ဆောင်းခူးလက် - ဖြတ်ကျော်ပြီးသားမှတ်တိုင်နဲ့ တွေ့ဆုံ

Than Htay Maung
ဖြတ်ကျော်ပြီးသားမှတ်တိုင်နဲ့ တွေ့ဆုံ

ဆောင်းခူးလက်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇


ပြောပေါ့
လူရာဝင်အောင် ပြောပေါ့
မင့်အသံက
မင့်ကို ဆွဲထုတ်မသွား မချင်း ပြောပေါ့
စကားလုံးကြီးကြီးနဲ့ လူထဲဝင်လာ
စကားလုံးကြီးကို
ယိုင်ထိုးယိုင်ထိုးထမ်းပြီး လူထဲဝင် နေရာယူပေါ့
သူတို့ ပြောတဲ့စကားတွေ မှတ်ထား
ခဲတုံးတွေစုသလို စကားလုံးတွေ စုထားပေါ့
ခဲတုံးတွေနဲ့ပစ်ပေါက်သလို
စကားလုံးတွေနဲ့ ငြင်းခုန်ပြီး လူရာဝင်ပေါ့
ဆရာကြီးတွေရဲ့ စကားတွေ စုထား
ဆရာကြီးဆိုသူတွေနဲ့ အပြိုင်ငြင်းပြီး ဂုဏ်ယူပေါ့
စာတတ်သူကို စာမှတ်သူက ဖျက်ဆိုတော့
လူစည်စည်မှာ အမှားကို ထောက်ပြီး သာယာပေါ့
မေးခွန်း အဆန်းတွေ မေးပေါ့ ခုနှစ်တွေနဲ့
မင်းက မှတ်ထားတာဆိုတော့
မင်းပဲသိ မင်းပဲဆရာကြီးပေါ့
ကြိုးနဲ့ချည်ပြီး ကြိုးပြန်ဖြေသလို
မေးခွန်းတွေနဲ့ချုပ်လိုက် ဖြေလိုက်လုပ်
ဆရာကြီးဂိုက်ထုတ်
ဆရာကြီးလုပ်ပြီး လူရာဝင်ပါ အရသာခံပါ ဂုဏ်ယူပါ
မင့်အသံက
မင့်ကို ဆွဲထုတ်မသွား မချင်း ပြောပေါ့ ။
အခုလို
မင်းကိုတွေ့တာ ငါ့ငယ်ဘဝကို သတိရလိုက်တာ ။  ။


ဆောင်းခူးလက်
၁၆.၉.၂၀၁၆

Comments