လင်းခါး - ယင်ကောင်



ယင်ကောင်
လင်းခါး
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇
 
ယင်ကောင်ဟာ ထူးဆန်းတယ်
အသံမြည်တယ် လက်နံတယ်
တဝီဝီမြည်တယ် နှာမောင်းပွတ်တယ်
ရောဂါပိုး သယ်ဆောင်တယ်
ယင်ကောင်ဟာ သနားဖို့ကောင်းတယ်

ဘုန်းတော်ကြောင့် ဗမာမင်းအဆက်ဆက်ဟာ
ယင်ကောင်ကို မြင်ဖူးမယ် မထင်ဘူး
ယင်ကောင်လည်း ဘုရင်တွေကို မြင်ဖူးမှာ မဟုတ်ဘူး
ဒါကတော့ ဘုန်းကံနဲ့ မဆိုင်ဘူးထင်တယ်
တနေ့တော့ ယင်ကောင်ဟာ စဉ်းစားတယ်
ပညာမဲ့တဲ့ ခြင်တွေဟာ ဘယ်တော့မှ
မအောင်မြင်နိုင်တဲ့ တော်လှန်ရေးကို မိုက်မဲစွာ ဆင်နွှဲနေကြတယ်
ဇွဲသန်တဲ့ ပျားတွေကျပြန်တော့လည်း
တဘဝလုံး ဘုံအလုပ်ဖွဲ့မှာ ကျွန်ပြုစေခိုင်းတာ ခံနေရပြန်တာပဲ
မျောက်လို စူးစမ်း
မိချောင်းလို သတိနဲ့ယှဉ်
ဓမ္မနဲ့သာ ဘဝကိုဖြတ်သန်းမှလို့ တွေးသတဲ့။

ယင်ကောင်ဟာ မုန်းဖို့ကောင်းတယ်
တားမြစ်ထားတဲ့ အစားကိုစားတယ်
ဘုန်းတော်ကြောင့် ယင်ကောင်ကို
ငါတို့ ဘယ်တော့မှ ဖမ်းလို့မရ
ရခဲ့ရင်လည်း အဲဒီယင်ကောင်ဟာ
ထဘီတန်းအောက်ကပျံခဲ့တဲ့ ယင်ကောင်ပဲ ဖြစ်ရမယ်။ ။

Comments