ရိုးတံ (ပုလဲနယ်) ● နံရံအကွယ်များ


ရိုးတံ (ပုလဲနယ်) ● နံရံအကွယ်များ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

နောင်တတွေပစ်ချဖို့ရာ
နေရာလပ်မရှိသေးဘူး
အရင်းမှန်း အဖျားမှန်း
အမှားမှန်း အမှန်မှန်းမသိ
ကတ်ကတ်သတ်သတ်ရှိနေတဲ့
ရင်ဘတ်ထဲထည့် သိုဝှက်ထားတယ်

အယိမ်းအနွဲ့မခံတဲ့
အတိမ်းအစောင်းတွေနဲ့
တစ်လမ်းသွားပေါ်မှာ
အကြံကုန်ထုတ်သုံးရတာလည်း
မတန်မရာမျက်ဝန်းတွေနဲ့ တန်ပါတယ် …

ဘယ်တော့မှ မဘယ်တဲ့
လိုရင် လိုသလိုရ
မရှေးမနှောင်းလေးမှာ
ရှေးဟောင်းတစ်ခုလိုဖြစ်သွားတော့
ကန္တာရမြစ်တွေ ခြောက်ခန်း
ပန်းတွေနွမ်းခြောက်ခဲ့ဖူးတယ် …

အကြောင်းကြောင်းကြောင့်
အကောင်းဆုံးတွေ မကောင်းတော့တဲ့အခါ
သူ ငါ အပြစ်တွေနဲ့
ခေတ်တွေ ငှဲ့ငှဲ့သောက်လိုက်တော့
အားလုံးရဲ့ရင်ဘတ်တည့်တည့်မှာ
ဖြေစရာ အဖြေလည်းမရှိတော့ပါ…

ရိုးတံ (ပုလဲနယ်)

Comments