အောင်မော်ဦး - ကောင်းသောမွေးနေ့ပါ ကျောင်းသားတပ်မတော်

ကောင်းသောမွေးနေ့ပါ ကျောင်းသားတပ်မတော်

အောင်မော်ဦး
(မိုးမခ)၊ နိုဝင်ဘာ ၅၊ ၂၀၁၇

ကျောင်းသားတပ်မတော် တည်ထောင်တဲ့ (၂၉ )နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံအိမ်ကလေး လုပ် ပေးတဲ့ ကိုလှိုင်မြတ်စိုးရဲ့  စိတ်ကူးနဲ့ဖန်တီးမှုကို ပထမဆုံး အသိအမှတ်ပြုပါရစေ။

အဲဒီဓာတ်ပုံအိမ်ကလေးနဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့ ဘဝမှတ်တမ်း ဓာတ်ပုံကလေးတွေကို တင်ကြ၊ ရှယ်ကြ သလို၊ ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်ကလေးတွေကိုလည်း ရေးကြသားကြတာ တွေ့ရပါတယ်။

ရဲဘော်တွေရေးကြသမျှတွေကို ကိုမင်းဇော်က စုစည်းပြီး တင်ပေးနေတဲ့အတွက် အချိန်တိုတိုနဲ့ များများဖတ် ခွင့်ရပါတယ်။ ဘယ်သူရေးတာပဲ ဖတ်ရဖတ်ရ ကျနော်တို့အားလုံးကို ကိုယ်စားပြုပြီးပြောနေတာပါလား ဆို တာကို သတိပြုမိပါတယ်။ (အဲဒီထဲကမှ ကိုအောင်မျိုးမင်းရေးထားတာလေးက ပိုခြုံငုံမှုရှိတယ်လို့ ထင်မိပါ တယ်)။

ဒါနဲ့ ကျနော်လည်း ဓာတ်ပုံဟောင်းတွေပြန်ရှာပါတယ်။ ကျနော်က ရိုက်ပေးခဲ့တာများတော့ ကိုယ့်ပုံကိုယ် ပြန်ရှာမတွေ့ပါဘူး။ တယောက်ယောက်မှာရှိရင် ပို့ပေးစေလိုပါတယ်။ (ဒါပေမဲ့ နည်းနည်းခပ်မိုက်မိုက်ပုံမှ ပေးပါ) ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဟိုတလောက မငယ်က ကျနော်တို့မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးတပုံပို့ပေးလာပါတယ်။ အဲဒီပုံကိုတွေ့တော့ အိမ်ကတူမလေးက ဟန်မဆောင်နိုင်ရှာဘူး။

“ဟယ် .. ရုပ်ဆိုးလိုက်တာတော်”ဆိုပြီး ထအော်ပါတယ်။ ကျနော်လည်း ကိုယ့်ပုံကိုယ်ပြန်ကြည့်တော့ သူ့ အလွန်မှမဟုတ်တာပဲလေဆိုပြီး ငြိမ်နေရပါတယ်။ ဒါနဲ့ ဖိုင်တွေထဲလိုက်ရှာတော့ အခုတင်ထားတဲ့ ဒေါ်နက် ပုံသွားတွေ့တယ်။ ကျနော်လိုချင်တာကလည်း လွန်ခဲ့တဲ့ (၂၉ )နှစ်လောက်ကပုံဆိုတော့ အတော်ပဲ။

ဘာလို့လဲဆိုတော့ အဲဒီအရွယ်တုန်းက ကျနော်တို့ရဲဘော်တွေဆို ဘယ်သူ့ကြည့်လို်က်ကြည့်လိုက် ထီမထင် တဲ့ မျက်နှာပေးနဲ့ချည်းပဲ။ (ဂျီသရီးပေါ်နင်းထားတဲ့ ရဲဘော်စန်းစန်းချိုတို့လို မျက်နှာပေးမျိုးပေါ့)။


ကျနော်တို့ရဲဘော်တွေ ရေးကြ သားကြတဲ့ အမှတ် တရစကားတွေနဲ့အတူ အပြန်အလှန်ရေးကြတဲ့ ကွန်းမင့်တွေ ကိုဖတ်ရတဲ့အခါ ဒီလောက်နှစ်တွေ ကြာတဲ့အထိ အသေးစိတ်ကလေးတွေကအစ မှတ်မိနေကြတုန်းပါပဲလားဆိုတာကိုလည်း သတိ ပြုမိရပါတယ်။ ကျနော်နဲ့တိုက်ဆိုင်တာလေးတခုပြောရရင် ရဲဘော်မေသန်းရှိန်က ဗဟိုဆေးရုံရှေ့ မှာ ရိုက် ထားတဲ့သူနဲ့ ရဲဘော်မင်းမင်းအောင်တို့ရဲ့ ဓာတ်ပုံ လေးတပုံတင်ပါတယ်။ ဟာ .. တို့ဆရာမလေး တွေပဲဆိုပြီး လူနာဘဝနဲ့ သူတို့ဆေးရုံသွားတက် တုန်းကအကြောင်းလေး ကျနော်က ကွန်းမင့်သွားရေးပါတယ်။ အဲဒါကို ရဲဘော် ဝင်းထွန်းက ကျနော့်ကို ဆရာမမေသန်းရှိန်က ”ရှင်.. ဒီနေ့ ရေချိုးရမယ်နော်” ဆိုပြီးပြောတာကို သတိတရ ဝင်ရေးပါတယ်။ (ဆရာမမေသန်းရှိန်ဆိုလိုတာက အဖျားလည်းမတက်တော့ဘူး၊ ချမ်းတာတုန်တာလည်း မဖြစ်တော့ဘူး ဆိုတော့ လန်းဆန်းသွားအောင် ရေမိုးချိုးလိုက်ဆိုတဲ့ သဘော ဖြစ်မယ်ထင်ပါတယ်။) အဲဒါကို ဘေး ခုတင် က ရဲဘော်တွေက သာသာထိုးထိုး ဘာသာပြန်ကြပါ တယ်။ (ဘဲကြီး ညစ်တီးညစ်ပတ်နေလို့ ဆရာမက တောင် ရေချိုးခိုင်းရတယ်ပေါ့)။

ဆရာမ မင်းမင်းအောင်ကလည်း ခုမှပြောင်းလာကြတဲ့ ကျနော်တို့တပ်ရင်းက ရဲဘော်တယောက် black-  fever ဖြစ်နေလို့ ညလုံးပေါက်မအိပ်ဘဲ ဆေးသွင်းပေး၊ စောင့်ကြည့်ပေးခဲ့ရတာလေးကို သတိတရဝင်ရေးပါ တယ်။ ကျနော့်ကွန်းမင့်ကို အခြေခံပြီးရေးတဲ့ဆရာမမင်းမင်းအောင်က ကျနော့်ကို ရုပ်ကြမ်းကြီးလို့ ရင်းရင်း နှီးနှီးသုံးနှုန်းပြီးရေးပါတယ်။

(ကျနော်တို့ရုပ်ကြမ်းပါတီအကြောင်းတော့ တနေ့ရေးပါဦးမယ်)။ ဒါပေမဲ့ စာပေအနုပညာ website လေး တခုလုပ်ဖို့ ပြင်ဆင်နေတာမို့ facebook မသုံးဖြစ်တာတောင် နှစ်လကျော်လောက်ရှိပါပြီ။ လောလောဆယ် ရေးဖြစ်ဦးမှာမဟုတ်ပေမယ့် တကယ်ရေးတဲ့အချိန်ကျရင် ကျောင်းသားတပ်မတော်ရဲ့ ရုပ်ပုံလွှာထဲမှာ ဒီလို မှန်ကူကွက်ကလေးမျိုးလည်း မပါမဖြစ်ပါရစေမယ်ဆိုပြီး တေးထားတာလေးတခုတော့ အမြည်းပေးချင်ပါ တယ်။

… နီးတကျက်ကျက်
မတည့်အတူ
ဆူညံပွက်လော
ဝေးသောအခါ လွမ်းကြသည် … လို့ဆိုရမယ့် ကျနော်တို့ရဲ့  ကိုယ်ပိုင်ဟန်ကလေးတခုပါ။

ဘောင်းဘီဝတ်မိုးတိမ်ထဲကလိုပေါ့။ အဲဒီတုန်းက (၂၂)နှစ်သား၊ လူချောလူလှလေးတွေ၊ ထီမထင်စိတ် ကိုယ်စီနဲ့ လှလှပပ ဖျားခဲ့ကြစဉ်ကပေါ့။ အကြောင်းတိုက်ဆိုင်လို့များကတော့ အကျောက်အကန် ခြေကန် ပြီး အမြှုပ်ထွက်မတတ်ငြင်းကြပါတယ်။ ပုံစံမျိုးစုံနဲ့ငြင်းကြခုန်ကြတဲ့အထဲမှာ ငြင်းစရာ စကားလုံးကလည်း ကုန်၊ ဆိတ်ငြိမ်ချိန်ကလည်းရောက်လို့ ဆက်ငြင်းခွင့်မရှိတော့ပေမယ့် သူသဘောမတူကြောင်းကို အိပ်ရာ ထဲမှာ စောင်ခြုံပြီး ခေါင်းခါနေတာမျိုးနဲ့ ငြင်းကြပုံမျိုး ခင်ဗျားတို့ ကြုံဖူး၊ ကြားဖူးကြမယ်မထင်ဘူး။

(ကွဲလွဲရင်း ပေါင်းစည်းကြတဲ့ ဖြတ်သန်းမှုကိုပြောချင်တာမို့ ကာယကံရှင်ရဲဘော်ကတော့ ကျနော့်ကို စိတ်မကွက်လောက်ဘူးထင်ကြောင်းပါဗျား)။

ဒီလိုအမှတ်ရစရာတွေနဲ့ ဆယ်စုနှစ်တွေချီ ဖြတ်သန်းလာခဲ့ကြပြီးတဲ့အခါမှာ ဘုံသွားတူကြတဲ့ စိတ်အခြေ အနေတချို့ ကို ထပ်တိုးပြီး သတိပြုမိပြန်ပါတယ်။ ပထမဆုံးသတိပြုမိတာက ကျန်ခဲ့တဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေထဲက အချို့ ကို နာမည်တွေမေ့ကုန်ပါတယ်။ နောက် သူတို့နဲ့ပတ်သက်တဲ့အမှတ်ရစရာ လေးတွေကို မေ့ကုန်ပါတယ်။ နောက် သွေးရင်းသားရင်း မိသားစုဝင်တွေ၊ ညီအကိုမောင်နှမတွေ၊ ဝမ်းကွဲ တွေ စသဖြင့်ကို သတိရတဲ့၊ ချစ်ခင်တဲ့စိတ်ထက် ရဲဘော်ရဲဘက်တွေအပေါ် သတိရတဲ့စိတ်၊ ချစ်ခင်တဲ့စိတ် က ပိုများနေတာကို ထပ် သတိပြုမိပါတယ်။ နောက်ထပ်သတိပြုမိတာတခုကတော့ ဒါ ငါ့ညီမပဲ၊ ဒါ ငါ့အကို ပဲဆိုတဲ့ သွေးသားတော်စပ်မှုကို ထည့်သွင်းစဉ်းစားတာမျိုးထက်ပိုပြီး သူတို့ကို ကိုယ့်ရဲဘော်ရဲဘက်တွေလို ရင်းရင်းနှီးနှီးမတွယ်တာမိတဲ့ စိတ်အခြေအနေမျိုးပါ။

အစကတော့ ကောင်းကောင်းသဘောမပေါက်ပေမယ့် အပေါ်မှာရေးခဲ့ကြတဲ့ အမှတ်တရစကားလေးတွေ၊ ကွန်းမင့်လေးတွေကို ဖတ်ရပါများလာတဲ့အခါ သြော် .. ငါတို့ဟာ တယောက်ရင်ဘတ်ထဲ တယောက်နေရာ ယူထားခဲ့ကြတဲ့ ဘဝတူရဲဘော်ရဲဘက်တွေပါလားဆိုတဲ့အချက်ကို တစတစ သတိပြုမိလာပါတယ်။ ခင်ဗျားတို့လည်း ကျနော့်လိုမျိုး ခံစားမိ၊ သတိပြုမိကြလိမ့်မယ်လို့ ထင်မိရင်း …။

အောင်မော်ဦး
�နိုဝင်ဘာ၊ ၂၊ ၂၀၁၇
ဓာတ်ပုံ (အပေါ်) စာရေးသူပါဝင်သည့် ကျောင်းသားတပ်မတော်သားများ 
ဓာတ်ပုံ (အောက်) ပုံအလယ်တွင် ကပ်ဦးထုပ်စောင်းထားသူ
ဓာတ်ပုံ- အောင်သူငြိမ်း

https://www.facebook.com/aungmawoo/posts/1719200878124005 မှ ယူပါသည်။ 

Comments