ဌေးမင်းခိုင် ● ဘယ်ကကြိုးမှာ ဘယ်လို​မျောမည်နည်း

ဌေးမင်းခိုင် ● ဘယ်ကကြိုးမှာ ဘယ်လို​မျောမည်နည်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

ဒီနေ့ခေတ်မှာ ဗျူဟာဆိုတဲ့ စကားလုံးက အရမ်းခေတ်စားသည်။ နည်းဗျူဟာ၊ မဟာဗျူဟာ၊ အဂ္ဂမဟာဗျူဟာ .... ဗျူဟာတွေ စုံလှသည်။

ဒါကြောင့်လည်း ဂိမ်းသီအိုရီလို ဗျူဟာမြောက်ဆော့ကစားရတဲ့ ဂိမ်းတွေ အရေးပါလာတာ .. ။

ဗျူဟာချင်းပြိုင် ဘယ်သူနိုင်ပေါ့။
ဗျူဟာပိုကောင်းတဲ့ကောင်က နိုင်မယ့်ကောင် ... ။
မဟာဗျူဟာ ပိုကောင်းတဲ့ကောင်က ကစားပွဲကို အသာစီးရမယ့်ကောင် ... ။

မဟာဗျူဟာ ရှုထောင့်အရဆို ကိုယ်က သူများကစားကွက်ထဲမှာ ရောက်နေရင်၊ တနည်း သူများရဲ့ကစားကွက်အတိုင်း လိုက်ဆော့နေရရင် ဒါ တဖက်က မဟာဗျူဟာအရ အသာစီးရထားလို့ပဲ။ ကိုယ့်ဗျူဟာက သူ့ဗျူဟာလောက် မကောင်းလို့ပဲ။

ကိုယ့်ကစားကွက်ကို ကိုယ်ဖော်ပြီး ကစားနိုင်ပြီဆိုရင် (တဖက်က ကိုယ့်ကစားကွက်အတိုင်း လိုက်လာပြီဆိုရင်) ကိုယ့်က အသာစီးရလာလို့ပဲ။

ဒါကြောင့် NLD 2012 ကို ဝင်ပြိုင်တော့ ကျနော်တို့ မကြိုက်ပါ။ သူတို့ကစားကွက်အတိုင်း လိုက်ဆော့မယ့်အခြေအနေကို မ ကြိုက်တာ .. ။

ပြီးတော့ ပေးထားတဲ့ခွင် (ကစားနိုင်တဲ့ခွင်) ကလည်း အလွန်ကို ကျဉ်းလွန်းလှ ... ။ အချုပ်အနှောင် အကန့်အသတ်က ကြီးပ ... ။

ဒါပေမဲ့ NLD က အဲ့ဒီ ခွင်ကျဉ်းကျဉ်းလေးကို ရအောင်ဝင်သွားသည်။ တဖက်သတ် ချမှတ်ထားသည့် ဂိမ်းစည်းမျဉ်းများနှင့် အဖက်ဖက်က အသာစီးယူထားတဲ့
ကစားပွဲကို လက်ခံပြီး ဝင်ပြိုင်ခဲ့ပါသည်။

ပြီးတော့ ...
ဟုတ်ကဲ့၊ ပြီးတော့ တဖက်ရဲ့ ဗျူဟာအကွက်တွေကို တကွက်ချင်း ပြန်ဖျက်ပစ်သည်။

သေသွားတဲ့ သူတွေတောင် မဲပေးလောက်အောင် ထောက်ခံမှုရပါသည်ဆိုသည့် ၂၀၀၈ ခြေဥကို လက်မှတ်ငါးသန်းကျော်နဲ့ ဖျက်ပြသည်။ (ပြင်ရမည်ဆို
သည်ကို ထင်ရှားအောင် ပြလိုက်သည်။ တဖက်က တင်းခံတာက တပိုင်းပေါ့ ... )

မှိုင်းမျိုးစုံတိုက်ပြီး NLD မဲ မရအောင် (တတ်နိုင်သမျှ လွှတ်တော်ထဲ မရောက်အောင်) လုပ်သည်။ ဒါပေမဲ့ လူထုထောက်ခံမှု ရအောင် စည်းရုံးပြီး လွှတ်တော်ကို အသာစီးသိမ်းပိုက်နိုင်ခဲ့သည်။ (ဂိမ်းစည်းမျဉ်းတွေ မပြောင်းနိုင်ပေမဲ့ ဂိမ်းရဲ့ချိန်ခွင်လျှာကို ပြောင်းပစ်နိုင်ခဲ့သည်)

အလွန်ဆုံး နိုင်ငံခြားရေးရာထူးလောက်သာ ပေးထားသည့်အကွက်ကို နိုင်ငံတော်အတိုင်ပင်ခံအကွက်နဲ့ ဖျက်ပစ်သည်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လျှင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိသည့် (တနည်း ရုပ်သေးရုပ်ဖြစ်နေသည့်) Myanmar Peace Center ကို ဖျက်ပစ်သည်။ ၂၁ ရာစုပင်လုံကို အကောင်အထည်ဖော်သည်။

ဗိုလ်သိန်းစိန်တို့ မရှင်းနိုင်သည့် (သို့မဟုတ် မရှင်းဘဲ ထားပစ်ခဲ့သည့်) ရခိုင်ကိစ္စကို ကိုဖိအာနန်တို့ ကော်မတီနှင့် နိုင်ငံတကာ အသိအမှတ်ပြုလာသည့်အထိ ရွေ့ပြသည်။

စသည် စသည်ဖြင့်ပေါ့ဗျာ ... ။

ဒါတွေကတော့ ကျနော့်တို့လို လူသာမန်တွေ၊ ဘေးကရပ်ကြည့်သူတွေ မြင်တွေ့ရတဲ့ အနေအထားတွေပါ။

အာဏာရပါတီ NLD ဖြေရှင်းရမယ့် အကြီးဆုံး အခက်အခဲကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခြေဥပြင်ရေးပါပဲ။ အဲဒီ့နှစ်ခုမှာ ဒေါ်ကြီးစုက ပိုပြီးဗျူဟာကျတယ်လို့ သူထင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်စကိုင်တယ်။ (တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကလည်း ၂၀၀၈ ခြေဥကို လက်မခံဘူး၊ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေးကနေ ခြေဥပြင်ရေးကို သွားမယ်ပေါ့)

နောက် အစိုးရတရပ်မဖြစ်မနေ လုပ်ရမယ့် စီးပွားရေးတိုးတက်ဖို့ ... ။ ဒါကတော့ လက်ငင်းဖြေရှင်းရမယ့် ပြဿနာ ... ။

မြန်မာ့စီးပွားရေးဆိုတာကလည်း စစ်တပ်နဲ့ ခရိုနီပေါင်းထားတဲ့ ခရိုစစ် စီးပွားရေးပဲ။ အနှစ် ၂၀ ကျော် အဲဒီ့ပုံစံနဲ့ run လာတာ .. ။

ဒါကို ဒေါ်ကြီးစုက စနစ်ကျတဲ့ ပြည်သူ့အခြေပြုစီးပွားရေးကို ပြောင်းတယ်။ မဟာဗျူဟာအရ ပြောင်းပစ်တာ ... ။

ဘယ်လိုပြောင်းလဲဆို -

- ငမွဲတိုင်းပြည်ဖြစ်ပေမဲ့ ဗိုလ်သိန်းစိန်တို့က အစိုးရအဖွဲ့ကို အကြီးမားဆုံးဖွဲ့စည်းခဲ့တယ်။ ဒါကို NLD က အကျစ်လစ်ဆုံး ဖြစ်အောင် လျှော့ချတယ်။

- အရင်ပညာရှိမင်းတွေ သုံးခဲ့တဲ့ ငွေလိုရင် ငွေစက္ကူတွေ လှိမ့်ရိုက်တဲ့နည်းကို ပယ်ပြီး အနိမ့်ဆုံးထိန်းချုပ်ခဲ့တယ်။

(ဥပမာ ဘတ်ဂျက်လိုငွေ ပြပြလာတဲ့ ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ ဗိုလ်သိန်းစိန်တို့က ငွေစက္ကူတွေ တိုးတိုးပြီး လှိမ့်ရိုက်တာ 2014-15 မှာ အရင်နှစ်ထက် နှစ်ခွဲလောက် တိုးရိုက်ပစ်တယ်။ ဒါကြောင့် ငွေဖောင်းပွမှုနှုန်းကလည်း ၂၀၁၅ - ၁၆ မှာ ၂ ဆ ကျော် တက်သွားခဲ့တယ်။ ဒါကို NLD အစိုးရက ငွေစက္ကူရိုက်နှိပ်တာကို လျှော့ချခဲ့တယ်။ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင် ခဲ့တယ်။ ငွေဖောင်းပွမှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်)

- အရင်က မြန်မာ့စီးပွားရေးဟာ ရှိတာ ထုတ်ရောင်းစားတဲ့နည်း .. ။ ရွှေ၊ သစ်၊ သတ္တု၊ သဘာဝဓာတ်ငွေ့၊ ရေနံ .. ဘာရှိလဲ၊ ရှိတာ ထုတ်ရောင်းတာပဲ။ တနည်းအားဖြင့် အထည်ကြီးပျက်စီးပွားရှာနည်းပဲ။

အဲဒီ့သယံဇာတကျိန်စာသင့်နေတဲ့ နည်းကို ဒေါ်ကြီးစုက ပယ်တယ်။ ဥပမာ FDI အများဆုံးလာတာ စွမ်းအင်ကဏ္ဍဖြစ်ပေမဲ့ စွမ်းအင်ကဏ္ဍကို လုံးဝပေးမဝင်ဘူး။ (လုံဝရောင်းမစားဘူး)

အကျိုးဆက်အနေနဲ့ FDI ကျသွားတယ်။ ဝင်ငွေလျော့တယ်။ ဒါပေမဲ့ ဗျူဟာအရ မှန်တယ်။ (တိုင်းပြည်ရေရှည်အတွက် စွမ်း အင်လုံခြုံမှုဆိုတာ ထည့်ကို တွက်ရမယ့်အရာ)

- အဲဒီ့အစား အခွန်ကနေ ငွေဝင်ရအောင် ဆော်သြတယ်။ ကြိုးစားကောက်တယ်။ တခွန်းတည်းပြောရရင် နည်းမှန်လမ်းမှန် ဖြစ်အောင် ပြန်တည်ဆောက်ဖို့ ကြိုးစားတယ်၊ တည်ဆောက်တယ်။

- NLD အာဏာလွှဲယူတဲ့အချိန်မှာ နိုင်ငံခြားရန်ပုံငွေက ၂ လခွဲစာပဲ ရှိတယ်။ အဲလိုအခြေအနေမျိုးမှာ စနစ်ပြောင်းဖို့ လုပ်တာ ... ။

ကိုင်း တိုတိုပဲ ပြောပါ့မယ်။

ခုလိုတွေ ရေးပြနေတာ NLD ကို ဖာနေတာ မဟုတ်ဘူး။ အစိုးရတရပ်မှာ လိုအပ်ချက်တွေ ရှိမှာပဲ။ ဒါက တပိုင်း ... ။

ဒါပေမဲ့ ... NLD တာဝန်ယူရတဲ့ အခြေအနေဟာ အရင်လူတွေ လုပ်ခဲ့တာကို အသာလေးဆက်ခံပြီး သွားရတဲ့ အနေအထား မဟုတ်ဘူးဆိုတာလေးတော့ သိစေ့ချင်တယ်။

ပြီးတော့ ဒေါ်ကြီးစုက တကယ်လုပ်နေတာက ငါးနှစ်စာ အာဏာအတွက် လူပြိန်းကြိုက်တွေ လိုက်လုပ်ဖို့ မဟုတ်ဘဲ တကယ် ကောင်းမွန်တဲ့ စနစ်တခုကို အုပ်မြစ်ချသွားချင်တာ .. ။ ဒါကြောင့် အလွန်ခက်တဲ့ အရွေ့တွေကို ကြိုးစားရွေ့နေတာ ... ။ အဲဒါလေးကို သိစေ့ချင်တယ် .. ။

ငြိမ်းချမ်းရေး၊ ခြေဥ၊ စီးပွားရေး ... အားလုံးက ပြန်လည်တည်ဆောက်ရမှာ ... ။
Reform တောင်မဟုတ် ... Rebuild ... ။ နောက် Rebuild လုပ်တဲ့နေရာမှာလည်း သူသွားမှာက အငြင်သာဆုံးနည်းနဲ့ ... ။ အဲဒါလေးကို သိစေ့ချင်တယ် ...။

အဲလိုတည်ဆောက်နေတာကိုလည်း မနာလို မရှုဆိမ့်သူတွေက အများသား .. ။ ဖျက်လိုဖျက်ဆီးလုပ်ချင်သူတွေက အများ သား ... ။ အဲဒါလေးကို သိစေ့ချင်တယ် .. ။

ဟုတ်ကဲ့ အဆုံးသတ်ပြောချင်တာကတော့ ....
ဒေါ်ကြီးစုက သူ့ယုံကြည်ချက်အတိုင်း တဖက်ရဲ့ ဂိမ်းစည်းမျဉ်းတွေကို လက်ခံပြီး ဗျူဟာချင်းပြိုင်တာ ဗျူဟာအရ အသာစီးရ လာပြီလို့ ပြောရပါ့မယ် (ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်ပေါ့လေ)

ဒီတော့ တဖက်က ဘာလုပ်မလဲ .. ။ ဗျူဟာချင်း မပြိုင်နိုင်ရင် ပွဲပျက်အောင် လုပ်ဖို့ပဲရှိတယ်။

ကျန်တာတွေတော့ ကိုယ့်ဘာသာ ဆက်တွေးကြည့်ကြပေတော့ပေါ့ဗျာ ... ။

လေထဲမှာတော့ ကျွန်နံ့တွေ သင်းလာတယ် .. ။

စုကတော့ ဘီလူးဆိုင်းကို ယမင်းကကြိုးနဲ့ ကြိုးစားကနေတုန်းပဲ ... ။

အို .. ဝဋ်ကြီးလှတဲ့ မိရွှေပြည် .... ။
အသင် ဘယ်ကကြိုးမှာ ဘယ်လိုမျောမတုန်း ... ။

(သတင်းအချက်အလက်တချို့ကို မြန်မာ့ရေးရာပါ ဆရာဇော်အောင်၏ ဒီမိုကရေစီအကူးပြောင်းမှုကာလ မြန်မာ့စီးပွားရေးမှ ရပါသည်။ အစိုးရကိန်းဂဏန်း အသေးစိတ်ကို www.dica.gov.mm နှင့် Myanmar Statistical Information Service တို့တွင် ကြည့်ရှုနိုင်ပါသည်)

Comments