ပီနန်ဆရာတော်ကြီး၏ သြ၀ါဒ ကောက်နုတ်ချက်



ပီနန်ဆရာတော်ကြီး၏ သြ၀ါဒ ကောက်နုတ်ချက်

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇


အောက်တိုဘာ ၁၈၊ ၂၀၁၈ က မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဓမ္မိကာရာမ မြန်မာကျောင်းတိုက်မှာ နိုင်ငံတကာသာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်သံဃာတော်များကို မိန့်ကြားခဲ့တဲ့ သြ၀ါဒကို ဖော်ပြလိုက်ပါတယ်။ ဆရာ မောင်စွမ်းရည်က ပေးပို့ပါတယ်။

၁၈-၁၀-၂၀၁၇

ဘုန်းကြီးအနေနဲ့ ပထမဆုံး ပြောချင်တာက တပည့်တော် နေမကောင်းဘူးဆိုတာ သိလို့ အရှင် ဘုရားတို့အားလုံး အဝေးကြီးကနေ လာကြတဲ့အတွက် အများကြီး စိတ်ချမ်းသာတယ်။ ဝမ်းလည်း ဝမ်းမြောက်တယ်။ နောက်တစ်ခု ပြောချင်တာက ဘုန်းကြီးလည်း သာသနာတော်ကြီး တိုးတက်အောင် အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်ခဲ့တာပဲ။ ဒီနေ့ ဒီမှာ ရှိကြတဲ့ အရှင်ဘုရားတို့တွေအားလုံး တစ်ပါးကိုတစ်ပါး အပြစ်မပြောကြနဲ့။ တစ်ပါးကိုတစ်ပါး အကူအညီပေးကြ။ တစ်ပါးနဲ့တစ်ပါး အပြစ် ပြောတာက အလကားပဲ။ အကုသိုလ် အလုပ်ပဲ။ အကျိုးမရှိဘူး။ ဒီတော့ ကောင်းတာကိုသာ ပြောကြ။

နောက်ပြီး မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပုဂ္ဂလိကပိုင် မဟုတ်ဘဲ၊ အရှင်ဘုရားတို့ အခု ဖွဲ့စည်းမည့် အဖွဲ့အောက်မှာ ထားပြီး အဖွဲ့အစည်းပိုင် လုပ်ကြရင် မကောင်းဘူးလား။ အခု အဖွဲ့ ဖွဲ့ကြ။ ကမ္ဘာအရပ်ရပ်ရှိ ဘုန်းကြီး တည်ထောင်ခဲ့တဲ့ ကျောင်းတွေရဲ့ အုပ်ချုပ် စီမံရေးကတော့ လက်ရှိ အနေ အထားအတိုင်း ရှိပါစေ။ မဟာသန္တိသုခ ကျောင်းတော်ကြီးရဲ့ ရည်ရွယ်ချက်က ပြည်တွင်းပြည်ပ သာသနာပြုဖို့အတွက် မြန်မာပြည်ရဲ့ ဌာနချုပ် ဖြစ်ရေးဆိုတော့ ပြည်တွင်းပြည်ပ သာသနာနဲ့ ဆိုင်တဲ့ ကိစ္စတွေကိုပဲ လုပ်ကြရမယ်။ ပြည်ပဌာနချုပ် ပီနန်ကျောင်းကို ပြည်ပရဲ့ ဌာနချုပ် လုပ်ပြီးတော့ ပြည် တွင်းပြည်ပ သာသနာပြု ကိစ္စတွေကို လုပ်ကြပါ။ တစ်ခြား ကိစ္စတွေ မပါစေနဲ့။ အခု ဖွဲ့စည်းမည့် အရှင် ဘုရားတို့ အဖွဲ့က သာသနာပြုအဖွဲ့၊ နိုင်ငံရေးတွေ မပါဝင်စေနဲ့။ အခု ဖွဲ့စည်းမည့် အဖွဲ့အစည်း အောက်မှာ ဂိုဏ်းဂဏတွေ မကွဲစေနဲ့။ ဂိုဏ်းဂဏက ကျဉ်းမြောင်းတယ်။ အဓိပ္ပာယ် မရှိဘူး။ ဂိုဏ်းဂဏ ဆိုတာ ပါတီထောင် တာမျိုးပဲ။ ကမ္ဘာအရပ်ရပ်ရှိ ကျောင်းတွေကိုလည်း ပုဂ္ဂလိကပိုင်တွေ မလုပ်ကြနဲ့။ အဖွဲ့ပိုင်ပဲ လုပ်ကြ။ ဝါတော်ကြီးတဲ့ မထေရ်ကြီးတွေက ဦးဆောင်ပြီး အဖွဲ့ဖွဲ့ကြ။ အဲဒီအဖွဲ့ရဲ့ သြဝါဒ အတိုင်း အားလုံး လိုက်နာကြ။ အဖွဲ့စည်းရယ်လို့ ရှိလာရင် အခြေခံ ဥပဒေဆိုတာ အရေးကြီးတယ်။ အဲဒီ အခြေခံ ဥပဒေအတိုင်း မဟာသန္တိသုခ ကျောင်းတော်ကြီးကို စောင့်ရှောက်၊ ထိန်းသိမ်း၊ သာသနာ ပြန့်ပွားအောင် လုပ်ရစ်ကြ။ တပည့်တော်က တည်ထောင်ပေးတာ ကျန်တာတွေ ဆက်လုပ်ရမှာက အရှင်ဘုရားတို့ တာဝန်ပဲ။

အခြေခံ ဥပဒေ ရေးဆွဲရာမှာ ဝိနည်းတော်နဲ့လည်း ကိုက်ညီ၊ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ကိုက်ညီနေစေရမယ်။ တစ်ယောက်ထဲ မရေးနဲ့၊ အားလုံး ညှိနှိုင်းပြီး ရေးကြ။ ဥပဒေ ပညာရှင်တွေရဲ့ အကြံဉာဏ်ကိုလည်း ယူ၊ ပြီးရင် အတည်ပြုကြ။ ဘုရား ဥပဒေတော်နဲ့ အဖွဲ့ရဲ့ ဥပဒေတွေဟာ အရှင် ဘုရားတို့ လိုက်နာရမည့် လမ်းညွှန်ချက်တွေပဲ။ အဲဒီ လမ်းညွှန်ချက်တွေနဲ့အညီ သာသနာ ပြုရစ်ကြ။ မဟာသန္တိသုခ ကျောင်းတော်ကြီးကိုလည်း အဲဒီ ဥပဒေနဲ့အညီ စီမံခန့်ခွဲ အုပ်ချုပ်ကြ။ မဟာသန္တိသုခ ကျောင်းက သာသနာ ပြုဖို့အတွက်ပဲ ဖြစ်နေရမယ်။ မဟာသန္တိသုခ ကျောင်းတော်ကြီးကို တပည့်တော် တို့ သာသနာပြု အဖွဲ့ရဲ့ ဌာနချုပ်ကြီး ဖြစ်နေစေချင်တယ်။ အမှန်တရား ပေါ်ထွက်လာရေးအတွက်ပဲ ကြိုးစားပြီး၊ သံဃမဟာနာယက အဖွဲ့ကိုလည်း အပြစ်တွေ မပြောကြနဲ့။ ကိုယ့်အလုပ်ကိုသာ လုပ်ကြ။ အဖွဲ့ထဲကို ပါဝင်လိုတဲ့ ဘယ်ဘုန်းကြီးပဲဖြစ်ဖြစ် ဘုရားတရားတော်နဲ့ ညီတယ်ဆိုရင် လိုက်ခံလိုက်။ ဒို့အဖွဲ့အစည်းထဲက ဘယ်သူ့ကိုမှ နှင်မထုတ်နဲ့။ နှင်ထုတ်တာ မကောင်းဘူး။ သူက ဒီနေရာမှာ အဆင် မပြေဘူး၊ ဒီကလူတွေနဲ့ အဆင်မပြေဘူးဆိုရင် အခြားနေရာ ပြောင်းပေးလိုက်။ သံအမတ်တွေ နိုင်ငံ ပြောင်းပြီး ခန့်အပ်သလိုပေါ့။ ဘုန်းကြီးကတော့ အဲဒီအတိုင်း လုပ်မယ်လို့ စိတ်ထဲ ရှိပါတယ်။ ငါက ပညာတော်တယ်၊ သူက ပညာမတတ်ဘူး၊ အဲဒီလို မဖြစ်စေနဲ့။ လူငယ်က လူကြီးပြောတာကို နား ထောင်ပြီးမှ လုပ်၊ လူကြီးကလည်း မျှမျှတတ ဖြစ်နေပါစေ။

ဥပမာ - ကျောင်းတစ်ကျောင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်စရာ ရှိလာရင် တစ်ဦးတစ်ယောက် ထဲက ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ၊ အဖွဲ့က ဆုံးဖြတ်တာမျိုးပဲ ဖြစ်ပါစေ။ အထူးသဖြင့်တော့ တပည့် တော်တို့ အားလုံးက ညီအစ်ကိုတွေပဲ။

နောက်ဆုံးအနေနဲ့ကတော့ ဒီအဖွဲ့အစည်းကို ကိုယ့်အတွက်ကြောင့် နာမည် မပျက်စေနဲ့။ ပိုမို ကောင်းမွန် တိုးတက်အောင် ကြိုးစားလုပ်ကြ။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး
ပီနန်မြို့၊ မလေးရှားနိုင်ငံ။
မောင်စွမ်းရည် ပေးပို့လိုက်ပါတယ်။

Comments