(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇
အမှန်က
ပွဲလည်းမပြီး မီးလည်းမသေ
ရေအောက်မီးတောင်တလုံးလို အောင်းပူနဲ့
ပင်လယ်ပြင်ရဲ့ဝင်သက်ထွက်သက်ကိုချိန်ဆ
ကျဲပါးကြယ်စမှုန်ပျ အလင်းအောက်
ချောက်နှုတ်ခမ်းမှာ လမ်းလျှောက်နေကြ။
မလှပလိုက်ပလေ…
နေထွက်ချိန် နေဝင်ချိန်
ကြိမ်စာသင့်နေကြသူများအတွက်
အိပ်မက်ဆိုးတို့ထပ်ပြန်ရစ်ဝဲ
ခဲမှန်ဖူးသောစာသူငယ်များချည်းသာ
ဧရာဝတီကား ရေအီနေဆဲ။
သဲထဲရေသွန်ဖြစ်ခဲ့ရသောဆယ်စုနှစ်များ
မပီဝိုးဝါးမဟုတ်
ရုပ်ကို အဟာရစောင့်ခြင်းထဲတွန်းချခံကြရ
ကြားကြားသမျှ
အမျှ အမျှ အမျှ…
ညကနက်ဆဲ မိုးမလင်းနိုင်။
သီးခိုင်ပွင့်စုံ
အာရုံကြည်နူးဆွတ်ပျံ့ဖွယ်ရာ
ငြိမ်းချမ်းသာယာသောဥယျာဉ်တခု
လူမှုသုခ လောကပါလတရားများ
ဖွံဖြိုးရှင်သန်ရာ…
ဘယ်ဆီဘယ်မှာ မှန်းဆမရ
အစမကောင်းခဲ့ကြပုံ။
ပြောမယုံကြုံဖူးမှသိ
အခုထိ…။ ။
Comments