ဆောင်းယွန်းလ ● သံသရာ


ဆောင်းယွန်းလ ● သံသရာ
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

တခါတခါရွာတဲ့ မိုးရေတွေထဲ
ငါ့အပူတွေ စီးဆင်းမြောပါသွားတယ်
ဘယ်အထိလိုက်သွားရမှာလဲမသိတော့
တနေရာရာဆီမှာ ချန်ရစ်ခဲ့တယ်
ကျန်လည်းကျန်ရစ်ခဲ့တယ်
ရတောင့်ရခဲ အားလပ်ရက်လေးထဲ
တနေရာရာဆီကို အလည်အပတ်သွားတဲ့အခါ
ငြီးငွေ့ ဖွယ်ဘဝကို
တနေရာရာဆီမှာ ချွတ်ချထားခဲ့မိတယ်
ဘယ်အချိန်မှာ ပြန်ဝတ်ရမယ်မှန်းမသိပေမယ့်
တချိန်ချိန်မှာ ပြန်ကောက်ဝတ်ရမယ်မှန်းကိုသိနေခဲ့တယ်
တခါတုန်းက မြစ်ထဲ
စီးမြောသွားတဲ့ ငါ့အပူလှိုင်းတွေပဲ
အခု
အခိုးအငွေ့ အဖြစ်နဲ့ ကောင်းကင်ဆီကနေတဆင့်
မိုးရေစက်တွေဟာ
ပင်လယ်ဆီကနေ သဲသဲမဲမဲလာနေတယ်
ရွာနေတယ်။

ဆောင်းယွန်းလ

Comments