မောင်ရစ် - ရုရှားက အမေရိကန်နိုင်ငံကို အွန်လိုင်းအာဏာသိမ်းလိုက်သလား



မောင်ရစ် - ရုရှားက အမေရိကန်နိုင်ငံကို အွန်လိုင်းအာဏာသိမ်းလိုက်သလား
(အတွေးအမြင် ဇန်န၀ါရီ ၂၀၁၇) မိုးမခ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၇


ယခုလက်ရှိ နိုဝင်ဘာ ၇ ရက်အထိ ဖတ်မိတဲ့ သတင်းခေါင်းစဉ်တွေအရကတော့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားတွေ ၀င်ရောက်စွက်ဖက် ချယ်လှယ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာ ဗူးပေါ်သလို ပေါ်လာပြီ။ ငြင်းချက်ထုတ်မရတာကတော့ လက်ရှိရွေးကောက်ခံသမ္မတကြီး ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က လူကြီး ၃ ဦးထက်မနည်းကို FBI က စုံစမ်းဖော်ထုတ် အရေးယူလိုက်ပါတယ်။ အပြစ်ရှိကြောင်းမတွေ့သေးသော်လည်း တရားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အခြေခံကတော့ ရုရှားအစိုးရနဲ့ ပတ်သက်တဲ့ အလုပ်တွေ စီးပွားရေးတွေမှာ သူတို့ ပတ်သက်တယ်၊ ငွေကြေးခ၀ါချတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။

သမတကြီး ထရန့်က သူအရွေးမခံရခင်တုန်းက အကြိမ်ကြိမ် မဲဆွယ်ပွဲတွေကနေ ရုရှားတွေ ဒီမိုကရက်ပါတီကို hack လုပ်ပြီး အထုပ်ဖြေပြပါလား၊ Wiki Leak ကလူတွေကလည်း ဒီမိုကရက်အီးမေးတွေ ဖောက်ထုတ်ပစ်လိုက်ပါလားလို့ တိုက်တွန်း လှုံဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားတွေ အမေရိကန်ရွေးကောက်ပွဲမှာ စွက်ဖက်ချယ်လှယ်တယ်လို့ စွပ်စွဲမှုတွေကို စုံစမ်းနေတဲ့ ယခင် FBI လူကြီးကို ထရန့်က ထုတ်ပစ်ခဲ့ပါတယ်။ နောက်တက်လာတဲ့ FBI လူကြီးသစ်ကလည်း လက်မလျော့ဘဲ ဆက်ဖော်ထုတ်နေတာကြောင့် ထရန့်ကင်ပိန်းကလူတွေ၊ ထရန့်အစိုးရအဖွဲ့ကလူတွေဟာ ရုရှားအစိုးရနဲ့ သူတို့ဘက်တော်သားတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးတွေ ရှိနေခဲ့တယ်ဆိုတာ ပေါ်ပြီးရင်း ပေါ် ဖြစ်လာနေတယ်။ ထရန့်ကတော့ မလျော့ထဲကပါ။ သူ့တွစ်တာကနေ ဆက်ပြီး သည်အလုပ်တွေဟာ အရူးအလုပ်တွေလို့ တွယ်ပြီးရင်း တွယ်နေတာပါပဲ။

သည်ကြားထဲ အထက်လွှတ်တော် အောက်လွှတ်တော်အသီးသီးကလည်း သီးခြား စုံစမ်းရေးကော်မရှင်တွေ ဖွင့်ပြီး စစ်ဆေးနေကြတာမို့ ရုရှားတို့ရဲ့ အမေရိကန်ပြည်တွင်းရေးကို စွက်ဖက်မှုဟာ ရွေးကောက်ပွဲတင်သာမက ပိုပြီး ကျယ်ပြန့် နက်ရှိုင်းနေတယ်ဆိုတာ ပေါ်လွင်လာပါတယ်။

တလောက Facebook, twitter နဲ့ Google က လူကြီးတွေကို ခေါ်ပြီး လွှတ်တော်မှာ ကြားနာရာမှာ ရုရှားအစိုးရ ကျောထောက်နောက်ခံနဲ့ အင်တာနက် Troll (လှုံ့ဆော်သွေးထိုးသူတွေ)ဟာ အမေရိကန်တွေကို သွေးကွဲအောင် အကြီးအကျယ် ၀ါဒဖြန့်တာ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်တာကို လုပ်ခဲ့ကြတယ်လို့ အစစ်ခံကြပါတယ်။

ရုရှား Troll တွေဟာ ဆိုရှယ်မီဒီယာတွေကို သုံးပြီးတော့ အမေရိကန် လက်ဝဲ လက်ယာ သန်သူတွေ၊ ရှေးရိုး ခေတ်ပေါ် ကွဲပြားသူတွေအပေါ် ပိုပြီး သွေးကွဲအောင် လုပ်နိုင်ခဲ့ကြပါတယ်တဲ့။ ဥပမာ – တရားမ၀င် တပြည်သားတွေကို ဆန့်ကျင်ကြဖို့အရေးကို မီးထိုးပေးသလို မူဆလင်တွေကို ကာကွယ်ကြဆိုတဲ့ လှုပ်ရှားမှုတွေကိုလည်း သွေးထိုးခဲ့ကြပါတယ်။ လူမည်းတွေအသက်တန်ဖိုးထားကြပါ ဆိုတဲ့ ဆန္ဒပြပွဲတွေကိုလည်း လိုက်လံ လှုံဆော် ၀ါဒဖြန့်တာတွေလည်း လုပ်ခဲ့ကြပါတယ်။ သူတို့တွေဟာ ဆိုရှယ်မီဒီယာတွေကနေ တဆင့် တကယ် ဆန္ဒပြပွဲတွေ ဟောပြောပွဲတွေဖြစ်အောင် နောက်ကွယ်ကနေ အားပေးနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဥပမာ – Facebook ကနေ စကားလက်ဆင့်ကမ်းပြီး အမေရိကန်မြို့တမြို့က ရင်ပြင်တခုမှာ နှစ်ဘက် အုပ်စုကို စုဝေးစေပြီး အဓိကရုဏ်းတွေ ဖြစ်စေတာမျိုး အထိ လုပ်နိုင်ပါသတဲ့။

ကလင်တန်ကို သတ်ပစ်ကြလို့ ကြွေးကြော်သံကို ပရိမုတ်လုပ်နေချိန်မှာပဲ ထရန့်သမတနိုင်သွားတဲ့အခါ လက်ယာစွန်းတွေ နိုင်သွားပြီ၊ အသားအရောင်၊ လိင်၊ ခွဲခြားမှုအရေးတွေ နိုင်သွားပြီလို့ တဖက်စွန်းကိုလည်း ရန်စပေးခဲ့ကြပါတယ်။ သမတကြီး ထရန့်ကတော့ အဲသည် သွေးထိုးလှုံဆော်မှု လှိုင်းတွေ စီးပြီး အနိုင်ရသွားတယ် ဆိုရမှာပေါ့ ခင်ဗျာ။

လွှတ်တော်ကြားနာပွဲမှာ လွှတ်တော်အမတ်တွေကတော့ သည်လို ကြားသိရတဲ့အတွက် ဆိုရှယ်မီဒီယာ အင်တာနက်ကုမ္မဏီကြီးတွေကို ပြစ်တင်ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ သည်လို အတုအယောင် အဖျက်အမှောက်အလုပ်တွေကို နည်းပညာကုမ္မဏီတွေက ကြိုတင်သိရှိ ကာကွယ်နိုင်ခြင်း မရှိရတာကို အပြစ်ဖို့ကြပါတယ်။ အင်တာနက်ကုမ္မဏီကြီးတွေကလည်း သူတို့အစွမ်းကုန် စိစစ်သော်လည်း ရုပ်ဖျက် ပုံဖျက် ကျွမ်းကျင်လွန်းတာကတကြောင်း၊ freedom of expression ဆိုတဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရမယ် ဆိုတာကို တန်ဖိုးထားရတာကကြောင်း သူတို့လည်း ကျဉ်းထဲ ကြပ်ထဲ ရောက်ခဲ့ကြရတယ်၊ သင်ခန်းစာတွေ ရကြရတယ်။ ဒါကြောင့်လည်း အခု သည် တနှစ်အတွင်း ပရိသတ်ကို ချပြပြီး ပြုပြင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။


တကယ်တမ်းကတော့ အဲသည်ရွေးကောက်ပွဲအကြိုကာလ – ၂၀၁၅ ၂၀၁၆ အတွင်းမှာ fake news တွေ disinformation (သတင်းတွေ ပုံဖျက်တာ) တွေ အများအပြားဖြစ်ပွားလာနေတာကို ပရိသတ်ကော မီဒီယာတွေကော နိုင်ငံရေးသမားတွေပါ သတိပြုမိကြပေမယ့် အထူးအလေးအနက်မထားခဲ့ကြပါဘူး။ သတင်းတွေကို လူပြိန်းကြိုက် နောက်ကလိုက်ပြီး ဖွတာတွေ ချဲ့ကားတာတွေလုပ်ပြီး ကိုယ်ကျိုးအတွက် လိုရာဆွဲ အသုံးချခဲ့ကြတာကြောင့် နောက်မှာ ထရန့်လိုမျိုး ကိုယ်ကျိုးရှာလှိုင်းစီးသူကို မတားနိုင် ထိန်းမရ ဖြစ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။

အဲသည် ၂၀၁၆ နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲ ကာလမှာ အမေရိကန်က ဖေစ့်ဘွတ်ပရိသတ် သန်း ၁၃၀ နီးပါးကို ရုရှားက စည်းရုံးလှုံဆော်နိုင်ခဲ့တယ်။ တွစ်တာမှာ ရုရှားရဲ့ အမေရိကန်ဟန်ဆောင်ထားတဲ့ အကောင့်အတု ၃ ထောင်နီးပါး။ အော်တိုမက်တစ် တွစ်လုပ်တဲ့ BOT တွေက လေးသောင်းနီးပါး။ သူတို့တွေ တွစ်ခဲ့တာ အကြိမ် ၁.၄ သန်းကျော် ရှိပါတယ် တဲ့။ ဂူးဂဲရဲ့ Search မှာ သတင်းမှားတွေ သတင်းအတုအယောင်တွေ ရှေ့တန်းရောက်နေအောင်လည်း ရုရှား hacker တွေက လုပ်ကြံနိုင်ခဲ့ကြပါသတဲ့။ ကမ်းကုန်ရော မဟုတ်လား။

သူတို့တွေရဲ့ လုပ်ကြံသတင်းတွေ အာဘော်တွေက ဘယ်လောက်တောင် ကောင်းသလဲဆိုရင် မီဒီယာတွေ မဲဆွယ်သမားတွေကိုယ်တိုင်က ဒီဟာတွေကို ကိုးကားပြီး သတင်းတွေ ထပ်ဖြန့် ကြော်ငြာတွေလုပ် မိန့်ခွန်းတွေမှာ ထည့်ပြောသည်အထိကို ပေါက်ကုန်တယ်လို့ ဆိုပါတယ်။ ခိုးဝင် ၅ ထောင်ကို ကျွေးထားမယ့်အစား အိမ်ယာမဲ့ စစ်ပြန် ၁၀ ယောက်ကို အိမ်ပေါ်ခေါ်တင်ကျွေးထားမယ်ဆိုတဲ့ ကြွေးကြော်သံဟာ ရုရှားတွေ ထွင်ပေးလိုက်တာပါ။ အမေရိကန်လူဖြူတွေက ဒါကို ဆီမန်းမန်းသလို ရွတ်ကြပါသတဲ့။ ငါဟာ မူဆလင်၊ ငါ ဂုဏ်ယူတယ် ဆိုတာ ရုရှားတွေ လုပ်လိုက်တဲ့ တွစ်ပါ။ အမေရိကန်က လစ်ဘရယ်တွေ ခေါင်းပေါ်တင်ပြီး နဖူးစီးကြတော့တာပဲ တဲ့။

ဟီလာရီကလင်တန်အတွင်းရေးတွေ ပေးမယ်ဆိုလို့ ရုရှားအေးဂျင့်တွေနဲ့ ထရန့်ရွေးကောက်ပွဲကော်မရှင်က လူကြီးတွေက ကောက်ကောက်ပါအောင် သွားတွေ့ကြပါတယ်။ ထရန့်သားမက်တောင် ရှေ့ကနေ ပါသေးတယ် ဆိုပါတဲ့။ သည်တော့ ရုရှားတွေနဲ့ ပေါင်းပြီး အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရအောင် ထရန့်တို့ အပေါင်းအပါတွေ လုပ်ခဲ့ကြတယ်ဆိုတာက မပြေးသော်လည်း ကန်ရာ ရှိပါ။ ထရန့်တိုကတော့ မျက်စိမှိတ် ငြင်းနေတုန်းပါပဲ။

သည်တော့ ဘယ်လိုမျိုး ကောက်ချက်ဆွဲမှာလဲ။ အမေရိကန် ဒီမိုကရေစီ၊ လူနေမှုစနစ်နဲ့ ရွေးကောက်ပွဲကို ရုရှားတို့က ဒီတပွဲမှာ အလဲထိုးလိုက်နိုင်ပြီလို့ ဆိုရလေမလားပါ။ သူတို့တွေ ၀င်နှောက်လိုက်လို့ အမေရိကန်တွေမှာ ဘယ်ဟာကို အစစ် ဘယ်ဟာက အတုလို့ ခွဲခြားစိတ်ဖျာနိုင်တဲ့ အမြင်အာရုံ နောက်ကျိ ရှုပ်ထွေးကုန်တာက ရုရှားတွေအတွက် အမြတ်ထွက်လိုက်တာပါပဲ။ အစိုးရကလည်း စိတ်မချရ၊ မီဒီယာကလည်း မယုံရ၊ နိုင်ငံရေးသမားတွေကလည်း သံသယရှိဖွယ်၊ လူတွေအချင်းချင်းမှာလည်း အယူအဆအစွန်းရောက်မှုတွေနဲ့ ရန်လို မုန်းတီးနေကြရတယ်ဆိုရင် ဒီတိုင်းပြည်ဟာ ဘယ်လိုလုပ် နေထိုင်ချင်စရာ ဂုဏ်ယူချင်စရာ ကောင်းပါတော့မလဲ။ "လူတွေဟာ အမှန်အမှား မခွဲခြားနိုင်ဘူး၊ ကိုယ့်အတွက် ဘယ်ဟာကောင်းသလဲ မသိဘူး၊ ဒါကြောင့် ငါတို့လို အာဏာရှင်တွေက ရာသက်ပန် အုပ်ချုပ်နေမှ ဖြစ်တော့ မကိုး" ဆိုတဲ့ ပူတင်ရဲ့ ကောက်ချက်လိုမျိုး အမေရိကန်ပြည်မှာသာ ဒေါ်နယ်ထရန့်လိုမျိုး လူက ဆုံးဖြတ်လိုက်မယ်သာဆိုရင် အမေရိကန်တွေ ဂုဏ်ယူမော်ကြွားနေတဲ့ အမေရိကန်ဒီမိုကရေစီဆိုတာ ဘယ်လမ်းကို ဆိုက်မလဲဆိုတာ တွေးပူမိပါရဲ့။

Comments