ခက်သီ ● တန်ဆောင်တိုင်

 ခက်သီ ● တန်ဆောင်တိုင်
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၇

မီးပုံးပျံလည်း မှိုင်းဝရင် တက်မှာပဲ
မယ်ဇလီဖူးလည်း ကံစွပ်ရင် ဆေးပေါင်းခမှာပဲ။

အချက်အလက်တွေရဲ့ပြင်ပမှာရှိတဲ့
နှလုံးသားကို ထွင်းဖောက်ခိုးယူလို့ရနိုင်မလား။

သိမှုဟာ ဆပ်ပြာခဲများလား
စားပွဲဝိုင်းဆွေးနွေမှုတွေဟာ အမြှုပ်ထွက်နေပြီ။

လေ့လာမှုဟာ ချော်ရည်ချော်ခဲဆိုရင်
ပွန်ပီမြို့ကြီးလည်း သမိုင်းမဖြစ်သင့်တော့ဘူး။

လေဟာနယ်ကို ယန္တာရားတွေမှာ စွမ်းအင်ပြောင်းလဲတတ်ရင်
အမုန်းတရားတွေကို နှလုံးသားမှာ ငြိမ်းချမ်းရေးပြောင်းလဲနိုင်ရမှာပေါ့။

လေယာဉ်ပျံကို ရိုတ်ညီနောင် တီထွင်ခဲ့ပြီးပါပြီ
လူ လူချင်း လူလိုမြင်တဲ့ဆေးကလေးများ တီထွင်ပေးပါလား။

လူ နဲ့ လူချင်း ဖဲချပ်ကလေးတွေလိုသဘောထားခဲ့ရင်
ဂျော်ကာတောင် သတ်ဖဲ သေဖဲ ဖြစ်သွားမှာပဲ။

ကြက်သားက အရည်ကျဲလိုက်တာကွာ
ဂန်ဂျာက အဖန်ကဲလိုက်တာကွာ
မီးလျော့လိုက်တော့
မီးကို လျော့လိုက်တော့
ငါ မင်းပေါင်ပေါ် ခေါင်းအုံး အိပ်လို့ချင်ပါ။     ။

ခက်သီ

Comments