ဗိုလ်သူရိန် ● ဆိုမာလီ ပင်လယ်ဓါးမြနှင့် သင်္ဘောသား

ဗိုလ်သူရိန် ● ဆိုမာလီ ပင်လယ်ဓါးမြနှင့် သင်္ဘောသား
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈

စက်တင်ဘာ ၂၈၊ ၂၀၁၇၈ တွင် ကျင်းပခဲ့သော World Maritime Day မှာ သင်္ဘောသားတို့အား လူ့အဖွဲ့အစည်းများမှ ကျေးဇူးတင်ရှိပါကြောင်းအချက် ၇ ချက်ထဲက တချက်ဖြစ်တဲ့ Seafarers risk their lives  ပင်လယ်ဓါးမြတို့ အန္တရာယ် သာမကပဲ စစ်ပွဲဖြစ်ပွားရာ ရေပြင်နယ်နိမိတ်တွေပါမကျန် အသက်ကို ပဓာန ထားပဲ စွန့်လွှတ်သွားလာရတဲ့ အလုပ်ဖြစ်နေလို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။

သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကဆိုမာလီ ပင်လယ်ဓါးမြများပေါ်လာပြီးနောက်ပိုင်းမှာတော့ အိမ်ပြန်ချိန်တွေက မသေချာမရေရာ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် ဖီးလစ်ဆိုတဲ့ ရုပ်ရှင်ပေါ်လာတဲ့အထိ ကမ္ဘာ့အလယ်မှာ နာမည်ကြီးခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာသင်္ဘောသားတွေလည်း ဆိုမာလီပင်လယ်ဓါးမြလက်ထဲ ပြန်ပေးစွဲခံခဲ့ရဖူးပါတယ်။

အသက်မသေပြန်ရောက်ခဲ့ပေမယ့်လည်း အချို့သူတွေက သင်္ဘောသားလောကကိုစိတ်ကုန်ပြီး ထွက်သွားကြပါတယ်။ ယခုနောက်ဆုံး ၂၀၁၇ မှာ လွတ်လာကြတဲ့ တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားသင်္ဘောသားတွေပါတဲ့ ငါးဖမ်းသင်္ဘောဆို ဆိုမာလီ ပင်လယ်ဓါးမြလက်ထဲမှာ ငါးနှစ်နီးပါး ဒုက္ခခံ အစာငတ်ခံပြီးမှ လွတ်လာကြပါတယ်။ ဒါတောင် သင်္ဘောသား အချို့အသက်ပေးသွားခဲ့ရပါသေးတယ်။

ဆိုမာလီနိုင်ငံအစိုးရက မွတ်ဆလင်စစ်သွေးကြွသူပုန်များရန်ကို နှိမ်နင်းနေရတာနဲ့ ပင်လယ်ဓါးမြအန္တရာယ်ဘက်ကို မလှည့် နိုင်ကြပါဘူး။ ဆိုမာလီအစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်အချို့က ပင်လယ်ဓါးမြများနှင့် အချိတ်အဆက်ရှိနေတယ်လို့ ကမ္ဘာ့ ရေကြောင်း သုံးသပ်ရေးအဖွဲ့တွေကဆိုပါတယ်။ ဆိုမာလီနိုင်ငံရဲ့စီးပွားရေးကလည်း ငွေကြေးဖောင်းပွမှုတွေများနေပြီး မြို့ကြီးတွေကို အစိုးရတပ်က ဝင်သိမ်းလိုက်၊ မွတ်ဆလင် စစ်သွေးကြွတွေက ဝင်သိမ်းလိုက်နဲ့ သူတပြန် ကိုယ်တပြန် တိုက်ခိုက်နေရတဲ့ အနေအထားရှိပါတယ်။

ဆိုမာလီရဲ့မြို့​တော်​ မိုဂါဒဂ်​ရှူးမြို့၏ဆိပ်​ကမ်းကို ကုလသမဂ္ဂလုံခြုံ​ရေးတပ်​​တွေနှင့်​ ​စောင့်​​ရှောက်​ထားရပါတယ်။ ဒီဆိပ်ကမ်း ကို ကုန်သွားရောက်ချဖူးတဲ့ မြန်မာသင်္ဘောသားတဦး အတွေ့အကြုံကိုမျှဝေပေးလိုက်ပါတယ်။

မြို့​တော်​တွင်းမှာ ​နေ့တိုင်း အစိုးရတပ်​နှင့်​ သူပုန်​များကြားတိုက်​ပွဲ​တွေ ဗုံးခွဲမှု​တွေ အဆက်​မပြတ်​ရှိနေကြပါတယ်။ တချို့​နေရာများမှာ မိုင်းခွဲ ဗုံး​ပေါက်​သဖြင့်​ မိုး​ပေါ်ထိတက်​လာ​သော မီးခိုးလုံးများကို ဆိပ်​ကမ်းမှ လှမ်းမြင်​​နေရတယ်။ လက်နက် ထိလို့ဆိပ်ကမ်းမှာ သ​င်္ဘောပျက်​၍ ပြန်​ထွက်​မရ ​သောင်​တင်​​နေ​သောသ​င်္ဘောကြီးများလည်း တွေ့ရှိနေပါတယ်။

ကျွန်တော်တို့ရဲ့သင်္ဘော အခုတ​ခေါက်​က​တော့ အရင်​​ခေါက်​များနှင့်​မတူ လာပို့တဲ့ကုန်က စားနာရိက္ခာမဟုတ်​ပဲ ကုလသမဂ္ဂ လုံခြုံ​ရေးတပ်​ကို ​ထောက်​ပံ့​ပေးရမည့်​ ပစ္စည်းများ၊ တင့်​ကားများ တင်​သွား​ပေးရမည့်​အ​ခေါက်​ဖြစ်​နေပါတယ်။ ဒီ သတင်း ကိုကြားတဲ့ ဆိုမာလီသူပုန်​များ ကျွန်​​တော်​တို့သ​င်္ဘောနှင့်​တင်​လာ​သောပစ္စည်းများကို ​ဒေါသထွက်​​နေ​ကြောင်း ကြားသိရပါ တယ်။
 
တောင်အာဖရိကတိုက်မှတင်လာတဲ့ ဒီကုန်စည်တွေကို ဆိုမာလီနိုင်ငံရေပိုင်နက်အထိသာ ​တောင်​အာဖရိက ​ရေတပ်​သ​င်္ဘောက အ​စောင့်​အကြပ်ဖြင့်​ ပို့​ဆောင်​​ပေးပါတယ်။ ဆိုမာလီဆိပ်ကမ်းထဲကိုတော့ ကျွန်​​တော်​တို့သ​င်္ဘောတစီးထဲ ​ရေ​ကြောင်းပြအကူအညီဖြင့်​ ဝင်​သွားခဲ့ရတယ်။ အဲဒီနေ့က ဆိပ်​ကမ်းတခုလုံး ​ခြောက်​ကပ်​​နေတယ်။ ဒါနဲ့ ရေကြောင်းပြကို မေး မြန်းစုံစမ်း​ကြည့်​​တော့ ဒီ​နေ့ဆိပ်​ကမ်းတစ်​ခုလုံး အလုပ်​ရပ်​ထားတယ်တဲ့။ ဘာဖြစ်​လို့လဲမေးတော့ မင်းတို့သ​င်္ဘောလာမှာမို့လို့ မင်းတို့သ​င်္ဘောက ကုန်​တခုထဲကိုပဲ အတင်​အချလုပ်​မှာဆိုပြီး ​ရေ​ကြောင်းပြကပြောပါတယ်။ သ​င်္ဘောကပ်​ပြီးတာနဲ့ တပြိုင်​နက်​ အလုပ်​သမား​ခေါင်း​တွေ ချက်​ခြင်းတက်​လာပြီး အမြန်​ဆုံး ကုန်​ချဖို့ ပြင်​ဆင်​ကြတယ်။ သူတို့ဘာ​ကြောင့်​ အ​လောတကြီး ဖြစ်​​နေရတာကို နာရီဝက်​ခန့်​အကြာမှ စပြီးသိရ​ပါတော့တယ်။

ဝုန်းဆို​သော အသံကြီးနှင့်​အတူ တသက်​နဲ့တကိုယ်​ အနီးကပ်​ကြားဖူး​သော ဗုံးခွဲသံလိုလို မိုင်းကွဲသံလိုလို သ​င်္ဘောနဲ့ကပ်​ရက်​ ​ရေပြင်​မှာ လာကျပေါက်ကွဲတာတွေ့ရပါတယ်။ အလုပ်​သမား​တွေကလည်း ဒီလောက် ဝုန်းဒိုင်းကြဲနေတဲ့ကြားက ကုန်​​တွေကိုချ​နေကြတာ။ ဘာဖြစ်​တာလဲ ခုနဘာနဲ့ပစ်​တာလဲလို့​မေး​တော့ လောင်ချာ launcher ​နဲ့ ထုတာတဲ့။ သူပုန်​​တွေက သူတို့ကို သတ်​မယ့်​လက်​နက်​​တွေလာချပြီဆိုပြီး ဒေါသတွေဖြစ်ကာ သင်္ဘောပေါ်တင်ဆောင်လာတဲ့လက်နက်တွေ ပျက်​စီးသွား​အောင်​ သ​င်္ဘောကို Rocket Launcher စကတ်​ဒုံးကြည်​​တွေနဲ့ပစ်​နေတာ ဆိုပါလား။

ကျွန်​​တော်​တို့သင်္ဘောသားအားလုံးလည်း အ​တော်​စိုးရိမ်​နေကြပါတယ်။ သ​င်္ဘောက ဆိပ်​ကမ်းမှာ ကြိုးချည်​ပြီးကပ်​ထားတာ ဆိုတော့ ချည်​ပြီး တုတ်​ပြီး အရိုက်​ခံရသလိုဖြစ်​​နေတယ်။ တည့်​တည့်​ထိပါက အကုန်​​သေမည့်​ကိန်း။ ​လောင်​ချာကျဉ်ဆံ  ၃ ခု​လောက်​ သ​င်္ဘော​ဘေးတွင်​ ကျ​ရောက်​ပြီးချိန်​ သ​င်္ဘော​ပေါ်တွင် ဆိပ်​ကမ်းအလုပ်​သမားတယောက်​မှ မရှိ​တော့ဘူး။ အကုန်​ထွက်​​ပြေးကုန်​ကြပါပြီ။

ရှေ့နောက်က အခြားကပ်​ရပ် သ​င်္ဘောများမှ သ​င်္ဘောသားများလည်း ဆိပ်​ကမ်းနဲ့ ခပ်​​ဝေး​ဝေးရှိ ကုန်​​လှောင်​ရုံများတွင်​ သွား​ရောက်​ပုန်း​အောင်​​နေကြရပါတယ်။

ကျန်​​တော်​တို့ကို​တော့ သ​င်္ဘော​ပေါ်ကနေသူကြီး captain ကဆင်းခွင့်​မ​ပေးပါဘူး။ဆိပ်ကမ်း အလုပ်သမား ဘယ်​သူမှ မရှိ​တော့လို့ ကျန်တဲ့ ကုန်သေတ္တာ Cargo Container များနှင့်​ ကားများကိုကျွန်တော်​တို့်​ ရှိသမျ သ​င်္ဘောသားများ အကူအညီနဲ့  မပြီးပြီး​အောင်​ ချပါဆိုပြီး ကုမ္မဏီမှ အမိန့်စာ order email ပို့လာပါတယ်။ လောင်ချာ lau​ncher တွေ တစ်လုံးပြီးတစ်လုံး ပစ်​​နေကြသော တ အုန်း အုန်း နှင့်​ အသံများကြားမှာ ကုန်မချပဲနေလျင်​ ​နောက်​​နေ့ကြရင် ပိုဆိုးမယ်ဆိုပြီး ​နောက်​ဆုံး​တော့ သ​င်္ဘောသားအားလုံး ​သေခါမှ ​သေ​တော့ ဆိုပြီး ကုန်ပစ္စည်းများ ကို ချည်​​နှောင်​ထား​သော lushing အတားအစီးများကို ဖြုတ် ကရိန်း​.Crane နဲ့ချပေးသူ ချပေး။ လောင်ချာနဲ့ ပစ်ခက်သံ ကြားမှာ ​သေမှာလည်း ဂရုမစိုက်​နိုင်​​တော့ဘူး တွေးမိတဲ့ ဒီအချိန်မှာ ငါ​သေသွားလည်းအိမ်​က​လျော်​​ကြေး​လေး​တော့ ပြန်​ရပါ​သေးတယ်​​လေ ဆိုပြီး ​တွေးမိရုံမှတပါးအခြား မစဉ်းစား မတွေးတောတော့ပါ။

ဒါပေမယ့်လည်း နေ့လည်​မှ ည​နေ ၆ နာရီ ​ကျော်​အထိ ရော့ကတ်လောင်ချာ Rocket ​launcher အခု ၂၀ ​ကျော်​ဖြင့်​ အပစ်​ချခံရ​သော်​လည်း ကံအ​ကောင်းလွန်​​နေ၍လားမသိ။ ​သေကံမ​ရောက်​ သက်​မ​ပျောက်​ပဲ သ​င်္ဘောကိုလည်း လုံးဝမထိခိုက်​ပဲ ည​ရောက်​သွားပါတယ်။ သ​င်္ဘောကို ​ရှောင်​များပစ်​​နေတာလားဟု ထင်​မိ​သော်​လည်း အမှန်​တကယ်​က​တော့ သ​င်္ဘောကို တည့်တည့်လှမ်းပစ်​တာဖြစ်​​ပေမယ့်​ တနေရာမှပစ်​ပြီး သူပုန်​​တွေကိုယ်​တိုင်​လည်း ​နောက်​တနေရာကို ထွက်​​ပြေးနေရတာဖြစ်​လို့ ပစ်​မှတ်​လွဲလွဲ​နေရတာပါလို့ ဆိပ်​ကမ်းလုံခြုံ​ရေးက​ပြောပါတယ်။ သ​င်္ဘော​ပေါ်ရှိကုန်​စည်​များကို အမြန်​ဆုံးချ​နေရာမှ ည ၁၁ နာရီ​လောက်​မှာ ပစ္စည်းအားလုံးချပြီးသွားပါတယ်။

နောက်​တ​နေ့မနက်​ အရုဏ်တက်​တာနဲ့ ​လောင်​ချာဖြင့်​ ထပ်​မံအပစ်​ခံရနိုင်​လို့သတင်း​ရ​သော​ကြောင့်​ သ​င်္ဘောကို ညတွင်း ချင်း ဆိုမာလီယာနိုင်​ငံအပြင်​သို့ ​မောင်းထွက်​ခဲ့ရတယ်။ ညနေဘက်မှာပဲ တောင်အာဖရိကတိုက် Kenya နိုင်​ငံ Mombasa ဆိပ်​ကမ်း​ရောက်​​တော့ လူအုပ်​ကြီးက ​စောင့်​ကြို​နေပါတယ်။

ဆိုမာလီမှာ သတင်း​တွေကထွက်​​နေတာက သ​င်္ဘောသား ၃ ​ယောက်​​သေတယ်၊ ၄​ ယောက်​​သေတယ်၊  ဒဏ်​ရာ​တွေရကြ တယ်သတင်းများကြားရလို့ အား​ပေးရ​အောင်​ လာ​စောင့်​​နေကြတာတဲ့။ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူ၊ ဘာ သာယဉ်ကျေးမှုမတူတဲ့သူတွေက ကျွန်တော်တို့ကို အခုလို လူသားချင်းစာနာထောက်ထားစွာနဲ့ လာရောက်အားပေးကြတာက အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ ဒဏ်​ရာရသူရှိ​သော်​လည်း ဆိုမာလီဆိပ်​ကမ်းမှလူများသာဖြစ်ပြီး သ​င်္ဘောသားအား လုံးနဲ့သ​င်္ဘောက​တော့ ​လောင်​ချာတလုံး​တောင်​ မထိခိုက်​ခဲ့ပါဘူး။ သင်္ဘောကုမ္မဏီက Certificate of Appriciation ပူး​ပေါင်း​ဆောင်​ရွက်​​ပေးမှုလက်​မှတ်​နှင့်​ ​ဒေါ်လာ ၄၀၀ မုန့်​ဖိုး​ပေးပါတယ်။ ကျွန်​​တော်​က​တော့ အဒီလက်​မှတ်​ကို မ​သေ၍ရလာ​သော Death Certificate လို့ သတ်​မှတ်​လိုက်ပါတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ မြန်မာသင်္ဘောသား ကိုရသရဲ့  အသက် အန္တရာယ်ကြားက ဖြစ်ရပ်လေးပါ။

ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့နိုင်ငံမှာ သူခိုး ဓားမြပေါ်လာတာက သိပ်တော့မဆန်းလှပါဘူး။ ဒါကြောင့် စူးအက်တူးမြောင်း (suez cannal) ကနေ ဖြတ်သန်းသွားလာကြမယ့်သင်္ဘောအများစုက ဆိုမာလီပင်လယ်ဓားမြအန္တရာယ်ရှိတဲ့အတွက် လက်နက်ကိုင်အစောင့် (security guard) တွေကို ငှားရမ်းလာကြပါတယ်။ တောင်ကိုရီးယားသင်္ဘောတွေဆို တောင်ကိုရီး ယား  ပုဂ္ဂလိကအပိုင် security company တွေကို ငှားရမ်းကြပါတယ်။

ကျွန်တော်တို့နဲ့ အတူတွဲစီးဘူးတဲ့ လက်နက်ကိုင်အစောင့်တွေက ကိုရီးယားလူမျိုးတဦးနှင့် အိန္ဒိယကုလားနှစ်ဦး စုစုပေါင်း သုံးဦးပါ။ နောက်တခေါက် ဆိုမာလီကိုဖြတ်တဲ့အခါကြတော့ နီပေါသုံးဦး။ သူတို့အားလုံးက စစ်မှုထမ်းဟောင်းတွေဖြစ်ပါ တယ်။ လုံခြုံရေးအစောင့်တွေရဲ့လခက နိုင်ငံသားအလိုက် ခေါင်းဆောင် ငယ်သားအလိုက်ပေါ်မူတည်ပြီး အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၂၀၀၀ ကြား ရရှိပါတယ်။ ဒီနေရာမှာ မြန်မာ့တပ်မတော်ကနေ စစ်မှုထမ်းခဲ့တဲ့ စစ်မှုထမ်းဟောင်းလူငယ် လူလတ်ပိုင်းတွေကို သတိရပါတယ်။ (ကိုယ်လက် မသန်စွမ်းတဲ့သူတွေမပါ။) သူတို့တွေက  ထောက်လှမ်းရေးဌာနကြီး တခု လုံးဖြုတ်လိုက်လို့ တသီတတန်းကြီးပါသွားတဲ့ ဗိုလ်တွေ၊ တပ်သားတွေ၊ နောက် တပ်ထဲမှာ ပြစ်မှုတစုံတရာကြောင့် ပစ်ဒဏ် ကြခံပြီးထွက်ခဲ့ရတဲ့ လူငယ် လူလတ်ပိုင်းတွေအတွက် နိုင်ငံခြားလုံခြုံရေးကုမ္မဏီတွေက အလုပ်လာခေါ်ရင် ကောင်းမှာပဲလို့ ကြံဖန်စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ ကုန်တွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ နီပေါလိုနိုင်ငံတောင် သူတို့နိုင်ငံမှာ မမြင်ဘူး မတွေ့ဘူးတဲ့ပင်လယ်ထဲမှာ ကြေးစားလက်နက်ကိုင်အဖြစ်လာလုပ်နေကြတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် တော့ ဒီအလုပ်ကို ကောင်းစွာလုပ်နိုင်ကြလိမ့်မယ် ထင်မြင်မိပါတယ်။

သင်္ဘောကြီးတွေက အာရှတိုက်ဘက် မလက္ကာရေလက်ကြားကနေ စူးအက်တူးမြောင်းကိုလာမယ်ဆို သီရိလင်္ကာနိုင်ငံ ကနေ လက်နက်ကိုင်အစောင့်များက လှေ (board) နဲ့ သင်္ဘောကိုကပ်လာပြီး တက်လာကြသလို စူးအက်ကနေဖြတ်ပြီး အာရှဘက် အာဖရိကဘက်လာမယ်ဆို တူးမြောင်း ဒီဘက်အထွက် ပင်လယ်နီကနေ လက်နက်ကိုင်အစောင့်တွေ သင်္ဘော ပေါ် တက်လာကြပါတယ်။

သူတို့တွေက လူကြည့်သက်သက်တက်လာကြပြီး လက်နက်တွေကတော့ သူ့သက်ဆိုင်ရာ ရေပိုင်နက်က ရေတပ် (navy) တွေရဲ့ ခွင့်ပြုချက်နဲ့တဆင့် ငှားရမ်းအသုံးပြုကြပါတယ်။ ငါတို့က လက်နက်ကိုင်အစောင့် (security guard) တွေဆိုပြီး သက်ဆိုင်ရာနိုင်ငံကနေ လေယာဉ်နဲ့ ကားနဲ့ သယ်မလာပါဘူး။ နိုင်ငံအလိုက် ဥပဒေတွေရှိပါတယ်။ ယခုတလော ဖြစ်သွားခဲ့ တဲ့ မြန်မာပြည်က လက်နတ်ကိုင်အစောင့်အကြပ် (security) ဆိုတာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး သက်သက် စိတ်ကူးယဉ်ဆန်ဆန်တွေလို့ သုံးသပ်ဝေဖန်ချင်ပါတယ်။ သူတို့တွေ ငွေရှိလို့ ပိုင်လို့ လက်သရမ်းတာ ပြဿနာမရှိဘူး။ ကိုယ့်နိုင်ငံပြုပြင်ပြောင်းလည်းရေးကာလမှာ အရေးကြီးတဲ့ခေါင်းဆောင်တွေကကြားထဲ ဓါးစာခံဖြစ်သွားမှာကိုတော့ စိုးရိမ်ပူပင်မိပါ တယ်။

ဆိုမာလီ ပယ်လယ်ဓါးမြတွေ ပင်လယ်ထဲထွက်တိုက်နိုင်တဲ့ ရေပိုင်နက်အစရောက်တာနဲ့သင်္ဘောပေါ်ကို လက်နက်တွေ လာပို့ပါတယ်။ AK 47 နှစ်လက်၊ shotgun တစ်လက်၊ ကျည် ၃၀၀ နီးပါး၊ ကျည်ကာအင်္ကျီနဲ့ ဦးထုပ် သုံးစုံပါတယ်။ ဆိုမာလီ ပယ်လယ်ဓါးမြရေပိုင်နက်ကျော်တာနဲ့ လက်နက်တွေကို လာယူသွားကြပါတယ်။

သဘောင်္ပေါ် လက်နက်တွေရောက်ရင် အစောင့်တွေက လက်နက်တလက်ကို ကျဉ်သုံးထောင့်နှုန်း စမ်းသပ်ပစ်ခက် လေ့ ကျင့်ကြပါတယ်။ ဆိုမာလီနိုင်ငံရေပိုင်နက်ထဲရောက်တာနဲ့ သူတို့တွေက အလှည့်ကျ နေ့ည တာဝန် duty စောင့်ကြပါတယ်။ ကျွန်တော်တို့သင်္ဘောသားတွေကလည်း သင်္ဘောပတ်လည်မှာ သံဆူးကြိုးလိတ်တွေကာရံရပြီး ပင်လယ်ဓါးမြ pirate drill လေ့ကျင့်ခန်းတွေ အဆက်မပြတ် လေ့ကျင့်ရပါတယ်။ ကျွန်တော်စီးဖူးတဲ့ တောင်ကိုရီးယားအပိုင် သင်္ဘောတွေကတော့ ပင်လယ်ဓါးမြတွေနဲ့နီးလာလေ တောင်ကိုရီးယားအစိုးရနှင့် ရေတပ်က နာရီဝက်တစ်ခါ သင်္ဘောရဲ့တည်နေ ရာposition၊ အန္တရာယ်နေအထား၊ မသင်္ကာစရာတွေ့ရှိမှု စတဲ့အချက်တွေကို စတယ်လိုက်ဖုန်းကနေ အဆက်မပျက်မေးမြန်းပါတယ်။ တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံသားရဲ့ အသက်နဲ့အကျိုးစီးပွားကို အမြဲမပြတ် ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ပေးနေတာတွေက အတုယူစရာ အင်မတန်ကောင်းပါတယ်။

ငါးဖမ်းစက်လှေလိုလို အလစ်ကိုချောင်းနေတဲ့ ဆိုမာလီပင်လယ်ဓါးမြများက တခါတလေ လက်နက်ကိုင်အစောင့်များနဲ့ အပြန်အလှန်ပစ်ခက်ကြရလို့ အသက်လုပြီးပြေးရတာတွေလည်း ရှိပါတယ်။ အခုအခါမှာတော့ သင်္ဘောကြီးကြီး သေးသေး ငါးဖမ်း သင်္ဘောများကအစ ဆိုမာလီနိုင်ငံ ရေပိုက်နက်အစ အနီးနားကဖြတ်ရမယ်ဆိုတာနဲ့ လက်နက်အစောင့်များကို ခေါ်ယူထားကြပါပြီ။ အကယ်၍များ  လက်နက်ကိုင်အစောင့်များကြားက ဆိုမာလီပင်လယ်ဓါးမြ ပြန်ပေးဆွဲခံရပြီဆို ဒီသ င်္ဘော မလွယ်ဘူးတာမှတ်ရမယ့်အနေအထားပါ။

သြော် သင်္ဘောသား သင်္ဘောသား လွယ်တော့ မလွယ်ပါလား။

ဗိုလ်သူရိန်
၁၉ ၁၁ ၂၀၁၇

Comments