ဆိုင်းဗျူ - နယ်ခြားစောင့်တပ်( BGF ) တောင်ပေါ်က ဘိန်းခင်းများ ဖျက်ပေးပါ
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၈
ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေးအဖွဲ့ ( Pat jasan ) တို့သည် ဆဒုံးဒေသ၊ ကန်ပိုင်တည်၊ ပန်ဝါ၊ ချီဖွေ ဒေသရှိ ဘိန်းခင်းများကို သွားရောက်ဖျက်စီးဖို့ တောင်ပေါ်သို့ တက်လာခဲ့ကြသည် ။ ထိုသို့တက်လာသော ဘိန်းခင်းဖျက်အဖွဲ့ကို သေနတ်များ ဖြင့် ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည် ။ အချို့မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည် ။ ထိုအရပ်ဒေသကို BGF ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းက ထိန်းချုပ်ထားသော နယ်မြေ များဖြစ်သည် ။ ဘိန်းခင်းများကို မဖျက်စီးအောင် ကာကွယ်သူများမှာ နယ်ခြားစောင့်တပ်များ ( BGF ) တို့ဖြစ်သည် ။
ဘိန်းခင်းများကို စိုက်ပျိုးအောင် အဓိက ကြိုးကိုင်နေတာက စီးပွားရေးလုပ်ငန်းရှင်များမှာ နိုင်ငံခြားသားများ ပါဝင်ပတ်သက်ကြသည်ဟု ဒေသခံများကပြောသည် ။ ထိုအရပ်ဒေသတွင် အလုပ်အကိုင်ရှားပါးသဖြင့် ဘိန်းစိုက်ပျိုးရေးကို ပိုမိုပြီး အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်နေကြသည်မြင်ရသည် ။ အစိုးရအနေဖြင့် လည်း စိုက်ပျိုးရေးနည်းပညာများ နယ်စပ်ဒေသ ဈေးကွက်စီးပွားရေးစနစ် မဖော်ဆောင်ပေး နိုင်ခြင်း တို့လည်းပါဝင်နေသည် ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တရုတ်လူမျိုးလောပန်များလည်း ဒေသခံကချင်တိုင်းရင်းသားများကို ငွေကြေးအရင်းအနှီးများထုတ်ပေးပြီး စိုက်ပျိုးခိုင်းကြသည် ။
'' ကျနော်တို့ ဒီဆဒုံးတောင်ပေါ်ဒေသ မှာ အခြားသော အလုပ် အကိုင်လည်း မရှိသောကြောင့် ဒီဘိန်းခင်းလုပ်တာက ၀င်ငွေတော်တ်ာကောင်းတယ် ဆိုတော့ အများဆုံးက ဘိန်းစိုက်ပျိုးကြတယ် တရုတ်လောပန်တွေက ငွေးကြေးမရှိတဲ့သူတွေကို ငွေကြေးထောင်ပံ့ပေးတယ် ဘိန်းစိုက်ခိုင်းတယ် ထွက်လာတဲ့ဘိန်းတွေကို ၀ယ်ပေးတယ် '' ဟု ဒေသခံလူငယ် ဘောမ်ယိန်းကပြောပြသည် ။
ဘိန်းစိုက်ပျိုးမှု အများဆုံးနယ်မြေများမှာ နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသောနယ်မြေများတွင် ဖြစ်သည် ကို တွေ့ရသည် ။ ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် ဘိန်းခင်းများစိုက်ပျိုးမှု မရှိတော့ကြောင်း ဒေသခံတွေပြောသည် ။ အချို့တောင်ပေါ်တွေမှာဆိုရင် ဟင်းခတ်အမွေးအကြိုင်ဖြစ်သည့် ချောက်ကော် ၊ ပါးကော် ဟွားကြောင် အပင်များစိုက်ပျိုးထားကြသည်ဟုသိရသည် ။
''ဆဒုံး ၊ ကန်ပိုင်တည် ၊ ပန်ဝါ ၊ ဒေသမှထွက်ရှိလာသော ဘိန်းစိမ်းများ ဘိန်းကိုချက်ပြီး လည်းဝေ့မော် ဈေးတွင် လာရောက်ပြီးအရောင်းအ၀ယ်ပြုလုပ်ကြသည် '' ဟု ဘောမ်ယိန်းကပြောသည် ။ ဆဒုံးမြို့များတွင်လည်း ဘိန်းကိုချက်ပြီး ရောင်းချကြသည်ဟုသိရသည် ။
အများဆုံးဝယ်ယူသူများမှာ တရုတ်လူမျိုးများ ဖြစ်သည် ။ ထိုဘိန်းပျိုးမှုကြောင့် ပျက်စီးသွားသော လူငယ်များမှာ ကချင်တိုင်းရင်းသားလူငယ်များသာ အများဆုံးဖြစ်လေသည် ။ ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရ ၊ ကချင်ပြည်နယ်လွှတ်တော် ပြည်ထောင်စုလွှတ်တော် ၊ ကနေပြီးတော့ မူတစ်ခုချမှတ်ပြီး ထိုအရပ်ဒေသကို ၀ိုင်းဝန်းပြီး ဘိန်းခင်းများကိုဖျက်စီးပစ်ဖို့ စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အနေအထားကို ရောက်နေပြီး ဖြစ်သည် ။
ဒီပြသာနာ ဟာ ပြည်နယ်နှင့်တိုင်း၊ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးက လူငယ်တွေရဲ့ ဘ၀ပါ ဖျက်ဆီးပစ်လာနိုင်သည်ကို သတိထားသင့်သည် ။ အလေးအနက် စဉ်းစားရမည် ။ ထိုအရပ်ဒေသ ကို အခြားသော စိုက်ပျိုးရေးလုပ်ငန်းများဖြင့်အစားထိုး စီမံကိန်းများချပေးသင့်သည် ။
အခုအခါ ထို ပြသာနာကြီးကို ဘယ်အစိုးလက်ထက်မှ အရေးယူဆောင်ရွက်မှု မရှိသေးသည်ကို တွေ့ရသည် ။ အမှန်ဆိုရင် ထိန်းချုပ်နေသော နယ်ခြားစောင့်တပ်ကနေ ဘိန်းခင်းများကို လိုက်လံဖျက်စီး ပစ်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့ပြုလုပ်ရန် အရိပ်အယောင်မျှပင် မတွေ့ဘူး ဖြစ်နေတယ် ။ သူတို့ကပင် အားပေးပြီး ဘိန်းများစိုက်ပျိုးနေသည်ကို တွေ့ရသည် ။ ထိုသို့ဘိန်းစိမ်း ဘိန်းဖြူများ လွယ်ကူစွာ ရရှိသောကြောင့် ချီဖွေ၊ ကန်ပိုင်တည်၊ ချန်မူးခုံး၊ ဆဒုံး ဒေသ တွင် ရှိသော လူငယ်များဟာ မူးယစ်ကျေးကျွန် ဘ၀ကို ရောက်သွားခဲ့သဖြင့် သုံးစားမရ၍ မိန်းကလေးများလည်း တစ်ဖက်က နိင်ငံသို့ သွားရောက်လက်ထပ်ကြသည် အချို့မိန်းကလေးများမှာ လူကုန်ကူး ခံရလေသည် ။
အခြားသောယောင်္ကျားလေးများနှင့် မိဘများက မိန်းကလေးငယ်က သဘောမတူဘဲ အသက်မပြည့်ခင် ပေးစားနေကြသည် ။ ဘိန်းခင်း ၊ မူးယစ်ဆေးဝါး ဖြင့်ချမ်းသာလာသူများကိုလည်း အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ရပေတော့မည် ။ ယခု ၂၀၁၈တွင် လုပ်ဆောင်ရပေတော့မည်။ မလုပ်ပါက ထိုအရပ်ဒေသတွင် ဘိန်းခင်းများ ဖူးပွင့်လာပေတော့မည် ။ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်ရေးတွင် ပြည်သူလူထု ပါဝင်မှုအပေါ် ကြိုဆို ထောက်ခံပေးပါရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန် အပြင် ထိရောက်သော ကူညီပံ့ပိုး မှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ ဤလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ၀ိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး ပြည်သူ့လွှတ်တော်တွင် အဆိုတင်တွန်း ခဲ့ရာ အဆိုပါအဆိုကို အတည်ပြုပေးခဲ့သည် ။
လွှတ်တော်တွင် အဆိုကို အတည်ပြုခဲ့ပေမဲ့ မြေပြင်တွင် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း အစီအစဉ် မတွေ့ရသေးကိုတွေ့ရသည် ။ ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကနေ လက်တွေ့ နှစ်စဉ်အကောင်အထည် ဖော်ပေးလျှင် ဘိန်းခင်း များ ပပျောက်သွားနိုင်သည် ။
(ဓာတ်ပုံ - ၂၀၁၆၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်သူများ လမ်းလျှောက်ဆန္ဒပြနေစဉ်၊ http://kachinnewsburmese.blogspot.com )
Comments