှုထောင့်ကနေကြည့်ရင်
ဂျူးလူလည်ဟာ
ငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်။
အခွန်တွေ ကောက်ကောက်နေပြီး
ဘာမှ ပြန်မပေးသူတွေနဲ့ စာရင်
အများကြီး သာတာပေါ့။

တခါက စီးပွားရေးဖိုရမ်တခုမှာ
ဘွားဘွားမာကယ်က
သူ့အနားသွားထိုင်ပြီး ဆုံးမတော့
သူ့အိမ်ပေါ်မှာ
အိမ်ငှားတွေ ထထသတ်နေကြတာ
သူနဲ့ မဆိုင်ဘူးလို့
ဂျူးလူလည်က ငြင်းတယ်။

ဖေ့စ်ဘုတ်ဟာ
တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေတဲ့
ရွာကြီးတစ်ရွာ ဖြစ်နေတာ
ဘွားဘွားက သည်းမခံနိုင်ဘူး။

ပေါက်ဖော်ကြီးကတော့ ရှင်းတယ်။
ဖေ့စ်ဘုတ်ဆီ သွားဖို့
ပတ်စ်ပို့ ပိတ်ပစ်လိုက်တယ်။
သူ့ဘာသာ
လေထဲမှာ ရွာတည်တယ်။
တံခါးတွေ အလုံပိတ်ပြီး
စီစီတီဗွီတွေ တပ်ထားတဲ့
ရွာအတုကြီးပါ၊
အသက်ရှူရတာ မဝဘူး။

ငါတို့ဟာ
အဖိနှိပ်ခံတွေပါ။
နေ့စဉ်ဘဝမွန်းကျပ်မှုတွေထဲကနေ
အသက်ဝဝ ရှူရမလားလို့
ချွေးနဲစာထဲကနေ ဘေကုန်ခံပြီး ဖေ့စ်ဘုတ်ပေါ် တက်လာကြတာ။

တောထဲ ရေချိုးနေတဲ့ မိန်းမကို
မုဒိမ်းကျင့်ဖို့ ချောင်းမြောင်းနေသလိုမျိုး
ငါတို့စိတ်တွေ ချွတ်ချလိုက်တာကိုပဲ
အခွင့်ကောင်းယူဖို့ ချောင်းမြောင်းနေသူတွေ ရှိတယ်။

ဘာပဲဖြစ်ဖြစ်
လူက အသေကောင်လို ငြိမ်သက်နေရတာတောင်
ငါတို့စိတ်တွေ ခုန်ပေါက်ပြေးလွှားစရာ
ဖေ့စ်ဘုတ်လို နေရာဟာ
လိုအပ်တယ်။


နရီမင်း
၆- ၁၁- ၂၀၁၇

Comments