ဒေါက်တာညီညီ ကို ကန်တော့




ဒေါက်တာညီညီ ကို ကန်တော့
(မောင်စွမ်းရည် သတင်းပို့သည်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၇

နယူးယောက်မှ scadale မှာ နေထိုင်လျက်ရှိတဲ့ အသက် ၈၉နှစ် အရွယ်ရှိ ယူနီဆက် ဒါရိုက်တာ(ငြိမ်း)ကို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက နှစ်စဉ်ပြုမြဲ ကန်တော့ပွဲကို နယူးယောက် ၀ိမုတ္တိ ဗုဒ္ဓဘာသာ ၀တ်အသင်းက ဦးဆောင်ပြီး ဒေါက်တာညီညီနဲ့ သူ့ဇနီး ပထ၀ီ ကထိက ဒေါ်စိန်ရီတို့ရဲ့ တပည့်များပါဝင်ပူးပေါင်းလျက် ပြုလုပ်ကြပါတယ်။


ဆရာကြီးရဲ့အိမ် ၀ိမုတ္တိအသင်းက ပဌာန်းရွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းဖြင့် ဆရာကြီးအား ပူဇော်ကြပြီး ဆရာကြီးကလည်း ဆုံးမသြ၀ါဒချီးမြှင့်ပြီး ဆရာကြီးရေးသားပြုစုတဲ့စာအုပ်များကို လက်ဆောင်အဖြစ် ပေးဝေပါတယ်။ နိုဝင်ဘာလမှာ ဆရာကြီးဒေါက်တာညီညီနှင့် ဇနီးဒေါ်စိန်တို့ မွေးလ၊ မွေးရက်တူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုဝင်ဘာလတိုင်း နှစ်စဉ်ကန်တော့ပွဲကို ဆရာကြီးဇနီးဒေါ်စိန်ရီ ကွယ်လွန်သော်လည်း နှစ်စဉ်ကျင်းပမြဲကျင်းပပြုလုပ်ကြပါတယ်။


ဆရာကြီးဒေါက်တာညီညီမှာ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ၊ ပညာရေးဌာန ဒုတိယ၀န်ကြီးသတ္တုတွင်းဌာန ၀န်ကြီး၊ သုတေသနအသင်းဂျာနယ်အယ်ဒီတာ၊ သြစတြေးလျနိုင်ငံ သံအမတ်ကြီး စသည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယူနီဆက်ဖ်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ရာ ကလေးများကို ကာကွယ်ဆေးများ ထိုးခြင်း၊ အာဟာရတိုက်ကျွေးခြင်းနှင့် သောက်ရေသန့်ရရှိရေး စီမံကိန်းများ တီထွင်ဆောင်ရွက်ရာတွင် အထူးအောင်မြင်ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး အသက်ရာကျော်ရှည်စေရန် ၀ိမုတ္တိအသင်းသားများက နှစ်စဉ်ပရိတ်ရွတ်ခြင်း၊ ပဌာန်းရွတ်ပြုလုပ် ဆုတောင်း မေတ္တာပို့သကြပါတယ်။

Comments