လင်းသက်ငြိမ် ● ရင်ထဲမြွေ
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၇
ဖမ်းဆုပ်ရခက်ခဲ မြွေတစ်ကောင်
ငါ့ရင်ထဲသူ့ဖာသာဝင်နေသလိုလို
တစ်စုံတစ်ယောက်ကထည့်သွားသလိုလို
ကပွဲတွေမှာမပျော်ရွှင်သူရင်ထဲမြွေ
ဘုရားသခင်ဆီသွားဖို့ငြင်းဆန်သူရင်ထဲမြွေ
အနမ်းသုံးဆယ့်နှစ်ပွင့်မခြွေချခဲ့ဖူးသူရင်ထဲမြွေ
ပုလွေသံမှာယိမ်းကခဲ့သူရင်ထဲမြွေ
ဂီတသံဟာဓားသွားပဲ အဲ့ဒါငါပြောတာပဲ ဆိုသူရင်ထဲမြွေ
လူ့အဖွဲ့အစည်းဟာ ဂုဏ်ငွေကြေးအခွင့်အရေးတွေမှာ
သွက်သွက်ခါရူးသွပ်နေကြပြီ
အိတ်ကပ်ထဲကပိုက်ဆံဟာ လက်နက်ပဲ
အတုအယောင်တွေနဲ့အမှန်တရားဟာမြုံနေတဲ့မိန်းမ
နို့ပိန်ကလေးမှာရမ္မက်စိတ်ဖြစ်ထွန်းနေရတဲ့
အခြေခံလူတန်းစားရဲ့ည
ချဉ်နေတဲ့အမှိုက်ပုံးထဲကနို့ဆီဗူးကို
သူတောင်းစားကလေး ကောက်သွားပြီ
လူနားမလည်တဲ့ ဘာသာဗေဒတွေနဲ့
ကိုယ့်တံဆိပ်ကိုယ်တပ်ရင်း ပညာရှိများရူးကြ
စလင်းဘက်ထဲကွန်ဒုံးတွေထည့်ပြီး
ခြောက်ကပ်ကပ်ရယ်မောနေတဲ့
ပြည့်တန်ဆာလို မိတ်ကပ်အဖွေးသားနဲ့တက်ကျမ်းများ
တကယ့်ဘဝဟာငရဲဖြစ်ပြီး
စိတ်ကူးယဉ်ခြင်းဟာ အပြာကားကြည့်ခြင်းပဲ
အရူးဟာ လမ်းထိပ်မှာလာသမျှလူတိုင်းကို
လက်ညိုးထိုးပြီး အရူး အရူးလို့အော်နေတယ်
လမ်းဘေးမှာလဲနေသူကိုတွဲခေါ်ဖို့
သူ့နောက်ပါအနေအထားကိုကြည့်ပါတဲ့လား
စိတ်ဓာတ်တွေလေဖြတ်နေတဲ့လောက
ရင်ထဲမြွေဟာ ငါ့ဦးနှောက်အခန်းထဲကူးသွားတယ်
ငါ့ဦးနှောက်အခန်းထဲကနေ
ငါ့နှလုံးသားဆီကူးသွားပြီး ကိုက်ဖြတ်ပစ်လိုက်တဲ့ ရင်ထဲမြွေ
မေ့ဆေးဟာ ဒဏ်ရာတွေထဲကလွတ်မြောက်ရာ
ခြေထောက်တွေမရှိတော့ ဖိနပ်ဖိုးသက်သာတာပေါ့
ငါ့အိပ်ယာပေါ်မှာ ခွေနေရင်း ငါတွေးနေမိတယ်။
လင်းသက်ငြိမ်

Comments