မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် - အပိုင်း - ၁)

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု
ပိုလန်နယ်စပ်သို့ တညအိပ် - အပိုင်း (၁)
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၈
ပိုလန်နယ်သို့ အဝင်ဝ (ဓါတ်ပုံ မရငတ)

ပိုလန်မြေသို့ရောက်ခဲ့တဲ့အကြောင်း မရေးသေးဘူးလားလို့ ကားမောင်းလိုက်ပို့ခဲ့သူ မောင်ရင်ငတေ့ဆရာ ပရာဟာသား ချက်ကရီကြီးက မေးနေတာ နည်းနည်းကြာခဲ့ပါပြီ။ ဟုတ်လည်း ဟုတ်ပါတယ်။ လိုက်ပို့သူက တကူးတက လိုက်ပို့ပေးခဲ့တဲ့ခရီး၊ နေ့ချင်းညချင်းရေးမယ် မှတ်တမ်းတင်မယ်ပြောခဲ့ပြီးတကယ်တမ်းကျတော့ လေကြီးပြီး အလုပ်မဖြစ်လာတာက မောင်ရင် ငတေ့ ပင်ကိုယ်မကောင်းခဲ့တဲ့ အကျင့်တခု၊ မကောင်းတဲ့ အကျင့်ကြီးမှန်းသိပေမယ့် ဘယ်တော့မှပြင်လို့မရတဲ့အကျင့်ပါ။

တညအိပ်သွားကြမယ်၊ ပိုလန်ဆိုပေမယ့် နယ်စပ်ပိုလန်သာပါ။ ကားရသလောက် ပတ်မောင်းမယ် ကြိုတိုင်ပင်ခဲ့ကြပြီး သွား ဖြစ်ခဲ့တဲ့ခရီးပါ။ အတူသွားကြသူတွေက မောင်ရင်ငတေလို လတ်လျားနေကြသူတွေမဟုတ်။ အလုပ်အကိုင် ကောင်းကြသူ တွေဆိုတော့ ခွင့်လေးရသမျှ ခြေဆန့်ကြရတာမို့လို့ တညအိပ် ကားတပတ်ပတ်မောင်းပို့ပေးမယ်ပြောတဲ့ ပရာဟာသား (မူရင်းကတော့ မိုးကုတ်သားလို့ ပြောပါတယ်) မောင်နှံကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။

ဦးတည် သွားမယ့်မြို့ကတော့ တညတာနားခိုကြမယ့် Szklarska Poręba ပါ။ ပိုလန်မြေထဲသို့ ကီလိုမီတာ တရာကျော် နှစ်ရာနီးပါးခန့် ဝင်နင်းကြည့်ကြတာပါ။ မောင်ရင်ငတေတို့ ပိုလန်မြေကို အဖျားခတ်နင်းခဲ့ ရောက်ခဲ့ပါတယ်ပြောရင် ရပါတယ်။ ပိုလန်မြို့ကြီးများ Warsaw, Wrocław, Krąków တို့ကိုတော့ အချိန်မရလို့ မသွားနိုင်ခဲ့ပါဘူး။

ဂျာမဏီ ချက်ပြည်ထောင်စု နယ်စပ်စည်းများအနား နယ်မြေတွေက ပိုလန်ပြည်ရဲ့ အစွန်အခေါင်လို့ ပြောရင်ရနိုင်ပါတယ်။ Warszawa ဝါဆောမြို့တော်နဲ့ ပိုလန်မြို့ခပ်ကြီးကြီးတွေက အရှေ့ဖျားပိုင်းမှာ တည်ရှိကြပြီး ရုရှားနယ်နဲ့နီးသလို ပိုလန်သမိုင်း တွေကလည်း ရုရှားသမိုင်း ဆိုဗီယက်သမိုင်းနဲ့ ဆက် စပ်ယှက်နွယ်နေတာ အများကြီးပါ။

Poland ပိုလန်ကို သူတို့တိုင်းရင်းသားတွေက Polska ပိုစကာဟု ခေါ်ကြပါတယ်။ တခြားအိမ်နားနီးချင်း ဥရောပ တိုင်းပြည် တွေကတော့ Polsko Polen Pologne Polonia ဟု ခေါ်ကြပြီး ရုရှားတွေက Польша ပိုးလ်သျှာလို့ခေါ်တာမို့ သိပ်မကွဲပြားဘူး ပြောရင်ရပါတယ်။ ဒါပေမယ့် မြို့တော်အမည်ကိုတော့ အခေါ်ရခက်သလို မှတ်ရလည်းနည်းနည်းပိုခက်ပါတယ်။

ပိုလန်မြို့တော်အမည် Warsaw ဝါဆောကို ပိုလန်တွေက Warszawa ဟု စာလုံးပေါင်းကြပြီး အသံထွက်ကတော့ ဗားရှာဗာ ဟု ထွက်ကြောင်းပါ။ ဒီနေရာမှာ W ကို V သံနဲ့ထွက်ရာမှာ ပိုလန်နဲ့ ဂျာမန် သွားတူနေကြောင်းပါ။ ရုရှားလိုကတော့ Варшава လို့ စာလုံးပေါင်းပြီး အသံထွက်က ပိုလန်တွေအ တိုင်း ဗားရှာဗာဟု အတော်လေး နီးနီးစပ်စပ် တူပါတယ်။ ဂျာမန်တွေကတော့ Warschau ဗားရှောဝ်ဟုခေါ်ကြပြီး အင်္ဂလိပ်အသံနဲ့အတော်တူပါတယ်။ ပြင်သစ်တွေက Varsovie ဗာဆိုဗီး၊ အီတလီက Varsavia ဗားဆာဗီယာ၊ စပိန်က Varsovia ဗားဆိုဗီးယား ခေါ်ကြ ရေးကြပါတယ်။

မောင်ရင်ငတေတို့ ဖြတ်သန်းရောက်ရှိခဲ့ရာနယ်စပ်ဒေသက ဗားရှာဗာ (သို့မဟုတ်) ဝါဆောမြို့တော်နဲ့ ကီလိုမီတာ ငါးရာခန့် ဝေးပါတယ်။ စတုရန်းကီလိုမီတာ သုံးသိန်းတသောင်းကျော်ခန့်သာ ကျယ်ဝန်းတာမို့လို့ ပိုလန်ပြည်က ကြီးလှတယ် ပြောမရ ပါဘူး။ ရွှေပြည်ကြီးရဲ့ တဝက်ခန့်မျှသာကျယ်တာပါ။



Prague ပရာ့ဂ် ခေါ် Praha ပရာဟာ (ဓါတ်ပုံ မရငတ)

ခရီး စတင်ရာက Prague ပရာ့ဂ် ခေါ် Praha ပရာဟာမြို့ပါ။ Česká Republika (Czech Republic) ချက်ရီပတ်ဘလစ်ရဲ့ မြို့တော်ပါ။မောင်ရင်ငတေရဲ့ ချစ်ဘော်ဒါ မိုးကုတ်သူ မိုးကုတ်သားမောင်နှံက အဲဒီမှာနေတာ ကြာပါပြီ။ သူတို့နှစ်ယောက် ကျေးဇူးတော်ကြောင့် ပရာဟာမြို့ကို ဒီတခေါက်နဲ့ဆို သုံးခေါက်တိုင်ပါပြီ။ ပါရာဟာမြို့အကြောင်း အတိုအစတွေကိုတော့ အရင်အခေါက်တွေ သွားတုန်းက ရေးဖြစ်ခဲ့တဲ့ စာစု သုံးစု ရှိပြီဖြစ်သမို့ စိတ်ဝင်စားရင် ဒီနေရာများမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျား။

မိုးမခ ၃၀ Čechy သို့မဟုတ် ဘိုဟေးမီးယား (ပထမပိုင်း)  
http://moemaka.com/archives/1404 ဇူလိုင် ၉၊ ၂၀၁၃

မိုးမခ ၃၂ Čechy သို့မဟုတ် ပရာဟာဘိုဟေးမီးယား (ဒုတိယပိုင်း)
http://moemaka.com/archives/1161 သြဂုတ် ၃၊၂၀၁၃

မိုးမခ ၃၃ Čechy သို့မဟုတ် ဘိုဟေးမီးယားပရာဟာ (တတိယပိုင်း)
http://moemaka.com/archives/1007 သြဂုတ် ၁၉၊ ၂၀၁၃

တတိယပိုင်းစာစုအပြီးမှာ (စတုတ္ထပိုင်းဆက်ပါမည်) ဆိုထားခဲ့ပါသော်လည်း တောင်သွား မြောက်ရောက်တတ်တဲ့ မောင်ရင်င တေရဲ့ ဘိုဟေးမီးယား (စတုတ္ထပိုင်း) က ပေါ်မလာနိုင်သေးပါဘူး။ ဒီတခါလည်း ပရာဟာနဲ့ဘိုဟေးမီးယားအကြောင်း (စတု တ္ထပိုင်း) မဟုတ်သေးပါဘူး၊ ပရာဟာကနေမြောက်ဘက် ပိုလန်နယ် တညအိပ်သွားခဲ့တဲ့အကြောင်းကိုသာ ပြီးဆုံးအောင် ရေးမိလိုက်ရပါတယ်။ ပရာဟာ ဘိုဟေးမီးယား (စတုတ္ထပိုင်း) ဟုသာ သဘောထားကြပါရန်။


ပရာဟာ မြို့လယ် (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ မောင်ရင်ငတေတို့ ပရာဟာ မြို့လယ်က စထွက်လာတော့ မနက် ရှစ်နာရီခွဲကျော်ပါပြီ။ ပရာဟာရာသီဥတုက ကောင်းကင်မှာ မိုးတွေ အုံ့ဆိုင်းမှိုင်းလို့ နေပါတယ်။ လမ်းတလျှောက်မှာတော့ မိုးဇလသတင်းတွေအရ နေသာလာမယ့် အလားအလာတော့ ရှိပေမယ့် ဥတုရာသီဆိုတာ ဘယ်လိုမှ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။

ဒါပေမယ့် သွားဖို့ စီစဉ်ပြီးသား ပြင်ဆင်ထားပြီးသား၊ မိုးရွာရွာ နေပူပူ သွားကြဖို့ ဆုံးဖြတ်ကြပါတယ်။ အားတင်းမောင်းတင် သွားခဲ့ကြတဲ့ခရီးတခုပါ။ သို့ပေမယ့် လမ်းတလျှောက်မှာ မိုးအုံ့နေသော်လည်း  တနေကုန် သာသာယာယာရှိနေခဲ့တာက မောင်ရင်ငတေရဲ့ ခရီးသွားချိန်တွေမှာ ကံကောင်းတတ်မှုပေါ့လေ။ နောက်တနေ့ မနက်ပိုင်း ပိုလန်နယ်ကအထွက်လမ်းမှာ နှင်းမိုးရွာတာက လွဲလို့ပေါ့။

ဖြစ်နိုင်သမျှ အသွားတလမ်း အပြန်တလမ်းဖြစ်အောင် လမ်းမတူအောင်သွားမယ်လို့ မောင်ရင်ငတေ ကြိုတင်စိတ်ကူး လမ်း ကြောင်း ရှာထားပြီးသာပါ။ နယ်စပ်ပေါက်ကို တပေါက်ကဝင် တပေါက်က ပြန်ထွက်နိုင်မယ့်လမ်းကြောင်းပါ။

လမ်းတလျှောက် အေးအေးဆေးဆေး စကားပြောရင်း အေးအေးဆေးဆေး မောင်းသွားကြမယ်။ ချက်ပိုလန် နယ်စပ် ချက်ရဲ့ အမြင့်ဆုံးတောင် Sněžka ရေခဲတောင်ရှိရာ ခဏဝင်မယ်။  ခဏနားမယ်။ တောင်ထိပ်တက်တဲ့ ကေဘယ်ရှိရင် တောင်ထိပ် သို့တက်မယ်။ တက်စရာမရှိရင် ဆက်သွားကြမယ်။ ပြီးရင် ချက်နယ်စပ်မြို့ Malá Úpa မှာ ကားခဏရပ် ပိုလန်နယ်အဝင် ဆိုင်းဘုတ်နားမှာ မှတ်တမ်းပုံတွေ ရိုက်ကြမယ်၊ ပြီးရင် ပိုလန်တောလမ်းကို ခပ်အေးအေးခပ်ဖြေးဖြေး တပတ်ပတ်မောင်း မယ်ပေါ့။



 Road to Polska (Dálnice D8 - European Route E55) (ဓါတ်ပုံ မရငတ)

ပရာဟာ မြို့ပတ်မြို့ရှောင်လမ်း Prague Ring ကနေ စတင်ခွဲထွက်လာတော့ အမြန်လမ်း Dálnice D8 ဆိုင်းဘုတ်ကို တွေ့ ရပါတယ်။ D8 က European Route E55 အမြန်လမ်းမရဲ့ အစိတ်အပိုင်းပါ။  ဥရောပ အမြန်လမ်း E55 က ဆွီဒင် ဒိန်းမတ် ဂျာမဏီ ဘာလင်ကနေ ပရာဟာကိုရောက်ရှိလာခဲ့ပြီး သြစတြီးယား အီတလီ၊ နောက်ဆုံး ဂရိမှာဂိတ်ဆုံးပါတယ်။




Road to Polska (Dálnice D10 - European Route E65) (ဓါတ်ပုံ မရငတ)

ဒါပေမယ့် သိပ်မကြာပါဘူး၊ D8 (E55) ကနေ လမ်းခွဲထွက်ပြီး D10 (E65) ပေါ်ရောက်သွားပါတယ်။ Dálnice D10 အမြန် လမ်းကြီးက ချက်ရဲ့ ပထမဆုံးပြီးစီးခဲ့တဲ့ အမြန်လမ်းမကြီးပါ။ ကီလိုမီတာ ၇၀ မျှသာ ရှည်လျှားပေမယ့် ၁၉၇၀ ခုနှစ်များကနေ ၁၉၉၀ ခုနှစ်ထိ အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။ ချက်ပြည်ထောင်စုက သိပ်အကျယ်ကြီးမဟုတ်တော့ အမြန် လမ်းမကြီး တွေက ခပ်တိုတိုဖြစ်သလို လမ်းဆုံလမ်းခွဲတွေကလည်း မကြာခဏပါ။ အဲဒီ E65 ကလည်း ဆွီဒင်မှာအစပြုပြီး ဂရိမှာ ဂိတ် ဆုံးတဲ့ အမြန်လမ်းပါပဲ။ လမ်းကြောင်းကတော့ မတူပါဘူး။ E55 လို ဒိန်းမတ် ဂျာမဏီ မြေတွေကိုမဖြတ်သန်းဘဲ ပိုလန် ချက် စလိုဗားကီးယား ဟန်ဂေရီနဲ့ အရှေ့ဥရောပနိုင်ငံများကိုဖြတ်သန်းသွားရတာမို့ လမ်းပိုင်းတွေက သိပ်အကောင်းချည်း မဟုတ် သေးပါဘူး။

ရာသီဥတုက ဧပရယ်လလယ်ဆိုပေမယ့် နေကို မြင်သာမြင်နေရပြီး သိပ်တော့ မပူလှပါဘူး၊ ဒီဒေသ ကလည်း ဆောင်းရာသီဆို နှင်းအကျများ ရေပါခဲတတ်တဲ့ နေရာဖြစ်လို့ ဧပရယ် လလယ်မှာတောင် အအေးဓါတ်က သိသိသာသာ ကျန်နေပါသေးတယ်။ ပရာဟာမြို့ပြင် ရောက်လာပြီး အမြန်လမ်းကြီး ဘေးနှစ်ဘက်မှာတော့ သိပ်ထူးထူးခြားခြား မြင်ကွင်း မတွေ့ရပါဘူး၊ စိုက်ခင်းတွေ လယ်ကွင်းတွေရဲ့ ကြား ပေတရာလမ်းမအနက်ရောင်ကြီးက ကွေ့လိုက် ကောက်လိုက် ဖြောင့်လိုက် တန်းလိုက်နဲ့ ရှေ့ မျက်စေ့ရှေ့တဆုံး တွေ့မြင်နေရခြင်းသာ ရှိပါတယ်။

D10 လမ်းအတိုင်း ကီလိုမီတာ ငါးဆယ်ကျော်မျှမောင်းလာတော့ Mladá Boleslav မြို့လမ်းဆုံကို ရောက်လာပါတယ်။ မြို့ ထဲတော့ မဝင်တော့ပါဘဲ မြို့ပြင်ပတ်လမ်းအတိုင်း မောင်းလာခဲ့ကြပါတယ်။ အဲဒီ Mladá Boleslav မြို့က ခပ်သေးသေး ဆိုပေမယ့် ချက်အင်ဂျင်နီယာကြီး Emil Škoda (၁၈၃၉ - ၁၉၀၀) ရဲ့ နာမည်ကျော် စကိုဒါမော်တော်ကား စက်ရုံကြီး တည်ရှိ တဲ့မြို့ပါ။ ချက်အင်ဂျင်နီယာကြီးစကိုဒါရဲ့အမည် နာမည်ကြီးတာက ကားလောကမှာတင်မဟုတ်ပါဘူး။ ဒီကနေ့ ပရာဟာ မြို့ ပေါ်မှာ ပြေးဆွဲနေတဲ့ဓါတ်ရထား မော်ဒယ်သစ်တွေလည်း စကိုဒါအမည်ပါ။ ဂျာမန် Volkswagen လုပ်ငန်းက ၁၉၉၁ ခုနှစ်မှာ ဝယ်ယူခဲ့သော်လည်း မူလအမည် စကိုဒါကိုသာ ဆက်လက်သုံးစွဲနေဆဲပါ။ ဟိုးတချိန်က ကမ္ဘာစစ်ကာလတွေတုန်းက မော် တော်ကားဆရာကြီးစကိုဒါရဲ့ မရှင်းဂန်း ဘရင်းဂန်းတွေ အမြောက်ကြီးတွေ တင့်ကားကြီးတွေကလည်း နာမည်ကျော်ကြား ထင်ရှားခဲ့ဖူးပါတယ်တဲ့။

ဒါပေမယ့်လည်း ကားဝယ်စီးဖို့က ပိုက်ဆံမရှိသလို ကားမမောင်းချင်၊ မောင်းလည်း မမောင်းတတ်ပါတဲ့ မောင်ရင်ငတေ့အတွက် ကားစက်ရုံကြီး ဘယ်လောက်ကြီး ဟီးထနေပေမယ့် ကိုယ်နဲ့မသက်ဆိုင်လို့ အချိန်ကုန်ခံ ဝင်ရောက်မလေ့လာဖြစ်ခဲ့ပါဘူး၊ အဲ စကိုဒါကြီးရဲ့ သေနတ်တွေထုတ်တဲ့စက်ရုံဆိုခဲ့ရင်တော့ နည်းနည်းစိတ်ဝင်စားမိပါရဲ့။ သေနတ်အရောင်းအဝယ်ကို စိတ် နည်းနည်းဝင်စားပေမယ့် စကိုဒါကြီးရဲ့ သေနတ်စက်ရုံကြီးတွေ ပြည်သူပိုင်အသိမ်းခံခဲ့ရပြီးနောက် ဘယ်သူတွေက ဦးစီးထုတ် ခဲ့သလဲ။ စကိုဒါကြီးကို လုပ်ငန်းပြန်အပ်ခဲ့သေးသလား။ ဘယ်သူက ဘယ်လိုပိုင်ဆိုင်ထုတ်နေသေးပါတယ်ဆိုတာက စုံစမ်း မကောင်းတာမို့ မောင်ရင်ငတေလည်း မစုံစမ်းမိခဲ့ပါဘူးလေ။ အခြေအနေလေးကောင်းရင်တော့ လက်နက်လေး အရောင်း အဝယ်လုပ် ချမ်းသာချင်မိတာကတော့ မောင်ရင်ငတေတယောက်တည်းတော့ မဟုတ်လောက်ပါဘူး။ ဘယ်လိုဖြစ်ဖြစ်၊ Mladá Boleslav နယ်မြေဟာ မြို့တော်ပရာဟာနဲ့ သိပ်မဝေးလှသလို စက်မှုလုပ်ငန်းတွေရော စိုက်ခင်းပျိုးခင်းတွေရော များပြားလှတာမို့ ချက်ပြည်ထောင်စုရဲ့ လူနေအထူထပ်ဆုံးဒေသလို့လည်း ပြောနိုင်ပါတယ်။ မြို့ပိစိလေး Mladá Boleslav မှာ စကိုဒါကားစက်ရုံကြီးရှိနေပါလို့ လူငါးသောင်းလောက် နေထိုင်ကြပါတယ်တဲ့။ ချက်မြို့တွေထဲမှာ လူအတော်ထူထပ်တဲ့ မြို့ကလေးဖြစ်ပြီး ချက်ပြည်ထောင်စုရဲ့ သူဌေးမြို့ကလေးလို့ ပြောနိုင်ကြောင်းပါတဲ့ခင်ဗျာ။

Mladá Boleslav မြို့ကိုကျော်လာတော့ D10 (E65) အမြန်လမ်းကနေ ညာဘက်သို့ခွဲထွက်လာပြီး လမ်းအမှတ် D16 အတိုင်း ဆက်မောင်းလာခဲ့ကြပါတယ်။ D16 လမ်းကတော့ နှစ်လမ်းသွားပါ။ ခရိုင်လမ်း ကျေးလက်လမ်းဖြစ်သွားပါပြီ။ မြို့ပြ အရပ်ကကင်းလွတ်လာပြီး စိုက်ခင်းပျိုးခင်းတွေလည်းပိုမို များပြားလာသလို တောရိပ်တောင်ရိပ်တွေနဲ့လည်း ပိုမိုနီးကပ်လာ ပါပြီ။



Road to Polska (Dolní Kalná) (ဓါတ်ပုံ မရငတ)

စိုက်ခင်းတွေကြား အိမ်ခြေ နည်းနည်းနဲ့ ရွာလေးတွေကတော့ အဆက်မပြတ် ရှိပါတယ်။ ရွာလမ်းလို့ သာဆိုရပေမယ့်လည်း ချောမောပြေပြစ်တဲ့လမ်းပိုင်းတွေက အများစုပါ။ ချက်လူဦးရေက ဆယ်သန်းကျော်မျှသာရှိတော့ ရွာသေးသေးတွေမှာ လူနည်းနည်းသာ နေထိုင်ကြဟန် တူပါတယ်။ နောက်ထပ် ကီလိုမီတာခြောက်ဆယ်လောက် လမ်းကျဉ်းကျဉ်းလေးတွေအတိုင်း Čistá u Horek, Dolní Kalná အမည်ရ လှပအေးချမ်းတဲ့ရွာလေးတွေကို မှုန်မှိုင်းမှိုင်း ရာသီဥတုအောက်မှာ ခြောက်ကပ် ကပ်သာ တွေ့မြင်ခဲ့ရပါတယ်။ ရွာအဝင် လော်သံအော်သံ ခွေးဟောင်သံ ကြက်တွန်သံ မကြားရပါတော့လည်း မောင်ရင်ငတေ့ ရင်ထဲမှာလည်း ခြောက်ကပ်ကပ်နဲ့ပေါ့ဗျာ၊ ပါလာတဲ့ ရေဗူးလေးထုတ် တငုံနှစ်ငုံမော့မိရင်း ခြောက်ကပ်ကပ်အတွေးတွေ ဆက်တွေး ဆက်ငေးမောရင်း ကားရဲ့သယ်ဆောင်ရာဆီပေါ့။



Road to Polska (Silnice 32553) (ဓါတ်ပုံ မရငတ)

လူဦးရေ ခြောက်ရာခန့်မျှ နေထိုင်ပါတဲ့ ခြောက်ကပ်ကပ် Dolní Kalná ရွာလေးကို ကျော်လွန်လာပြီး သိပ်မကြာခင်မှာတော့ ဂျီပီအက်စ် လမ်းညွှန်မှုအတိုင်း ဘယ်ဘက်လမ်းလေးထဲကို ချိုးဝင်လိုက်တာ တကယ့်ကို တောလမ်းလေး တခုဖြစ်နေတာ တွေ့ရပါတယ်။ လမ်းကျဉ်းကားရှင်းနဲ့ လေးကီလိုမီတာလောက် ကွေ့ကောက်ဖြတ်သန်းသွားပြီးတဲ့ အခါမှာတော့ ရထားသံ လမ်းနဲ့ ဘူတာရုံသေးသေးလေးတခုကို တွေ့ရပါတယ်။ မြေပုံမှာကြည့်လိုက်တော့ လမ်းအမှတ် (၃၂၅၅၃) (၃၂၅၅၂) (၃၂၅၅၁) တို့ ဆုံဆည်းရာ တောရထားဘူတာရုံလေးပါ။ ဘူတာရုံလေးကို လှမ်းမျှော်ကြည့်လိုက်တော့ လူသူကင်းစင်နေတဲ့ ပလက်ဖောင်းထီးထီးကိုသာ တွေ့လိုက်ရပါတယ်။ ဘယ်ကလာလို့ ဘယ်ဆီကိုရောက်တဲ့ ရထားသံလမ်းတွေလဲ? အင်တော ကျယ်ဆီလား ဆတ်သွားဆီသို့လား၊ မောင်ရင်ငတေ မသိချင်တော့ပါဘူး။ ဟိုနားဒီနားသွားတဲ့ သံလမ်းတွေသာ ဖြစ်နိုင်ပါ တယ်။

အလယ်ဥရောပရဲ့ အလယ်ခေါင် ကုန်းခေါင်ခေါင် အရပ်ဒေသကို မောင်ရင်ငတေတို့ ရောက်နေတာလို့ မြေပုံထဲမှာ ညွှန်ပြနေ ပါတယ်။ ကားပေါ်ပါလာသူတွေကတော့ ကားမူးလို့လားမသိ ဘာမှစိတ်ဝင်စားစရာမရှိတဲ့ တောအရပ်မို့လားမသိ ငြိမ်သက် တိတ်ဆိတ်စွာနဲ့ လိုက်ပါလာကြပါတယ်။ အဲဒီတော့ မောင်ရင်ငတေလည်း အပျင်းပြေအောင် ကားဆရာ ချက်ကရီကြီးလည်း သူတို့ ဓါတ်ကူး အိပ်မငိုက်ရလေအောင် မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းမယ့် ခေတ်ပေါ်သီချင်းတွေ ဖွင့်ပါကွာလို့ ပြောမိပါတယ်။ ကားဆရာ ချက်ကရီ (အမှန်အသံထွက်က Češi ချေရှီလို့သာ အသံထွက်ရမယ် ထင်မိပါတယ်။ ဒါပေမယ့် မောင်ရင်ငတေရဲ့ နွမ်းပါးလှတဲ့ ဘာသာစကားအခံကြောင့် ချက်ကရီလို့ခေါ်မိတာ ခွင့်လွှတ်ကြပါခင်ဗျာ) ကလည်း ပျော်ပျော် နေတတ်သူ လူငယ်လေးတဦးမို့လို့ မောင်ရင်ငတေတို့လို ဇကောဇကကောင်မျိုးတွေ လက်ခံနိုင်မယ့် ဒီကနေ့ နာမည်ကြီးနေ တယ်ဆိုတဲ့ ဗမာသီချင်းတွေကို ချက်ချင်းပြောင်းဖွင့်ပေးပါတယ်။ လမ်းနဘေး ဝဲယာကိုကြည့် သီချင်းသံလေး နားထောင် တိုက်ဆိုင်လာတာတွေလေးတွေရှိရင်တော့ ဒီခရီးစဉ်က အမှတ်တရ ပိုဖြစ်လာနိုင်တာပေါ့လေ။

ပေတရာလမ်းပေါ် သွားရင်း မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ https://www.youtube.com/watch?v=Kz2R3qDB5jI အင်တာနေ ရှင်နယ် အသည်းကွဲသမားများအတွက် အမှတ်တရ ပင်လယ်မရှိသောမြေသို့ စာစု (၅) (ပိုလန်နယ်စပ်သို့ တညအိပ်) သီချင်း ဗီဒီယိုလေးတွေကိုတော့ ဒီနေရာမှာ ခံစားနားဆင်ကြည့်နိုင်ပါတယ်ခင်ဗျာ။

 အဲလ်ဘဲ မြစ်ဖျားပိုင်းကတံတားလေး Road to Polska (ဓါတ်ပုံ မရငတ)

အဲဒီ Prosečné ဘူတာ သံလမ်းကျော်ပြီး သိပ်မကြာခင်မှာ ချောင်းကူးတံတားလေးတစင်းကို တွေ့ရ ပါတယ်။ အမှတ်မထင်သာ မှတ်တမ်းတင်ခဲ့မိပေမယ့် သေချာပြန်ရှာကြည့်တော့ နာမည်ကျော် Elbe မြစ်ကူး တံတားလေးတစင်း ဖြစ်နေပါတယ်။ Hostinné မြို့လေးသို့ မဝင်ခင်မှာပါ။

ဒေသခံ ချက်လူမျိုးတွေကတော့ Elbe မြစ်ကို Labe မြစ်လို့ ခေါ်ကြပါတယ်။ ဒီဒေသ ချက်တောင်တန်းတွေ ပေါ်မှာ မြစ်ဖျားခံ စီးဆင်း လာပြီး ဂငယ်ကွေ့ကွေ့လို့ ပရာဟာမြောက်ပိုင်းကနေ ဂျာမဏီ Dresden ဒရက်ဒန်မြို့ကို ဖြတ်သန်း Hamburg ဟမ်းဘွဂ် (ဟမ်းဘတ်ဂ်) မြို့နားမှာ မြောက်ပင်လယ်ထဲ စီးဝင်သွားပါတယ်။ ကီလိုမီတာ ထောင့်တရာကျော်ရှည်တဲ့ အလယ် ဥရောပရဲ့ နာမည်ကြီးမြစ်တစင်းပါ။ ဒီအဲလ်ဘဲမြစ်ဝမှာတည်ရှိတဲ့ ဟမ်းဘတ်ဂ်ဆိပ်ကမ်းကတော့ သင်္ဘောသားတွေကြား နာမည်ကျော်ကြားလှပါပေတယ်။ အဲလိုနာမည်ကြီးမြစ်ကြီးတစင်းရဲ့ မြစ်ဖျားပိုင်းမှာ တွေ့ခဲ့ရတဲ့တံတားလေးကတော့ လူမသိ သူမသိ ဘာဆို ဘာမှမဟုတ် ငြိမ်သက်ခြင်းအပြည့်နဲ့ သာမန်မျှသာပါ။



Road to Polska  (Elbe (Labe) River) (ဓါတ်ပုံ မရငတ)

မြစ်ဝမှာ ဟမ်းဘတ်ဂ်ဆိပ်ကမ်းဆိုပြီး ကွန်တိန်နာသင်္ဘောကြီးတွေ သောင်းနဲ့ချီ ဝင်ထွက်နေပေမယ့်ဒီနေရာမှာတော့ အဲဒီ နာမည်ကျော်မြစ်ကြီးက သင်္ဘောမပြောနဲ့ သာမန်လှေလေးတောင်မှ မခုတ်မောင်းနိုင် မလှော်ခတ်နိုင်တဲ့ ချောင်းသာသာ လေးကျယ်တာပါ။ မာန်တွေမာနတွေ ရှိဟန်လည်းမတူပါဘူး။ သဘာဝတရားခပ်များများ ကျန်နေသေးတဲ့နေရာ ဖြစ်ဟန်တူပါ တယ်။ ကမ်းဘေးနား နေထိုင် ကြသူ ချက်ဘိုးဘိုးကြီးတွေကတော့ ချက်တောစစ်စစ်ကိုတငုံငုံ ချက်ဆေးပြင်းလိပ်လေးခဲ ဘာသာဘာဝ ငါးထိုင်မျှားရင်း လောကကြီးကို အေးချမ်းစွာ ဖြတ်သန်းကြပုံရပါတယ်။ မောင်ရင်ငတေတို့ အဲနေရာကို ဖြတ် သွားချိန်မှာတော့ ခွေးတကောင် လူတယောက် မတွေ့ခဲ့ရပါဘူး။ ငြိမ်သက်ခြင်းအတိနဲ့သာပါ။ မောင်ရင်ငတေတို့ကတော့ ဖြတ်သာသွားတယ် နားချိန် ကြာကြာမရခဲ့ပါဘူး။



 Road to Polska (Olivetská Kaple, Hostinné) (ဓါတ်ပုံ မရငတ)

Hostinné ကတော့ လူဦးရေ လေးထောင်ကျော်ရှိတဲ့ သာယာလှပတဲ့ တောင်ကြားမြို့လေးတမြို့ပါ။ ၁၂ ရာစုခေတ်ထဲက တည်ရှိခဲ့တဲ့ ရှေးဟောင်းမြို့လေးဖြစ်ပြီး ဒီကနေ့ ချက်ရဲ့ ရေခဲတောင်ခရီးသွားလုပ်ငန်းမှာ ခရီးတထောက်နားမြို့ဖြစ်လာပြီး ပိုစည်ကားလာတဲ့ လမ်ဆုံမြို့လေးသေးသေးပါ။ ချက်နဲ့ ပိုလန် နယ်ခြားစတိုင်လ် တိုက်ပုနီနီလေးတွေကို အတွေ့ရများ လာပါတယ်။ Hostinné မြို့ကနေ မြောက်ဘက်တောင်တန်းများရှိရာဆီသို့ဦးတည်ကာ လမ်းအမှတ် (၃၂၅) ရယ် Čistá အမည်ရတဲ့ စမ်းရေချောင်းလေးရယ် ပူးတုံ့ခွာချည် ဆက်ထွက်ခွာလာခဲ့ကြပါတယ်။

Rudník ရောက်လာတော့ လမ်းအမှတ် (၁၄) အတိုင်း အရှေ့မြောက်ဘက်သို့ချိုးကွေ့၍ လာခဲ့ကြပြီး ရေချောင်းလေးကိုတော့ မတွေ့ရတော့ပါဘူး၊ Mladé Buky မြို့ အဝင်နားက မြက်ခင်းပြင် ကျယ်ကြီး တခုရောက်တော့ ကား ခဏရပ်နားကြပါတယ်။ လေစိမ်းတွေက တဟူးဟူးတိုက်နေတော့ နေပူနေပေမယ့် အေးမြလှပါတယ်။ အနီးအနားမှာ ဘာမှမရှိတဲ့ လွတ်လပ်တဲ့ အစိမ်းရောင် သဘာဝမြက်ခင်းကြီးပါ။ မလှမ်းမကမ်းမှာတော့ ဟော်တယ်ရီဆော့တ် လမ်းညွှန်ဆိုင်းဘုတ်တွေကို တွေ့မြင်ရပါ တယ်။ ခပ်လှမ်းလှမ်းမှာ မြင်တွေ့ရတာကတော့ နှင်းကြွင်းနှင်းကျန်တွေနဲ့ ရေခဲတောင်ပါ။ မောင်ရင်ငတေတို့ ဦးတည် သွား နေတဲ့ ရေခဲတောင်ဖြစ်ကြောင်း လမ်းညွှန်ကြီး ချက်ကရီကြီးက ရှင်းပြပါတယ်။



Road to Polska (Mladé Buky) (ဓါတ်ပုံ ချက်ကရီ)

တခဏတာမျှလေး နားရတာဖြစ်ပေမယ့် စိမ်းလန်းစိုပြေတဲ့ တောတွေတောင်တွေကို မြင်ရတာရယ်၊ အေးမြသန့်ရှင်းတဲ့ လေ ရှုရှိုက်ရတာမို့လို့ ကားစီးလို့ ညောင်းညာ လာတာတွေလည်း ပြေလျော့သွား ပါပြီ။ စိတ်တွေလည်း ပိုလို့ရွှင်လန်းလာပါပြီ။

ဒီလို စိမ်းစိုတဲ့တောတွေတောင်တွေကြားရောက်လာပြန်တော့ စိတ်ထဲတင်းကျပ်နေတာတွေ ဘဝကို အရာရာ အစာမကြေနေ မှုတွေက လျော့နည်းသွားသလို အလိုလိုခံစားရတာကတော့ အမှန်ပါ။ မြို့ပြရဲ့ မွန်းကျပ်မှုလောကရဲ့ ချုပ်နှောင်မှုတွေက တဒင်္ဂဖြစ်ဖြစ် ကင်းဝေးအောင် သုံးလေးငါးလ တကြိမ်လောက်တော့ ဒီလိုခရီးမျိုးလေးတွေ ထွက်သင့်ပါကြောင်း တိုက်တွန်း အသိပေးချင်ပါတယ်။ တကယ် ထွက်ကြည့်လေ သွားကြည့်တဲ့အကြိမ်များလာလေ သိသာနိုင်လာလေပါ။

နောက်တခုက ကိုယ်တိုင် စီစဉ်သွားလာတာမျိုး မဟုတ်ပါဘဲ အပေါင်းအသင်း ဘော်ဒါများနဲ့ အတူစုသွားတာမျိုးမဟုတ်ပါဘဲ ကိုယ်နဲ့ မသိမရင်းနှီးသူများနဲ့ တအုပ်တမကြီးသွားကြရပါတဲ့ ခရီးစဉ်မျိုးနဲ့ ခံစားရချက်ဖီလင် ဘယ်လိုမှမတူနိုင်ပါဘူး၊ ကွာပါ တယ် အရမ်းကိုကွာပါတယ်။

သွားကြည့်ပါ။ ခံစားကြည့်ပါ။ ရောဂါဘယကြောင့် အသက်တရာ မနေချင်မနေရနိုင်ပေမယ့် သွားတုန်းသွားခိုက်ရဲ့ အခိုက် အတန့်လေးမှာ စိတ်လန်း လူ လန်း လာပါလိမ့်မယ်လို့ မောင်ရင်ငတေ အသေအချာ အာမခံနိုင်ကြောင်းပါ။ တရက်ခရီးသွားရင် လောကကြီးမှာ ကိုယ် နေရမယ့်ရက်တရက် ပိုလာပါလိမ့်မယ်၊ မယုံမရှိပါနဲ့။



Road to Polska (Horní Maršov) (ဓါတ်ပုံ မရငတ)

Mladé Buky အကျော်မှာ လမ်းအမှတ်က (၂၉၆) ဖြစ်သွားပါပြီ။ ချက်ပြည်ထောင်စုရဲ့ မြောက်ဘက်အစွန်းသို့ ချည်းကပ် လာခြင်းပါ။ ကားလမ်းမက မြောက်စူးစူးသို့ ဦးတည်နေပြီး လမ်းနဘေးမှာတော့ တောင်တွေကတဖြေးဖြေးနဲ့ မြင့်လာပါပြီ။ ဦးတည်သွားနေတဲ့ Télécabine ရှိရာ Pec pod Sněžkouနဲ့ ၁၅ ကီလိုမီတာမျှသာလိုတော့ပြီး ပရာဟာကနေ ကီလိုမီတာ ၁၅၀ ကျော် ခရီးပေါက် လာတာပါ။ လမ်းမှာ ဖြေးဖြေးနှေးနှေးသာ ခရီးနှင်လာတာဖြစ်လို့ နေမွန်းတည့်ချိန်ကျော်နေပါပြီ။ Horní Maršov မြို့လေးကလည်း တိတ်တိတ်ဆိတ်ဆိတ် သာသာယာယာ တောမြို့လေးသာပါ။ လူဦးရေတထောင် မပြည့် တတ်ပေမယ့် တည်းခိုခန်း မြို့တော်လေးအလားပါ။ ဒီမြို့လေးကို ဖြတ်လာပြီးတဲ့အခါမှာတော့လမ်းဘေးတဖက်တချက် စိုက်ပျိုးခင်းတွေ သိပ်မတွေ့ရပါဘဲ ပြန်လည်မွမ်းမံ ချယ်သထားတဲ့ ရှေးပုံစံအိမ်လေးတွေကိုသာ အတွေ့ရများလာပါတယ်။ အရောင်တွေက နီနီရင့်ရင့်နဲ့ မည်းပြောင်ပြောင်တွေ များပါတယ်။ ဆိုင်းဘုတ်တွေကို လိုက်ဖတ်ကြည့်တော့ Restaurace တွေ Penzion တွေကိုသာ အတွေ့ရများ လှပါတယ်။ ခရီးသွားတွေ အလာများတဲ့သဘောကိုပြတာလို့ ပြောနိုင်ပါတယ်။



 Road to Polska (လမ်းနဘေးက “Penzion” ပန်ဇီယွန်) (ဓါတ်ပုံ မရငတ)














ဒီနေရာမှာ ကြုံတုန်းလေး အသုံးအနှုန်းလေးတခုအကြောင်း ဆရာလုပ် ထည့်ရေးချင်မိပါသေးတယ်။ “Penzion” ဆိုတဲ့ ချက်စာလုံးကိုပါ။ ပြင်သစ် ဂျာမန်တွေက Pension လို့ သုံးတတ်ပါတယ်။ အီတလီစပိန်တွေကလည်း စာလုံးပေါင်း သိပ်မ ကွာလှပါဘူး။ ဗြိတိသျှစကားနဲ့ ဆိုရင်တော့ Guesthouse လို့ အဓိပ္ပါယ်ပေါက်လာပါတယ်။ အဲတော့ အဲဒီ Penzion Pension Pensione Pensão ပင်စင်ဆိုတာကို ဥရောပလမ်းနဘေးမှာ တွေ့လာရပါက လွယ်လွယ်ပြောရရင် ပင်စင်စားတွေအတွက် သီးသန့်နေရာ၊ ပင်စင်စားတွေအတွက် သီးသန့်ဟော်တယ်မဟုတ်ပါဘူး။ မည်သူမဆို ဝင်ရောက်အနားယူနိုင်တဲ့နေရာ တည်းခိုနိုင်ရာနေရာ ပိုက်ဆံပေးတည်းခိုနိုင်တဲ့ တည်းခိုခန်းတွေသာ ဖြစ်ပါတယ်။

အဲဒီလို လူနေအိမ်ခန်းများ အလုပ်ရုံများ တင်းကုပ်များမှ တဖြစ်လဲအသွင်ပြောင်းလာတဲ့ “Penzion” ပန်ဇီယွန် အသေးစား လုပ်ငန်းလေးများကို ဥရောပ နေရာအနှံအပြားမှာ မြင်တွေ့ရသလို ထိုင်းနိုင်ငံ တဝှန်းမှာလည်း အများအပြား တွေ့ခဲ့ရပါတယ်။ မောင်ရင်ငတေကတော့ အဲဒါမျိုးတွေကို နှစ်သက်ပါတယ်။ အခန်းတွေလည်းမများတော့ အေးချမ်းမှုသီးသန့်ဖြစ်မှု ဈေးနှုန်း လည်း ချိုသာမှုရှိပါတယ်။ 



Road to Polska (လမ်းနဘေးက “Penzion” ပန်ဇီယွန်) (ဓါတ်ပုံ မရငတ)

ရှေးဟောင်းပုံစံ လူနေအိမ်ခြေတွေက အနည်းငယ်သာ ရှိပေမယ့်လည်း ဒီရေခဲတောင်သို့ လာလည်ကြသူများအတွက် ည အိပ်တည်းခိုနိုင်ဖို့ ဟော်တယ်အိမ်ခန်းတွေမှာ ကုတင်အလုံးပေါင်း ရှစ်ထောင့်ငါးရာကျော် ရှိနေပါတယ်တဲ့။ ဒါက ရေခဲတောင် ခြေစခန်း ဧရိယာထဲမှာပါ။ မနီးမဝေးလမ်းများနဘေးတည်ရှိနေတဲ့ ဟော်တယ်မော်တယ်ဟော်စတယ်များနဲ့ ကိုယ်ပိုင်ဆိုင်ရာ အိမ်လေးတွေ တဲပုတ်လေးတွေ တပိုင်တနိုင် ငှားစားကြသူတွေလည်း မနည်းပါဘူး။ ရွာသူရွာသားတွေ မြို့တက် အလုပ်လုပ် တဲ့ခေတ်ကြီးမှာ ရွာကအိမ်ခန်းတွေ ဂိုဒေါင်တွေ စတိုခန်းတွေ နွားတင်းကုပ်ဟောင်းတွေ အားလုံးလိုလို ဟော်တယ် တည်းခို ရာအဖြစ် ဘဝပြောင်းလာခဲ့ကြရပါတော့တယ်။ ဘာပြောပြော ဒေသခံတွေအဖို့ ကိုယ်ပိုင်ဆိုင်ရာလေးတွေကို ဒီအတိုင်း ဟောင်းလောင်းပစ်ထားရမယ့်အစား ဟော်တယ်ခန်းလုပ်ပြီး ငှားစားခြင်းနဲ့ တဖက်တလမ်းဝင်ငွေရခြင်းဟာ သိပ်ကောင်းပါ တယ်။ မောင်ရင်ငတေ ဟိုသွားဒီသွားသွားတဲ့အခါမျိုးမှာ အဲလို ဟော်တယ်မကျ အိမ်ခန်းမကတဲ့ နေရာမျိုးလေးတွေမှာ တည်းခိုရခြင်းကိုသဘောကျလို့ တည်းခိုလေ့ရှိပါတယ်။ ဈေးကလည်း ပိုချိုတာကိုး၊ ဒီလို လုပ်ငန်းမျိုးသေးသေးလေး တွေကို ဒေသခံတွေလုပ်ကိုင်ခွင့်ရလာတော့ သူတို့တွေလည်း အဆင်ပြေသလို မောင်ရင်ငတေတို့လို ဘတ်ဂျက်သမားတွေ အတွက်လည်း ကိုက်ပါတယ်။ အဲလိုနေအိမ်တိုက်ခန်း ဟော်တယ်လေးတွေက ချက်ပြုတ် စားသောက်ဖို့ ပန်းကန်ခွက်ယောက် အစုံအလင် ပါတာကိုး၊ မောင်ရင်ငတေတို့လိုကောင်တွေကတော့ အိမ်ကနေ လက်ဘက်ပဲကြော် ငရုတ်သီးကြော် ငပိချက် အစုံအလင် ယူသွားပြီး ညစာ တနပ်လောက် သက်သာအောင် ဖန်တီးဖြစ်ကြပါတယ်။ မောင်ရင်ငတေတို့က ခရီးသွားတယ်ဆို ဟိုး ခပ်ငယ်ငယ်ထဲက စားစရာအစုံငါးဆင့်ချိုင့်နဲ့ အိပ်ယာလိပ်နဲ့သွားကျင့်ရလာခဲ့တဲ့ကောင် ဆိုပါတော့။ ဒီတော့ကာ ဒီခရီး စဉ်တွေမှာ အနည်းဆုံး တနပ်စာသက်သာရင်လည်း မနည်းဘူး တွက်ချက်သယ်ဆောင်သွားခဲ့သလို ငပိချက်လေး ငံပြာရည် ဆီသတ်လေးနဲ့ တရက်လောက်ဝေးရရင် စားမကောင်း သောက်မကောင်းတတ်ပါလို့ အပင်ပန်းခံကာသယ်ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေက ပါရီရောက် ဧည့်သည်တွေကို လိုက်ပို့ဖြစ်ခဲ့တော့ သူတို့ တတွေဟာ သောက်ပြီးစားပြီး စရိတ်ငြိမ်း ဘူဖေးအဝစား ခရီးဖြစ်ပေမယ့် ကိုယ်စီကိုယ်စီ ငရုတ်သီး ငပိကြော် ငပိထောင်းလေးတွေ နဲ့ တရုတ်အစားအစာကို အားဖြည့်နေကြတာတွေ့ရလို့ ကိုယ်ချင်းစာမိပါတယ်။ အဲဒါတောင်သူတို့က အိမ်ချက်တောချက် စစ်စစ်နဲ့ တပတ်ဆယ်ရက်လေး ဝေးခဲ့ကြသူတွေသာပါ။



Road to Polska (လမ်းနဘေးက “Penzion” ပန်ဇီယွန်) (ဓါတ်ပုံ မရငတ)

ကျောပိုးအိတ်လွယ် Backpacker လူငယ်တွေအတည်းများတဲ့ Hostel,Auberge တို့ဆိုတာတွေက ရုန်းရုန်းတွေ များလှတာမို့ မောင်ရင်ငတေနဲ့ကီးသိပ်မကိုက်တာမို့ တည်းခိုရာရွေးရင် ဈေးသက်သာပေမယ့် အဲဒါမျိုးတွေကိုတော့ ရှောင်ပါတယ်။ ယူရိုပီ ယမ် လူဖြူတွေရဲ့စရိုက်ဘဝကိုသိချင်ရင်တော့ အဲလိုဟော်စတယ်မျိုးတွေမှာ အိပ်ခန်းကျယ်ကြီး တခန်း နှစ်ထပ်ကုတင် လေးငါးခြောက်လုံး ရှစ်လုံး ဆယ်လုံးထားရှိတတ်ပြီး လူဆယ့်လေးငါးယောက် အယောက်နှစ်ဆယ် သူ့ကိုယ်မသိ ကိုယ့်သူ မသိ စုပေါင်းစပ်ပေါင်းတည်းခိုကြရာကို သွားတည်းကြည့်ရင်တော့ လူဖြူတွေရဲ့စရိုက်သဘာဝကို သိမြင်နိုင်မှာပါ။ အများ အားဖြင့် တာ့ သူတို့တွေက တယောက်တနေရာစီက လာကြသူတွေပါ။ သို့မဟုတ် နှစ်ယောက်တတွဲ ဖြစ်တတ်ပါတယ်။ မောင်ရင်ငတေ ကိုးဆယ်ခုနှစ်များက ထိုင်းကနေ စတေးရှောင်ရင်း မလေးရှားက ပီနန်ကျွန်းမှာ တည်းခိုဖူးပါတယ်။ အဲဒီ ပေါ ချောင်ကောင်း ပီနန်ဟော်စတယ်လေးတခုမှာ လူဖြူမမတွေ ကိုကိုတွေ အခန်းမဟုတ် ဘာမဟုတ် ကွပ်ပျစ်ကြီးတခုမှာ လုံး ထွေးအိပ်နေကြတာကို စလို့တွေ့ဖူးခဲ့တာပါ။ တွေ့စကတော့ သိပ်သဘောမပေါက်ပါဘူး။ နောက်ပိုင်း ဥရောပရောက် လာ တော့ ဟော်တယ်တခုမှာ အလုပ်လုပ်တော့ ပိုသဘောပေါက်လာပါတယ်။ အဲဒီ Dortoir Mixte (Mixed Dormitory) တွေမှာ သူတို့လူဖြူ ကျားကျားမမအသက်ကြီးကြီးငယ်ငယ် သူက ဘာကောင် ငါက ညာကောင်မရှိပါဘဲ ရောထွေး တည်းကြခိုကြပေ မယ့် ကြီးကြီးမားမား ဘာပြဿနာမှ မရှိပါဘူးထင်ပါရဲ့။ ဥရောပတလွှား Dortoir Mixte Hostel လေးတွေကို နေရာတကာ တွေ့မြင်နိုင်ကြောင်းပါ။ အဲဒီအကြောင်းတိုက်ဆိုင်လာရင် အသေးစိတ်လေး ရေးချင်ပါသေးတယ်။


Road to Polska (Pec pod Sněžkou) (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ တွေးရင်းငေးရင်းကနေ Úpa စမ်းရေချောင်းလေးနဲ့ ယှဉ်လျှက်ဖောက်လုပ်ထားတဲ့ လမ်းအမှတ် (၂၉၆) အတိုင်း မောင်းလာခဲ့ကြတာ ရေခဲတောင်ခြေစခန်း မြို့တော်လေးကို ရောက်လာခဲ့ပါပြီ။ ဧပရယ်လဆန်းဆိုတော့ တောင်ထိပ်ပိုင်း လောက်မှာသာ ရေခဲရှိပါတော့တယ်။ အဲဒါကြောင့်ထင်ပါရဲ့ လမ်းတလျှောက် တွေ့မြင်ခဲ့ရပါတဲ့ တောင်ကျစမ်းရေချောင်းလေး တွေက ကြည်လင်အေးမြ သန့်ရှင်းလှပနေသလို တသွင်သွင်နဲ့ ရေစီးအားလည်း ကောင်းနေကြတာကိုး။

တောင်ခြေစခန်းမှာတော့ ခရီးသွားနည်းပါးတဲ့ကြားကာလဆိုပေမယ့် သိပ်ခြောက်ကပ်ကပ်ကြီးတော့ မဟုတ်ပါဘူး၊ ကားရပ် နားစခန်းမှာတော့ ကားကြီးဆယ်စီးခန့်ရယ် ကားလေးတော်တော်များများ ရပ်ထားတာကို တွေ့ရပါတယ်။ လူ ရှုပ်ယှက်ခတ် နေတာမျိုးတော့ မဟုတ်ပါဘူး။

အမြဲတမ်းနေထိုင်သူ လူဦးရေခြောက်ရာကျော်သာစာရင်းပေါက်တဲ့ Pec pod Sněžkou ရွာလေးက Sněžka ရေခဲ တောင်တက်ရာ အချက်အချာရွာလေးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာခန့်က အဲဒေသမှာ ကြေးနီမိုင်းတွေရှိခဲ့ပြီး ကြေးနီတူးဖော်သူ တွေသာရှိခဲ့ရာကနေ ၁၉၅၀ နှစ်များမှာ ကြေးနီမိုင်းတွေကိုပိတ်ပစ်ခဲ့ပြီးနောက် ရေခဲတောင်တက် စကီးစီးကြသူတွေနဲ့ အသွင်ပြောင်းလို့ စည်ကားလာခဲ့ခြင်းပါ။ မြင်မြင်သမျှ စားပွဲရုံတွေ ဈေးဆိုင်ခန်းတွေ တည်းခိုခန်းတွေချည်းသာမို့ တည်းခိုကု တင် အလုံးပေါင်း ရှစ်ထောင့်ငါးရာရှိပါတယ်ဆိုတာ မယုံနိုင်စရာမရှိတော့ပါဘူး။


Road to Polska (Pec pod Sněžkou) (ဓါတ်ပုံ မရငတ)

အဲဒါနဲ့ တောင်ပေါ်တက်ဖို့ Télécabine (CableCar) ရှိရာ တက်လာခဲ့တော့ လူသူလေးပါးရှင်းလင်းနေပါတယ်။ ကားသုံးလေး ငါးစီးတော့ ရပ်ထားတာရှိပါတယ်။ Télécabine နဲ့တွဲလျှက်ဆိုင်တဆိုင်မှာ ဝင်မေးကြည့်တော့ ဒီရက်ပိုင်း လူလာကျဲလို့ Télécabine အလုပ် မလုပ်ပါဘူးတဲ့။ တောင်ပေါ်တက် ချင်ရင်တော့ ကိုယ့်ခြေနဲ့ကိုယ်အားကိုးတက်လို့ ရပါတယ်တဲ့။ သူတို့ ပြောနေတဲ့ ချက်စကားတတ်လို့မောင်ရင်ငတေ ဘာသာပြန်မိတာမဟုတ်ပါဘူး။ သူတို့ခြေတွေလက်တွေ ဟန်ကိုကြည့်ပြီး နားလည်သလောက် ပြန်ရှင်းမိတာပါ။ အဲဒါနဲ့ ငါးမရရေချိုးဖို့စိတ်ကူးရှိတဲ့မောင်ရင်ငတေက ဘာရှိဘာရနိုင်ပါသလဲ မေးတော့ စားစရာဆိုရင်တော့ နည်းနည်းစောင့်ရမယ် သောက်စရာကတော့ ရပါတယ်တဲ့။

အဲဒီတော့ မောင်ရင်ငတေတို့လည်း ကော်ဖီကြိုက်သူက ကော်ဖီမှာ၊ မွန်းလွဲပိုင်း နာရီပြန်တချက်တီး ကျော်နေပြီမို့ မောင်ရင်င တေကတော့ ပိုလန်စတိုင်လ်နဲ့ ပိုလန်ဟန်ပေါက်အောင် ပိုလန်ဆရာတွေက ဒီရောက်ရင် ဘာနဲ့ဖြေကြသလဲ မေးကြည့်ပါ တယ်။ အဲတော့ ဒါလေးတွေတော့ရှိပါတယ်။ ရနိုင်တယ်ပေါ့၊ မောင်ရင်ငတေလည်း သူတို့ရဲ့ လမ်းညွှန်စကားအတိုင်း တသွေ မတိမ်းသာ လိုက်နာခဲ့ပါတယ်။ ချက်တောလား ပိုလန်တောလား နယ်စပ်တောလားတော့မသိပါဘူး။ ရင်ထဲမှာ ပူဆင်းသွား ပါတယ်။  အပြင်ဘက်ရောက်တော့ ပိုလန်နယ်စပ် လေခပ်ကြမ်းကြမ်းကို ခံနိုင်ရည် ပိုမိုရှိလာလေသလား ထင်ယောင်ထင်မှား ဖြစ်မိရကြောင်းပါခင်ဗျား။
 


Road to Polska (Úpa-Pec pod Sněžkou) (ဓါတ်ပုံ မရငတ)
အဲဒီလို တောင်ပေါ်တက်မရတော့ တောင်ခြေစမ်းရေချောင်းလေးကိုသာ ခပ်ထွေထွေနဲ့ မှတ်တမ်းပြုရိုက်ကူးရင်း တောင်ခြေ ကနေ အဝေးမြင် မြင်နေရတဲ့ တောင်ထိပ်အလှကိုကြည့်ရင်း တောင်ကျစမ်း ချောင်းလေးရဲ့ စမ်းရေစီးသံကို ခံစားအရသာယူ နားထောင်မိရင်း ဆောင်းနှင်းဒဏ်ကြောင့် ခြောက်သယောင်းနေတဲ့ သစ်ခြောက်ပင်ဝါဝါနဲ့ စိမ်းစိုနေတဲ့ ထင်းရှူးပင်များရဲ့ ရောယှက်အလှကိုကြည့်ရင်း ရေချောင်းလေးနံဘေးနားမှာ ရသလောက်လေး အချိန်ဖြုန်းနေမိပါတော့တယ်။




Road to Polska (ရေခဲတောင် Sněžka) (ဓါတ်ပုံ မရငတ)


အဲသလို တောင်ခြေကနေ တောင်ပေါ်ကို မြင်ရတဲ့ အရသာတောင်ပေါ်ကနေ တောင်အောက်ကို မြင်ရတဲ့ အရသာကမ်းန ဘေးကနေ မြစ်ရေပြင်ကိုမြင်ရတဲ့အရသာ မြစ်လယ်ကနေ နှစ်ဘက်ကမ်းကိုမြင်ရတဲ့အရသာ တခုနဲ့တခု မတူနိုင်ပါဘူး။

ပင်လယ်ပြင်ကြီးကို မြင်ရတဲ့ အရသာပင်လယ်ပြင်ကြီးကနေ ကမ်းခြေသောင်ပြင်ဖြစ်စေ ကျောက်ဆောင် ကျောက်ကမ်းပါးကြီး တွေကို ဖြစ်စေဆေးရောင်စုံအိမ်များကို ဖြစ်စေ မြင်ရတဲ့အရသာ မတူပါဘူး။

အမှန်တကယ်က မောင်ရင်ငတေက အမြင့်ကြောက်တတ်သူပါ။ တိုက်မြင့်မြင့် တောင်မြင့်မြင့် မျှော်စင်မြင့်မြင့်ပေါ်ရောက်ရင် အသည်းငယ်တတ်သူပါ။ အသက်တွေကြီးလာလေလေ အတွေ့အကြုံတွေ များများလာလို့လားတော့ မသိပါဘူး၊ အကြောက် တရားတွေ အနည်းနဲ့အများ လျော့ပါးလာတာတော့ အမှန်ပါ။

ဒါကြောင့် ခရီးတွေသွားဖြစ်ရင် မြို့တွေကို မြစ်တွေကို ချောင်းတွေကို လယ်ကွင်း စိုက်ခင်းတွေကို အပေါ်စီးကနေ တွေမြင် နိုင်မယ့်နေရာ ရှိ မရှိ အရင်ရှာပါတယ်။ မျက်စေ့တဆုံး မြင်တွေ့ခွင့် လွတ်လွတ်လပ်လပ်ရခြင်းဟာ စိတ်ကိုပြေလျော့ လာ စေပါတယ်။

အရင်ကဆို လေယာဉ်စီးရမှာကြောက်ပါတယ်။ အမြင့်ကြောက်တတ်သူ အသည်းငယ်တတ်သူဆိုတော့ လေယာဉ်စီးရမှာ ကြောက်သလို လေယာဉ်ပေါ်ကနေ မြေပြင်ကိုမကြည့်ရဲပါဘူး။ အခုတော့ လေယာဉ်စီးရင် ဘေးအစွန် ပြတင်းပေါက်ထိုင်ခုံ မရမှာကိုစိတ်ပူတတ်နေပြီး လေယာဉ်စီးချိန်ကို နေ့ဘက်ဖြစ်အောင်ရွေုးချယ်ပြီး ကောင်းကင်ကြီးပေါ်ကနေမြင်မြင်သမျှ မျက် လုံး ဇိမ်ခံကြည့်ရင်း ခရီးသွားခြင်းရဲ့အရသာကို နှစ်နှစ်ခြိုက်ခြိုက် ခံစားတတ်လာခဲ့ပါပြီ။

ခရီးသွားရင် အိပ်လေ့ မရှိတာကြောင့်လည်း မြင်မြင်သမျှကို ငေးရင်း မောရင်းတွေးရင်း ခံစားတတ်လာတယ်ထင်ပါတယ်။ အရသာတွေ့လာတယ် ထင်ပါတယ်။

အဲဒီ ပိုလန်လို Śnieżkę ချက်လို Sněžka စကားလုံးက ဘာအဓိပ္ပါယ်ရှိပါသလဲ စပ်စုမေးမြန်းကြည့်မိလိုက်တော့ ဆီးနှင်း ဖြူဖြူလို့ အဓိပ္ပါယ်ပေါက်ပါတယ်တဲ့။ အဲဒီတော့ကာ ...
Żegnaj Śnieżkę
Sbohem Sněžka
Au Revoir Sněžka
ဘိုင့် ဘိုင် နှင်းဖြူရေ နှုတ်ဆက်ခဲ့ပါတယ်။ ဆီးနှင်းဖြူဖြူရေ။ နှင်းဖြူရေနောက်တကြိမ်တော့ တောင်တက်ချိန်မှာ အရောက် လာပြီး တက်ပါဦးမယ်။ နှင်းဖြူရေ တောင်ခြေကနေသာ နှုတ်ဆက်စကားပြောမိရင်း ....။

ရေခဲတောင်ထိပ်ပေါ် မတက်ရတော့လည်း ဟိုဘက်ပိုလန်မြေမှာ အချိန်ပိုရတာပေါ့ဆိုပြီး ကားပေါ်ပြန်တက် Sněžka ကိုနှုတ် ဆက်ကြပြီး ထွက်ခွာလာခဲ့ကြပါတယ်။ တကယ်တော့ မောင်ရင်ငတေတို့ရဲ့ ပိုလန်တညအိပ်ခရီးဟာ ပိုလန်နဲ့ချက်ခွဲဝေပိုင်ဆိုင်ကြတဲ့ အဲဒီ Sněžka ရေခဲတောင်နဲ့ Krkonoše တောင်တန်းကြီးကိုတပတ်ပတ်တဲ့ ခရီးစဉ်တခုသာပါ။



Road to Polska (Malá Úpa) (ဓါတ်ပုံ မရငတ)

လမ်းအမှတ် (၂၉၆) အတိုင်း ပြန်လည်ထွက်ခွာ လာခဲ့ကြပြီး လမ်းအမှတ် (၂၅၂) မှတဆင့်ကွေ့ကာပိုလန်နယ်စပ်က ချက်မြို့ Malá Úpa ဆီသို့ ဦးတည်ခဲ့ပါတယ်။ သိပ်မကြာပါဘူး၊ နာရီဝက်ခန့်သာပါ။

Úpa စမ်းချောင်းလေးက ကျေးလက်လမ်းလေးရဲ့ ဘယ်ဘက်ရောက်လိုက်ညာဘက်ရောက်လိုက်နဲ့ ပေါ့၊ စမ်းရေချောင်း ကမ်းပါးမှာတော့ အနားယူ အပန်းဖြေကြရာ “Penzion” ပန်ဇီယွန် လေးတွေက တန်းစီလို့ပေါ့၊ Úpa နဲ့ Malá Úpa စမ်းရေချောင်းလေးနှစ်ခု ဆုံရာ ရောက်လာတော့ မောင်ရင်ငတေ တို့က လမ်းအမှတ် (၂၅၂) ပေါ်ချိုးကွေ့ပြီး Malá Úpa စမ်းရေချောင်းလေးအတိုင်း Malá Úpa ဆီသို့ နယ်ခြားစည်းဆီသို့ ပိုလန်မြေဆီသို့ ဆက်လက် သွားခဲ့ကြပါတယ်။



 Road to Polska (Malá Úpa) (ဓါတ်ပုံ မရငတ)

နယ်စပ်စည်းမရောက်ခင် လမ်းနဘေးမှာ တွေ့မြင်ရတဲ့ သစ်သားအိမ် နီနီလေးတွေကတော့ စွဲမက်စ ရာပါ။ ဒေသခံများရဲ့ ခေတ်ပေါ် စီးပွားရေးလုပ်ငန်းများလေလား သို့တည်းမဟုတ် လက်တံရှည်ရှည် သမားများရဲ့ ချဲ့ထွင်လာတဲ့ လုပ်ငန်းသစ်များလေလား မောင်ရင်ငတေ ခွဲခြားမတတ်ပါဘူး၊ ဒေသခံ တွေရဲ့ သဘာဝကျတဲ့ ရှေးအိမ်ပုံစံမျိုးတွေ တွေ့ရပေမယ့် အိမ်အတော်များများက ငှားစားဖို့ရည်ရွယ် ပြုပြင်ထားကြတာမို့ အသစ်နဲ့အဟောင်း ခွဲခြားနိုင်ဖို့ကတော့ ခက်ခဲလှပါပေတယ်။ မောင်ရင်ငတေရဲ့ အမြင်များအရ ပြောရရင် ပြင်သစ် အီတလီ စပိန် ပေါ်တူဂီမြေတွေမှာ တွေ့ရတဲ့ ရှေးရှေးအိမ်တွေလို အဟောင်းသဏ္ဍာန် မရှိလှပါဘဲ သစ်လွင်မှုတွေ လွန်ကဲ လွန်းနေတယ်လို့ ထင်မြင်မိပါတယ်။

ဒီနယ်စပ် နယ်မြေလေးက Sněžka တောင်ခြေနဲ့ နီးတာမို့လို့ တောင်ခြေစခန်း အသေးစားလေးတခု ကဲသို့ ဖြစ်တည်လာတယ် ထင်ပါတယ်။ တောင်တက်နှင်းလျှောစီး စကီးစီးခြင်းနဲ့ တိုးတက်ထွန်းကား လာနေတဲ့ ခရီးသွားလုပ်ငန်းတို့နှစ်ခုချိတ်ဆက် လုပ်ကိုင်လာရာမှာ ပါဝင်လာတဲ့ နယ်မြေအသစ်တခု အဖြစ် ရပ်တည်ခွင့် ရလာဟန် တူသလို လမ်းလေး ငါးမိနစ်မျှ လျှောက်ရုံနဲ့ ပိုလန်မြေကို နင်းမိတယ် ပြောလို့ရတာမို့ အုပ်စုလိုက် ခရီးသွား လုပ်ငန်းကြီးတွေရဲ့ ပေါချောင်ကောင်း စခန်းချ တည်းခိုကြရာ နေရာတခုလို တဖြေးဖြေး ဖြစ်လာနေဟန် တူပါတယ်။ ရေခဲတောင်ကလွဲလို့တော့ ဒီနေရာတဝိုက်မှာလူအများ စိတ်ဝင်စားနိုင်တဲ့ ထူးထူးခြားခြား ဘာတခုမှရှိဟန် မတူပါဘူး။ 



Road to Polska (Malá Úpa) (ဓါတ်ပုံ မရငတ)


Malá Úpa
Czech Republic and Polish Border


Malá Úpa မှာအိမ်ခြေရယ်လို့ ဟုတ်တိပတ်တိမရှိပါဘူး၊ ထုံးစံလို့သာပြောရပါမယ်။ ကားလမ်းနဘေး တည်းခိုခန်း စားပွဲရုံ ဒေသခံအိမ် နည်းနည်းပါးပါးသာ ရှိပါတယ်။ ပရာဟာနဲ့ ၁၇၅ ကီလိုမီတာ ဝေးပါတယ်။ အမြဲတမ်းနေထိုင်သူ တရာ့သုံးဆယ်ခန့်မျှသာစာရင်းရှိတဲ့ တောကျေးရွာကလေးပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင့်လေးရာကျော်မှာ တည်ရှိပါ တယ်။ ဟိုးတုန်းကတော့ သစ်ခုတ်သမားတွေ စခန်းချနေထိုင်ခဲ့ကြရာ တောင်ကြားလမ်းလေးတခုပေါ်က တောကျေးရွာလေး သာပါ။

ဒီနေရာတွေက ဟိုးခပ်ဝေးဝေး အတိတ်ကာလတွေတုန်းကတော့ သစ်တောတွေ သိပ်သည်းထူထပ် စွာရှိနေတဲ့ နေရာဒေသ တွေလို့ ဆိုပါတယ်။ ဆယ်ကိုးရာစုအစောပိုင်းမှာတော့ ကျောက်မီးသွေးတွင်းတွေအတွက် ပေးဆပ်ခဲ့ရလို့ အခုလောက်သာ ကျန်ရှိတော့တာပါတဲ့။ စက်မှုခေတ်သစ်အစကာလရဲ့ ဆိုးကျိုးတွေကလည်းမနည်းမနော ရှိခဲ့တာပါ။ ဒီကနေ့မှာတော့ ကျောက်မီးသွေးမိုင်းတွေ စက်ရုံတွေလည်း ပိတ်ကုန် သစ်ခုတ်လုပ်ငန်းတွေလည်း ရှိတော့ဟန်မတူတော့ပါဘူး။ ခရီးသွား ရာသီ မဟုတ်တဲ့ကာလတွေမှာတော့ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်အေးချမ်းရာနယ်မြေတခုသာပါ။ ချက်နယ် စပ်စည်းထိပ်မှာတော့ အကောက်ခွန်ဂိတ်လေလား ရဲကင်းလေလား လ-ဝ-ကရုံးလေလားမသိ၊ အဆောက်အဦးတလုံးကို တွေ့ရပါတယ်။ သူသည်လည်း ရှန်ဂန်ဗီဇာခေတ်ကြီးမှာ လူသူကင်းမဲ့ တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ လက်နက်ကိုင် ဆို လို့လည်း တူတွေ တဇင်တွေ ပေါက်တူးတွေ ပေါက်ပြားတွေ ကိုင်ထားတဲ့သူတောင် တယောက်တလေ မတွေ့မြင်မိပါဘူး။




Road to Polska (Polska) (ဓါတ်ပုံ မရငတ)

ရှန်ဂန်ဗီဇာ ဧရိယာရဲ့ အကျိုးသက်ရောက်မှုက မောင်ရင်ငတေတို့လို ခရီးသွားချင်သူတွေအတွက် စိတ်ချမ်းသာဘွယ်ရာ နိုင်ငံကူးခြင်း တခုလို့သာ ဆိုချင်ပါတော့တယ်။

ရောက်ခဲ့ပါပြီ Malá Úpa မာလာဥူပါမြေ ရောက်ခဲ့ပါပြီ။ Polska ပိုစကာမြေ၊ လွန်ခဲ့တဲ့တလကျော်က ဂူဂဲလ်လမ်းမြေပုံ ထဲ ကနေ စိတ်ကူးနဲ့လျှောက်ဖြစ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော်လမ်းပါ။

နယ်စပ်စည်းအလွန် ပိုလန်မြေအဝင်ဝမှာတော့ နှစ်နိုင်ငံအမှတ်အသား ဆိုင်းဘုတ်တိုင်လေးတွေနဲ့ မောင်ရင်ငတေတို့ ခရီး သွားအုပ်စု မှတ်တမ်းတင်ပါတယ်။ Road to Polska အမှတ်တရဖြစ်ရအောင် “ပိုစကာ” ကတ္တရာလမ်းခပ်ကြမ်းကြမ်းကို အဝင်အထွက် လျှောက်ကြပါတယ်။ နောက်ပြီးတော့တခါ မောင်ရင်ငတေလည်း ဒီခရီး မစတင်ခင်ကပင် စိတ်ကူးယဉ်ထားတဲ့ အတိုင်း ပိုလန်မြေအဝင်ဆိုင်မှာထိုင်ပြီး ပိုလန်ဘီယာလေးတခွက်သောက်လို့ ပိုလန်အကြောင်း တွေးရရင်ကောင်းမှာဆိုတဲ့ အတိုင်း တွေ့တဲ့ဆိုင်ကလေးမှာ ခဏဝင်ထိုင်ဖို့လိုက်ကြည့်လိုက်တော့ ဆိုင်တွေအားလုံးဟာ တံခါးပိတ်လို့ တိတ်ဆိတ်နေပါ တယ်။ ချက်ဘက်အခြမ်း ဆိုင်တွေပိတ်ထားလို့ ပိုလန်မြေဘက် သွားကြည့်ပါတယ်။ ပိုစကာမြေဘက်မှာလည်း ကားပါကင် တခုရယ် ပန်းခြံလေးရယ် တည်းခိုအိမ်လေးနှစ်လုံးနဲ့တွဲလျှက် ရက်စတော့ရန့်အသေးစားလေးသာ တွေ့ရပါတယ်။ ပိုသာ ဆိုး ပါတယ်။ လူသူလေးပါး မရှိပါခင်ဗျား။



Road to Polska (Malá Úpa) (ဓါတ်ပုံ မရငတ)

အဲဒါနဲ့ မောင်ရင်ငတေလည်း စိတ်ကိုလျော့ ကားပေါ်သို့တက် ....
Sbohem Malá Úpa
Au Revoir Malá Úpa
ဘိုင့် ဘိုင် ပါ မာလာဥူပါ ရေ
“Malá Úpa” “မာလာဥူပါ” ကို လက်ပြ၍ နှုတ်ဆက် ...
နောက်တခါ
Salut Polska
Witamy Polska
ကြိုဆိုလှည့် ကြိုဆိုလှည့်ပါ “ Polska” “ပိုစကာ” ရေ ပိုလန်မြေဆီသို့ ဆက်လက် ထွက်ခွာလာခဲ့ကြပါတယ်။

Road to Polska (Droga Wojewódzka-DW368) (ဓါတ်ပုံ မရငတ)

ပင်လယ်မရှိသောမြေသို့ စာစု (၅)
(ပိုလန်နယ်စပ်သို့ တညအိပ် ပထမပိုင်း) ကို ဒီမှာ နားပါမည်။ ဒုတိယပိုင်း ဆက်ပါဦးမည်။

မောင်ရင်ငတေ ၀၉၁၂၂၀၁၇
http://www.maungyinngatay.com/2017/12/blog-post.html

Comments