မြတ်စံ ● ကျနော် ... ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း ...

မြတ်စံ ● ကျနော် ... ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

ဒီရက်ပိုင်းကျောက်မြောင်းမီးပွိုင့်လမ်းဆုံအရောက် ဒီလှိုင်းဂျာနယ်တိုက်ရှေ့မှာ စက်ဘီးကလေးတစီးနဲ့ ဂျာနယ်တွေ တပွေ့တ ပိုက်နောက်ကယ်ရီယာပေါ်တင်ပြီး အသောကလေးနှင်စီးသွားတဲ့ လူတယောက်ကိုတွေ့လိုက်ရချိန်… ကျနော်နဲ့ အင်းစိန်မှာ ရယ်၊ မြစ်ကြီးနားထောင်မှာရယ် ဆုံခဲ့ဖူးတဲ့ ကိုဆွေမင်းလားလို့ သိချင်စိတ်နဲ့ အပြေးကလေးလှမ်းခေါ်ပြီးကြည့်လိုက်ချိန်မှာ သူနဲ့တူတဲ့သူတဦးဖြစ်ပြီး ရုပ်ခြင်းဆင်တူတဲ့သူတဦးဖြစ်နေခဲ့တယ်။ သူ့အကြောင်းကို ဟိုးတလောက ကိုသူရ (ဇာဂနာ) ရဲ့ Post ထဲမှာ အန်တီစုမွေးနေပွဲအပေါ်အကြောင်းပြုပြီး ရေးထားတာလေးဖတ်မိလိုက်လို့ သတိရမှတ်မိနေခဲ့တာ။

၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံအပြီးမှာ အဲ့ဒီအချိန်က နအဖအစိုးရအနေနဲ့သူတို့ရဲ့ ရှေ့ဆက်သွားမဲ့ နိုင်ငံရေးလမ်း ကြောင်းတခုဖြစ်တဲ့ အမျိုးသားညီလာခံကြီးကို အဆုံးသတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲပြုလုပ်ကာ အသက်သွင်းတော့မယ့်အချိန်။ ၂၀၀၇ သြဂုတ်လထဲက လောင်စာဆီဈေးနှုန်းတက်တဲ့အပေါ် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက်တဖွဲ့လုံးနဲ့ ကိုထင်ကျော်တို့အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံးကိုဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုတော့ မယ့်အချိန်။ အခြားအပြင်မှာကျန်နေသေးတဲ့ နိုင်ငံရေးအရ အစွမ်းအစရှိသူတွေနဲ့ အတိုက်အခံပြုနိုင်မယ့်သူတွေအားလုံးကိုဖမ်းဆီးထိန်းသိမ်းပြီး ၂၀၀၈ မေလ နာဂစ်အပြီး ဖွဲ့စည်းပုံကိုအတည်ပြုမဲ့အချိန်မှာ သူတို့အတွက် အခင်းအကျင်းအသာစီးရမယ့် အချိန်ကို ဖန်တီးနေစဉ်ကာလမှာပေါ့။

အဲ့ဒီလိုအချိန်ကာလမျိုးမှာ ကံဆိုးတဲ့အထဲ သာမာန်အရပ်သားတယောက်အနေနဲ့ သူ့ရဲ့ရွေးချယ်ခွင့်ကြောင့် ဖြစ်လာတာ မဟုတ်တဲ့ ကိုဆွေမင်းဆိုသူကို ကျနော်ဆုံတွေ့ခဲ့ရပါတယ်။ ၂၀၀၈ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မြောက်မွေးနေ့ပွဲကို ဗဟန်းမြို့နယ် အုတ်လမ်း NLD ဌာနချုပ်ရုံးမှာပြုလုပ်ခဲ့ပါတယ်။ မိဘများက သားဖြစ်သူကို ဒုလ္လဘရဟန်း ဝတ်ပေးထားတဲ့ ကိုဆွေးမင်းဟာ ဦးဆန္ဒိမာဘွဲ့အမည်နဲ့ သာသနဘောင်ထဲရောက်နေခဲ့သူပါ။ အဲ့ဒီနေ့က ရွှေတိဂုံဘုရား မြောက် ဖက်မုဒ်ကနေဆင်းလာတဲ့ ကိုဆွေမင်း @ ဦးဆန္ဒိမာဟာ NLD ရုံးရှေ့အရောက်မှာ မွေးနေ့ပွဲအတွက် စတုဒိသာကျွေး မွေးလှုဒါန်းနေတဲ့သူတွေရဲ့စီစဉ်ပေးမှုနဲ့ နေ့ဆွမ်းဖုန်းပေးအပြီး အားလုံးက တောင်းဆိုလို့ ရုံးရှေ့မှာခုံပေါ်တက်ပြီး မွေးနေ့ရှင် အတွက်ဘေးမဲ့လွှတ်မဲ့ ငှက်ကလေးများကို လွှတ်ပေးခဲ့ချိန်မှာ သတင်းမီဒီယာသမားအချို့ရိုက်ထားခတဲ့ဓါတ်ပုံဟာ အဲ့ဒီအ ချိန် ရွှေဝါရောင်ကာလအပြီး သံဃာတပါးအနေနဲ့ ရှားရှားပါးပါးပုံမှတ်တမ်းလေးတခုဖြစ်ခဲ့ရပါတယ်။ (ရွှေဝါရောင်ကာလအပြီး မှာ ရဟန်းသံဃာတွေ နိုင်ငံရေးလှုပ်ရှားမှုထဲပါဖို့ခက်ခဲနေချိန်) မကြာပါဖူး…သက်ဆိုင်ရာက ဖမ်းဆီစစ်ဆေးထိန်းသိမ်းတော့ ကိုထွန်းမြင့် (ဗဟန်းမြို့နယ် NLD လူငယ်တာဝန်ခံ/ယ္ခု ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)။ ကိုးစိုးအုပ် (ဗဟန်းမြို့နယ် NLD ပါတီဝင်) တို့နဲ့အတူ အမှုတွဲ တွဲခံရပြီး ကိုဆွေမင်းလည်း ဦးဆန္ဒိမာ ရဟန်းဘဝနဲ့အဖမ်းခံရပြီး လူဝတ်လဲ ကာ အင်းစိန်တွဲဖက်ထောင်ရောက်လာလို့ ဆုံခဲ့ရပါတယ်။ ၂၀၀၈ နိုဝင်ဘာလောက်မှာ ကျနော်တို့ရှေ့ပိုင်းထိန်းသိမ်းထားသူတွေအကုန်လုံးကို ပြစ်ဒဏ်အမိန့်ချလိုက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ နယ်ထောင်အသီးသီးကို လူခွဲပြီးပို့လိုက်တဲ့အခါ လှမျိုး နောင် (ကွယ်လွန်) (၈၈ မျိုးဆက်)၊ တံတားနီအောင်သူ (၈၈ မျိုးဆက်) နဲ့ ကျနော်တို့သုံးယောက်ဟာ မြစ်ကြီးနားထောင်ကို အရင်ရောက်နေခဲ့။ ကျနော်တို့ရှေ့ကရောက်နှင့်နေပြီးသား နဂိုနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒေါက်တာဇော်မြင့်မောင် (ယ္ခု မန္တလေးတိုင်းဝန်ကြီးချုပ်) တို့က ရှိနေခဲ့။ တိုက်ခန်းတွေက သီးခြားထားတော့ ကျနော်တို့နောက်ပြောင်းလာမဲ့အုပ်စုနဲ့မရောချင်လို့ ၅ ခန်းတွဲတိုက်မှာ ကျနော်တို့သုံးယောက် တယောက် တခန်းနေရ။ အခြား ၂ ခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်တူဖြစ်သူ ဒေါက်တာကျော်ကျော်မိုးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်/ချုပ်ဟောင်း ဗိုလ်မှုးထွန်းလှအောင်တို့လည်းရှိ နေချိန်ပေါ့။

သိပ်မကြာပါဖူး… ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းပိုင်းလောက်မှာ နောက်ထပ် အမိန်ထပ်ချခံရတဲ့ ကိုသူရ (ဇာဂနာ) အပါအဝင် သီဟသက်ဇင် (ဘိုကလေး လူငယ်)၊ ကိုဆွေမင်း @ ဦးဆန္ဒိမာ၊ ဦးစိုးကြည် (တောင်ဒဂုံ/NLD)၊ ကိုတင်ဝင်း(မြောက်ဒဂုံ/NLD) တို့တွေအုပ်စုလိုက်ရောက်လာတော့ ကိုကျော်ကျော်မိုးနဲ့ဦးထွန်းလှအောင်တို့ကို ဒေါက်တာဇော်မြင့်မောင်တို့ရှိတဲ့တိုက်ဖက်ကိုရွှေ့ပြီး အခြားသူတွေနဲ့မရောပဲ ရှေ့ပိုင်းရောက်နေပြီးဖြစ်တဲ့ ကျနော်တို့နဲ့ နောက်မှပြောင်းလာတဲ့ ကိုသူရ တို့အုပ်စု ကို သီးသန့်တိုက်အနေနဲ့ သီးသန့်ခွဲထားခဲ့ပါတယ်။ ကိုအောင်သူ (တံတားနီ) ကိုတော့ ပူတာအိုကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒီမှာ သီးခြားခွဲထားဖို့အခန်းကလည်း ၅ ခန်းထဲရှိနေတော့ ထောင်အာဏာပိုင်များအနေနဲ့ ခေါင်းစားရပါတယ်။ ဒီကြားထဲ အရေးထဲအရာပေါ်ဆိုသလို စစ်တပ်မှ ရာဇဝတ်မှုဖြင့် တပ်တွင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခံရသော စစ်သားလူငယ် လေး ၃ ဦးကလည်းရောက်လာပြန်ဆိုတော့ သေဒဏ်သမားအတွက် လုံခြုံရေးကပါ အရေးကြီးလာလို့ ဒီ ၅ ခန်းတွဲတိုက်မှာထားဖို့ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုက်ခန်းတွဲက ဗူးဝလို့ခေါ်တဲ့ ဂတ်ကြီး ထောင်ပင်မစောင့်ကြည့်ခန်းနဲ့အနီးဆုံးဆိုတော့ ထောင်အာဏာပိုင်တွေဖက်က စိတ်ချသေချာတဲ့နေရာကနေ ထိန်းသိမ်းစောင့်ကြည့်စေချင်ကြတယ်။ ခက်နေ တာက အခန်းက ၅ ခန်းတည်းရှိတော့ သေဒဏ်သမား ၃ ယောက်က တခန်း။ ကိုတင်ဝင်းနဲ့ကိုစိုးကြည်က တခန်း။ ကျနော်နဲ့ လှမျိုးနောင်ကိုတော့ ထောက်လှမ်းရေးမှတ်ချက်နဲ့ သီးသန့်တခန်းစီထားလိုက်တော့ ကိုသူရ (ဇာဂနာ)။ သီဟသက်ဇင်နဲ့ ဦးဆန္ဒိမာ @ ကိုဆွေမင်းတို့ ၃ ယောက်က တခန်းဖြစ်သွားကြပါတယ်။ ကိုသူရဆိုတာ နဂိုအင်းစိန်ထောင်နဲ့ စစ်ကြောစခန်း တွေမှာလည်း သူ့ကိုတယောက်တည်း သီးသန့်ထားခဲ့လွန်းလို့နေခဲ့ရသူဆိုတော့ အခုလို အခန်းဖော်လေးရတော့ ဘာပြော ကောင်းမလဲ။ ညဖက်ဆိုသူ့ခန်းထဲမှာ သီဟသက်ဇင်၊ ဦးဆန္ဒိမာ @ ကိုဆွေမင်းတို့နဲ့ စကားတွေဖောင်ဖွဲ့ပြီး တော်ကီပွားကြ တာပေါ့။

အားလုံးနေရာတကျဖြစ်ပြီးချိန်လောက်မှာ အကျဉ်းဦးစီးဌာနရဲ့ညွှန်မှုးနဲ့ ညွှန်ချုပ်ကြီးတွေက ထောင်အားလုံးကို လိုက်လံစစ် ဆေးပြီး အခြေအနေတွေကို လေ့လာဆန်းစစ်မဲ့အချိန်ရောက်လာပါရော။ ထုံးစံအတိုင်း အခန်းစဉ်အလိုက် နေထိုင်သူတွေရဲ့ နာမည်၊ ထောင်နံပါတ်၊ အမှုဖြစ်စဉ်အကျဉ်းနဲ့ပုဒ်မတွေကိုရေးထားတဲ့ Name Plate ကပ်ပြားကြီးတွေကို အခန်းစဉ်အလိုက် လာကပ်ပါတယ်။

ညွှန်/ချုပ်ကြီးမလာခင် တရက် နှစ်ရက် အလိုလောက်ထဲက အုပ်စုညွှန်မှူးတွေနဲ့ ထောင်ပိုင်၊ ထောင်မှူးကြီးတွေက တိုက် ခန်းထဲထိလာပြီး ရင်းရင်းနှီးနှီးဖက်လည်းတကင်း ပုံစံမျိုးနဲ့ လာရောကြပါတယ်။ ဒီမှာတင် ကိုသူရ (ဇာဂနာ) နဲ့ တွေ့ပါလေရော။ မနက်ပိုင်း တိုက်ခန်းတံခါးတွေဖွင့်ထားချိန်မှာ ထောင်ပိုင်နဲ့ထောင်မှူးကြီးတို့ကရောက်လာပြီး အလ္လာပ္ပသလ္လာပပြောနေချိန် ခြင်းလုံးခပ်ဖို့ပြင်နေတဲ့ ကျနော်တို့နဲ့ ကိုသူရကို စကားရော ဖောရောလုပ်တော့ စကားတခွန်းက အစွန်းထွက်လာပါတယ်။

"ခင်းဗျာတို့ဗျာ ထောင်ထဲမှာ အေးအေးဆေးဆေးအချိန်ရတုန်း တရားထိုင်။ ပြီးတော့ စိတ်ပေါ့ဗျာ။ မနောလေးကိုထိန်း" လို့ပြောတော့ ဟာသဉာဏ်ရွှင် စွယ်စုံရကိုသူရက တချက်တည်းပြန်ပြာလိုက်ပုံက… "ဟုတ်တာပေါ့ မနောက အရေးကြီး တယ်လေ… ဒါကြောင့် စီတာပူကွင်းမှာ "မနောပွဲ" ကျင်းပနေတာ။ မနေ့ညကတောင် မနောကွင်းကလွှတ်တဲ့ မီးရှုးမီးပန်း ဒုံးသံတွေတောင်ကြားရသေးတယ်လို့" ပြောရော ထောင်မှူးကြီးမှာ သူ့စကားကို ဘယ်လိုက ဘယ်လို ဆက်ရမှန်း မသိဖြစ်သွားပြီး လစ်တော့တာပဲ။

ထောင်အာဏာပိုင်တွေဆိုတာ ဒီလိုပါပဲ။ ဘဝမှာ လူအချင်းချင်းအပေါ် မဟုတ်တာလုပ်တဲ့အထဲမှာ သာမာန်သူတွေမလုပ်တဲ့ အလုပ်မျိုးကိုမှ ရွေးလုပ်တဲ့သူတွေက ဒီလိုလာပြောတော့ ကိုသူရလည်း တချက်တည်းတီးပစ်လိုက်တာ။

နောက်ရက် အကျဉ်းဦးစီးညွှန်/ချုပ် ဦးဇော်ဝင်း ထောင်ထဲကိုလာစစ်တော့ တိုက်ခန်းအပြင်ဖက်ကနေ တခန်းချင်း Name Plate လေးဖတ်လိုက်၊ ဘာလိုသေးလဲ နေကောင်းလား စသဖြင့်မေးပြီး တဖြည်းဖြည်း ကိုသူရတို့အခန်းရှေ့ကိုရောက်လာပါတယ်။အခန်းထဲကို ညွှန်/ချုပ် ဦးဇော်ဝင်းကကြည့်လိုက်တော့ ကိုသူရဆိုတာလည်း ဇာဂနာမှန်းသူသိပြီးသား။ သီဟသက်ဇင် ဆိုတာလည်း အင်းစိန်မှာကတည်းက နာဂစ်မုန်တိုင်းဖြစ်တဲ့အချိန်မှာ ဘိုကလေးမှာရှိတဲ့သူရဲ့မိသားစုလိုက် မုန်းတိုင်းထဲပါ သွားလို့ သက်ဆိုင်ရာကလာပြောတော့ ညွှန်/ချုပ်ကြီးပါ သီဟကို ဖြောင်းဖျပြောဆိုခဲ့ဖူးတော့ မှတ်မိနေ။ သူမသိတာက ကို ဆွေမင်း။ ဒါကြောင့် မင်းနာမည်? လို့ မေးလိုက်ချိန်မှာ…"သီဟ သူရ ဆန် ဒိ မာ ဆွေ မင်း" လို့ ကိုဆွေမင်းကဖြေလိုက်ပါ တယ်။ တဖက်ခန်းက နားစွင့်နေတဲ့ကျနော် သဘောပေါက်လိုက်ပါပြီ။

အဲ့ဒီအချိန် မြစ်ကြီးနားကို နအဖရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ရှစ်လုံးဘွဲ့ခံ သီဟသူရတင်အောင်မြင့်ဦးကလည်း ရောက် နေချိန်နဲ့တိုက်ဆိုင်နေတော့…ကိုသူရကတော့ ကိုဆွေမင်းကို စည်းဝါးကိုက်ပြီး လုပ်ထည့်လိုက်ပီ။ ညွှန်/ချုပ်ကထပ်ပြီးတော့ "ဘာကွ" လို့ လေသံမြှင့် ဟိန်းဟောက်လိုက်ချိန်မှာ "ကိုသီဟရယ်။ ကိုသူရရယ်တို့နဲ့တခန်းနေတဲ့ ဆန္ဒိမာ ဆွေမင်းလို့" ပြော တာပါခင်ည "လို့ပြောလိုက်တော့ အားလုံး ဝါးကနဲပွဲကျပြီး ညွှန်/ချုပ်က Name Plate ကိုဖတ်ပြီး ပြုံးလိုက်တယ်။ ပြီးမှ အ ထွက်မှာ "ကိုသူရ ခင်ဗျားတော်တော်ဆိုးတဲ့လူပဲ" ဟု ခပ်ပြုံးပြုံးလေးပြောပြီး ထွက်သွားပါတယ်။ ကဲ တွေ့တယ်မလား …ကိုသူရတို့များ ဂွင်ကြုံလို့ကတော့ ရှစ်လုံးဘွဲ့ကိုကျော်ပြီး ကိုးလုံးဘွဲ့ဆွေမင်းဖြစ်အောင် လုပ်ပလိုက်တာ။

ဘာပဲပြောပြော ၂၀၁၀ မေလမှာ ရန်ကုန်ကျနော် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုဆွေမင်းလည်း မြစ်ကြီးနားကပြန် လွတ်လာတယ်။ ရုံးရှေ့ အခမ်းအနားပွဲတွေမှာ ဖြိုးကနဲ ဖြတ်ကနဲ ဆုံဖြစ်ခဲ့တယ်။ လှိုင်မြို့နယ်မှာ သူ့အဖေအို အမေအိုကြီ များကို ဂျာနယ်လက်ပွေ့ရောင်းရင်း လုပ်ကျွေးနေတယ်လို့ ပြောသွားတယ်။ တခါတလေကျတော့လည်း ဘာရယ်လို့ မဟုတ်ပေမဲ့ စပ်မိစပ်ရာ အကြောင်းလေးတွေပေါ်လာရင် စပ်မိစပ်ရာသူတွေကို သတိရမိလို့ပါ။

အားလုံးကိုသတိရလျှက် ....
မြတ်စံ

Comments