မောင်လူပေ - ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ.... ဘယ်သူတွေစိုးမိုးထား


မောင်လူပေ ● ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ.... ဘယ်သူတွေစိုးမိုးထား
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၈

ပြီးခဲ့တဲ့ ၂၀၁၇ တစ်နှစ်လုံးမှာ တစ်ကမ္ဘာလုံးကလူတွေ ကြိုးစားရှာဖွေခဲ့တဲ့ ငွေအားလုံးရဲ့ ၈၂%ကို ထိုလူတွေထဲက အချမ်းသာဆုံးသော တစ်ရာခိုင်နှုန်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်လို့ Oxfam International အဖွဲ့ကြီးကဆိုတယ်။

သူတို့အဆိုအရ ဝင်ငွေတစ်ဆယ်ရှိရင် ရှစ်ကျပ်ဟာ ၁%ကရပြီး ကျန်တဲ့နှစ်ကျပ်ကသာ ၉၉% ကရတဲ့သဘောပေါ့။ ကမ္ဘာလူဦးရေရဲ့ ၅၀%ကလည်း စီးပွားရေးတိုးတက်မှုမရှိပဲ အရင်အတိုင်းဆင်းရဲမြဲပါပဲ။ ကမ္ဘာ့စီးပွားရေးက ချမ်းသာသူတွေကိုသာ မျက်နှာသာပေးပြီး သာမန်အလုပ်သမားတွေအတွက် ဘာမှမတိုးတက်စေခဲ့ပါ။

ကုဋေကြွယ်သူဌေးတွေ တိုးလာတာဟာ စီးပွားရေးတွေတိုးတက်လာတာမဟုတ်ပဲ စီးပွားရေးနည်းလမ်းတွေ ကျဆင်းနေပြီဆိုတာ ပြနေတာပဲလို့ အော့ဖန်(Oxfam) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဝင်နီကပြောပါတယ်။ (ချိုင်းနိစ်ကြီးကို ပြောလိုဟန်ရှိတယ်။)

မကြာခင် ဒါဗို့မှာ ကျင်းပတော့မဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မတိုင်ခင်ထွက်ပေါ်လာတဲ့ ဒီအချက်အလက်တွေအရ အမျိုးသားအများစုက အမျိုးသမီးတွေထက် အိမ်ခြံမြေ၊ စတော့ရှယ်ရာစတဲ့ ပိုင်ဆိုင်မှုတွေရှိကြတယ် ဆိုတာလည်း ထောက်ပြထားတယ်။ ယောက်ျားနဲ့မိန်းမ သာတူညီမျှမှုတွေ တောင်းဆိုနေကြမဲ့အစား လက်တွေ့လုပ်နိုင်တဲ့ပြောင်းလည်းမှုတွေ လုပ်ကြရမဲ့အချိန်ရောက်နေပြီလို့ဆိုတယ်။

စီးပွားရေး ၊နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဒီလိုမညီမျှမှုတွေကို မထောက်ပြတဲ့ ခေါင်းဆောင်ဆိုတာခပ်ရှားရှားပဲ။ ဒါပေမဲ့ ဒီကိစ္စကို တကယ်တန်း ဖိဖိစီးစီးကိုင်တွယ်ဖြေရှင်းသူလည်း ခပ်ရှားရှားပါပဲ။ အပြောနဲ့ပဲပြီးသွားကြတယ် လို့ ဆိုပါတယ်။

အများစုသော စီးပွားရေးသမားတွေက အခွန်ရှောင်ဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ ရုပ်သိမ်းဖို့ကိုသာ လုပ်ဆောင်နေကြတာမို့ အစိုးရတွေက ထိရောက်တဲ့ပေါ်လစီရှာဖွေပြီး ဒီငွေတွေကို ညီတူညီမျှခွဲဝေပေးရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးရေးအတွက် လုပ်ဆောင်ပေးသင့်နေပြီလို့ ဆိုထားပါသေးတယ်။ (အမေရိကန်နိုင်ငံကို ရည်ညွှန်းပြောလိုဟန်တူပါတယ်။)

ပြည်သူတွေအတွက် နေထိုင်စားရိတ်တွက်ချက်ပြီး လုပ်ခလစာသတ်မှတ်မှု၊ အလုပ်သမားသမဂ္ဂတွေကို အားပေးမှု၊ ကျားမခွဲခြားဆက်ဆံမှုကို ထိန်းသိမ်းမှုတွေ လုပ်ပေးရမယ်။

ထို့အတူပဲ အခွန်ရှောင်တဲ့နည်းလမ်းမျိုးစုံကို ပိတ်ဆို့။ စတော့ ရှယ်ယာရှင်တွေကို ခွဲပေးတဲ့အမြတ်ငွေတွေ၊ စီအီးအိုကြီးတွေကို ဆုကြေးပေးတဲ့ငွေတွေကို ကန့်သတ်။ အလုပ်သမားတွေကို ထိုက်သင့်တဲ့ လုပ်ခလစာ၊ ရပိုင်ခွင့်တွေ မပေးပဲ ရှယ်ယာရှင်တွေကိုပဲ အမြတ်တွေဝေပေးနေတာတွေကို လုံးဝခွင့်မပြုသင့်ပါဘူးတဲ့။

ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် တင်သွင်းမဲ့ ဒီအစီရင်ခံစာဟာ မြန်မာအတွက်ရော သက်ဆိုင်တယ်လို့ သင် ထင်မြင်ယူဆပါသလား။

ဟုတ်ကဲ့။ မြန်မာပြည်ရဲ့ချမ်းသာမှုအစုစုရဲ့ ၉၀%ကို လက်ဝါးကြီးအုပ်ထားနိုင်သူတွေဟာ ၁%ထက်တောင် နည်းမယ်ထင်ရဲ့။ သူတို့ပဲ ပို၍ပို၍ ချမ်းသာနေကြပြီး ပြည်သူတွေပို၍ပို၍ ဆင်းရဲလာနေတာလည်း မျက်မြင်ကိုယ်တွေ့။

NLD အစိုးရသစ်ကြီးတက်လာပြီး ပြောင်းလည်းချိန်တန်လို့ပြောင်းလည်းဖို့ ကြိုးစားပေမဲ့ အရွေ့က ထင်သာမြင်သာမရှိသေး။ မြန်မာ့စီးပွားရေးဖိုရမ်တွေ ခဏခဏကျင်းပနေကြပေမဲ့ လက်တွေ့ပြောင်းလည်းမှု နှေးကွေးနေဆဲ။

နှစ်ပေါင်းငါးဆယ်ကျော်ကြာအောင် အာဏာရှင်အဆက်ဆက်ရဲ့အပေါင်းအပါတွေကသာ စီးပွားရေးရှိသမျှကို လက်ဝါးကြီးအုပ်ခဲ့တဲ့နိုင်ငံ၊ စီးပွားရေးစနစ်တစ်ခုလုံး ရိုက်ချိုးခံခဲ့ရတဲ့နိုင်ငံ၊ လူတွေရဲ့အကျင့်စာရိတ္တတွေ ပျက်စီးခဲ့တဲ့နိုင်ငံ၊ အကျင့်ပျက်ချစားမှု အဆိုးဝါးဆုံးစာရင်းမှာ ထိပ်ဆုံးကိုရောက်ခဲ့တဲ့နိုင်ငံ၊ ဒီနိုင်ငံရဲ့စီးပွားရေးစနစ်ကို နည်းမှန်လမ်းမှန်ဖြစ်လာစေဖို့ စီးပွားရေးပညာရှင်တွေ နည်းလမ်းမျိုးစုံပေးနေကြပြီး ဆေးမီးတိုနဲ့ကုနေရတဲ့အခြေ။

နိုင်ငံပြင်ပက အကူအညီပေးချင်သူတွေဝင်လာကြတယ်။ ကူညီကြတယ်။ ပြည်တွင်းက ဝန်ထမ်းဌာနအချို့နဲ့ လုပ်ငန်းရှင်အချို့က သူတို့စားပေါက်ပိတ်မှာကြောက်တဲ့အတွက် ကန့်လန့်တိုက်တယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်၊ ကြာတော့ ဒီလူတွေစိတ်ပျက်ပြီး ထွက်ကုန်ကြတယ်။

ဒီလိုနဲ့ ပြည်သူတွေ အဆင်ပြေမဲ့အရာတွေ ဖြစ်မလာခဲ့။ မျှော်တလင့်လင့်ဘဝတွေ တိုးတက်မလာခဲ့။ လက်ဝါးကြီးအုပ်ထားသူတွေအတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို မပြင်ဆင်နိုင်ခဲ့။ အခုအချိန်မှာ ပြင်ဆင်ဖို့လုပ်နေပေမဲ့ ပိုင်ဆိုင်မှုအများစုကို လက်ဝါးကြီးအုပ်ထားကြတဲ့ တစ်မတ်သားနဲ့ အပေါင်းအပါတစ်စုက အမျိုးမျိုးအနှောက်အယှက်ပေး၊ အရင်လိုအခွင့်အရေးတွေ မရတဲ့အခါ ကဖျက်ယဖျက်လုပ်၊ ပိုင်ဆိုင်မှုတွေကလည်း ကုဋေချီလေတော့ သူတို့အလိုကျ ကစားခွင့်ရတဲ့ အခြေအနေ။

ဝန်ထမ်းလောကရဲ့ထိပ်ပိုင်းနေရာတိုင်းလိုလိုကလည်း သူ့လူတွေနဲ့ အရပ်ဝတ်ပြောင်းထားတဲ့ ယန္တယားကြီးမို့ အစိုးရသစ်ကြီးမှာ ဝန်ကြီးသစ်တွေပြောင်းတဲ့ ပြောင်းလည်းမှုမျိုးနဲ့ ကျေနပ်နေရတဲ့အဖြစ်။ ဝန်ထမ်းလစာ မလုံလောက်မှုကြောင့် ပျက်လာတဲ့ခြစားမှုတွေကို ထိန်းကြောင်းဖို့ကလည်း ခေါင်ကစပြီး မိုးမလုံတဲ့အခြေမို့ တစ်ခုလုံး မဖြိုနိုင်တဲ့အတူ ဖြစ်သလို အရင်နဲ့ထူးမခြားနား လည်ပတ်နေရဆဲ။

ဒီလိုနဲ့ပဲ သူတို့တွေ တစ်ရာနှုန်းပဲ ချမ်းသာပြီးရင်း ချမ်းသာ၊ ပြည်သူအများစုကတော့ အရင်ထက် ဆင်းရဲတွင်းနက်။ မြန်မာ့ငွေအများစုက ထုံးစံအတိုင်း သူတို့လက်ထဲမှာ။ ကျားသနားမှနွားချမ်းသာရမဲ့အခြေအနေ။

ဒီလိုပြန်တွေးကြစို့။ ခေတ်မှီတဲ့ကမ္ဘာရွာကြီးမှာ တစ်ရာနှုန်းက ဝင်ငွေအားလုံးရဲ့ ၈၀%ကို လက်ဝါးကြီးအုပ်တယ်။ မြန်မာပြည်က တစ်ရာခိုင်နှုန်းကလည်း ၉၀%ကို လက်ဝါးကြီးအုပ်တယ်။ ဒီတော့ အတူတူနဲ့အနူနူ။ ဘာမှမထူးကြ။ ခေတ်မှီတဲ့ စီးပွားရေးကမ္ဘာကြီးမှာ မြန်မာတွေလည်း အမှီလိုက်နေကြတယ်လို့သာ ဆိုပါရစေ။

သူငယ်ချင်းမိတ်ဆွေအပေါင်း ကျန်းမာကြပါစေ။ တစ်ရာနှုန်းရဲ့ ခေါင်းပုံဖြတ်မှုရန်မှ ကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်
မောင်လူပေ

Comments