ဣေႁႏၵေဇယ် - ကာယခြန္အားနဲ႔ ဥာဏ္ပညာ



ဣေႁႏၵေဇယ် - ကာယခွန်အားနဲ့ ဥာဏ်ပညာ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၇


` ကောက်ကျစ်သူတို့ရဲ့ထောင်ချောက်ကနေ လွတ်မြောက်ဖို့ သတိနဲ့ဥာဏ်ပညာဟာ အလွန် အရေးကြီး ပါတယ်။ ဒါနဲ့ပါတ်သက်လို့ အီစွပ်ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ “ ခြင်္သေ့နှင့် အမျှော်အမြင်ရှိသော မြေခွေး ” ပုံပြင်ကို ဖတ်စေလိုပါတယ်။

ခြင်္သေ့နှင့် အမျှော်အမြင်ရှိသော မြေခွေး

တခါတုန်းက တောဘုရင်ဖြစ်တဲ့ ခြင်္သေ့ကြီးတစ်ကောင်ဟာ အိုမင်းမစွမ်းဖြစ်နေတာကြောင့် အစာရှာမထွက်နိုင်တော့ဘူးတဲ့။ ဒါကြောင့် ခွန်အားနည်းနည်းသုံးပြီး ကောက်ကျစ်တဲ့နည်းနဲ့ အစာရှာဖို့ စဉ်းစားမိသတဲ့။ ဒါနဲ့ ခြေင်္သေ့ကြီးဟာ သူနေတဲ့ ဂူထဲ မှာ ဖျားသလို၊ နာသလို နေမကောင်းဖြစ်ဟန်ဆောင်နေပါတယ်။ ခြေင်္သေ့ကြီးဟာ အကြောင်းမသိလို့ ဂူထဲ ရောက်လာတဲ့ တိရ စ္ဆာန်တိုင်းကို အလွတ်မပေးပဲ အမြဲတမ်း ဖမ်းယူစားသောက်လေ့ရှိသတဲ့။

တစ်နေ့မှာတော့ မြေခွေးတကောင်ဟာခြေင်္သေ့ကြီးရဲ့ဂူနားကိုရောက်လာသတဲ့။ ဒါပေမယ့် မြေခွေးဟာ ဂူထဲ ကို ချက်ချင်းမ၀င်သေးဘဲ ဂူအ၀င်ပေါက်ကို သေချာစောင့်ကြည့်၊ အကဲခတ် စူးစမ်းပါတယ်။ ဂူ ၀င်ပေါက်မှာ မြေခွေးရောက်နေပြီ ဆိုတာကို သိတာနဲ့ ခြင်္သေ့ကြီးက စကားချိုချိုသာသာနဲ့

“ကိုမြေခွေး ဂူထဲကို ၀င်ခဲ့လေ”

ဆိုပြီး ဖိတ်ကြားလိုက်ပါတယ်။ ဒါပေမဲ့ မြေခွေးကတော့ ဂူထဲဝင်ဖို့ အခုလို ငြင်းဆန်လိုက်ပါတယ်။

“ အခုလို ဂူထဲဝင်ဖို့ ဖိတ်ကြားတာ ကျေးဇူး တင်ပါတယ်။ ဂူထဲကို ၀င်သွားတဲ့ ခြေရာတွေ အများကြီးတွေ့ပေမဲ့၊ ပြန်ထွက်လာနိုင်တဲ့ ခြေရာ လုံးဝရှာမတွေ့ ပါဘူးခြေင်္သေ့ကြီးရယ်။ ဒါကြောင့် ကျွန်တော် ဂူထဲ မ၀င်တော့ပါဘူးဗျာ” လို့ပြန်ပြောလိုက်သတဲ့။

ဂူထဲဝင်လာရင် ကိုက်စားဖို့ ကြံစည်နေတဲ့ ခြေင်္သေ့ကြီးဟာ မြေခွေး ဂူထဲဝင်မလာတာကြောင့် အကြံပျက်သွားပါတော့တယ်။ မြေခွေးလည်း သူ့ရဲ့စဉ်စား ဆင်ခြင်ဥာဏ်ကြောင့် အသက်ဘေးက လွတ်မြောက် သွားပါတော့တယ်။

ဒီပညာပေးပုံပြင်ထဲက ဇာတ်ကောင် မြေခွေး နေရာမှာ ယုန်ကလေး အနေနဲ့ မြန်မာပုံပြင်တွေထဲမှာ ဖတ်ဖူး ကြားဖူး ကြမှာပါ။ စာရေးသူဟာလည်း “ယုန်” ဇာတ်ကောင်အနေနဲ့ စဖတ်ဖူးခဲ့တာပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ Aurora Book Companyက ထုတ်ဝေတဲ့ စာအုပ်မှာတော့ ဇာတ်ကောင်ကို မြေခွေးအဖြစ် ရေးသား ထားပါတယ်။ ပုံပြင်တွေထဲက ဇာတ်ကောင်တရိစ္ဆာန်တွေဟာ လူမျိုးအလိုက်၊ ဒေသ အလိုက် အမျိုးမျိုးကွဲပြားတတ်တာကို စာရေးသူ သတိပြုမိပါတယ်။ ဣေႁႏၵေဇယ်(19-10-2017)

Comments