မောင်မိုးသူ - သူငယ်ချင်းများနဲ့ ဆုံတဲ့ည နှင့် ဘကြီးမိုး


မောင်မိုးသူ - သူငယ်ချင်းများနဲ့ ဆုံတဲ့ည နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်) မိုးမခ၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၈
 
ဂုဏ်ထူး ဦးသိန်းနိုင်ဟာ သာကေတ တံတားအဆင်း ရွှေပုစွန်စားသောက်ဆိုင် နဲ့ မျက်နှာချင်းဆိုင်က မြနန္ဒာအိမ်ရာဆိုလားမသိပါဘူး ခြံကြီးဝင်းကြီးထဲက အိမ် ကြီးတစ်လုံးမှာ နေပါတယ်။ သူ့ရဲ့ဇနီး ကြည်ကြည်တင်ကလည်း အချက်အပြုတ် ချန်ပီယံဆိုတော့ အကြောင်းတစ်ခုခုရှာပြီး မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ဖိတ်ပြီး ညစာကျွေးလေ့ ရှိပါတယ်။

သည်တစ်ခါတော့ အမေရိကားမှာနေ တဲ့ မြန်မာစာပါမောက္ခ ဦးစောထွန်း၊ ကဗျာဆရာ မောင်စွမ်းရည်တို့ ရောက်နေကြတာ ကို အကြောင်းပြုပါတယ်။ နေ့ခင်းကတည်းက ကြည်ကြည်တင်က ဘာသောက်မှာလဲ ချီးဗတ်စ်လား၊ ဘလက်လားလို့ မေးပါ တယ်။ ဘကြီးမိုးလည်း ရရာပေါ့လို့ ဖြေ တော့ နှစ်မျိုးလုံးဝယ်ထားမယ်တဲ့။ အတော် ကြာတော့ မောင်သိန်းနိုင်က ဟေ့ကောင် လာဖြစ်အောင်လာနော်၊ မင်း ကလေးတွေ လိုက်မပို့နိုင်ဘူးဆိုရင် ငါကားလွှတ်ပေးပြီး ကြိုမယ်လို့ ဆိုပါတယ်။ ပြီးတော့စွယ်စုံရ လောလောလတ်လတ် ပန်းချီပဲဆွဲနေတဲ့ ဝင်းဖေကိုလည်း ဖိတ်ထားသတဲ့။ ပြီးတော့ ခင်မောင်ဝင်းတို့ ၊ ပင်းယမွှေးတို့လည်း ပါသေးသတဲ့။

ဪသာ်…မန်းတက္ကသိုလ်က ငယ်ပေါင်းတွေနဲ့ ဆုံရမှာပေါ့လေ ဆိုပြီး “အေးပါ” လို့ ပြောပြီး သမီး အေးသီတာကို လိုက်ပို့ခိုင်းရပါတယ်။ အေးသီတာကလည်း မောင် သိန်းနိုင် တပည့်ပဲမို့ လိုက်ပို့ရှာပါတယ်။
ညစာစားပွဲက မောင်သိန်းနိုင် တိုက် ကြီးရဲ့ ပေါ်တီကိုမှာလုပ်တော့ အပေါ်ထပ် ကို လှေကားနှစ်ဆင့်တက်ပြီးတော့ ဝရန် တာဘက်က ပေါ်တီကိုရှိရာ လျှောက်ရ သေးတယ်။ ပေါ်တီကိုပေါ်ရောက်တော့ နေရာထိုင်ခင်းက အတော် သာယာပါတယ်။ မျက်နှာချင်းဆိုင်က ချောင်းဆို တော့ မြင်ကွင်းက လှပြီး လေတဖြူးဖြူးနဲ့ပေါ့။

ဘကြီးမိုးတို့သားအဖ ရောက်သွားတော့ ကြည်ကြည်တင်ပဲ ရှိသေးတယ်။ မောင်သိန်းနိုင်က သူကိုယ်တိုင် ခင်မောင်ဝင်း၊ မောင်စွမ်းတို့ကို လှည့်ခေါ်ဖို့ သွားသတဲ့။ ရောက်နှင့်ပြီးသားထဲမှာ ကိုစောထွန်းရှိတယ်။ ပြီးတော့ ဒေါက်တာခင်မောင်ညို နဲ့ မိတ်ဆွေတစ်ဦးလည်းရှိတယ်။ ဒါနဲ့ သည်ဘက်စားပွဲထိပ်မှာထိုင်ပြီး ကိုစောထွန်းတို့ ၊ ဒေါက်ညိုတို့နဲ့ စကားစမြည်ပြောရပါတယ်။

ခဏအကြာ စားပွဲဟိုဘက်ထိပ်မှာ ပင်စီ (ပင်းယမွှေး) ထိုင်နေတာတွေ့လို့ ကလေးတွေကို ပြောင်းခိုင်းပြီး နေရာရွှေ့ ပါတယ်။ မွှေးနဲ့ မတွေ့ရတာကြာပြီလေ။ ဘကြီးမိုး မန္တလေးတက္ကသိုလ်မှာ ရှိစဉ်က မန်းတက္ကသိုလ် ကလောင်ရှင်အသင်း မှာ ပါဝင်လှုပ်ရှားခဲ့ကြသူများအနက် သက်တူရွယ်တူ စာပေဝါသနာရှင်များ ဖြစ်ကြသည့် မောင်စွမ်းရည်၊ ကြည်အောင်၊ ဇော်ဇော်အောင်၊ ဘကြီးမိုး နဲ့ ဝင်းကြွယ်တို့မှာ တစ်နှစ် တည်း မွေးကြသူများ ဖြစ်ပါတယ်။ မောင်သိန်းနိုင်၊ ပင်းယမွှေးတို့က တစ်နှစ် ကြီးပါတယ်။ မောင်သာနိုး၊ တင်မိုးတို့က လေးငါးနှစ် ကြီးပါတယ်။ မောင်ပေါက်စည်ကတော့ ခြောက်နှစ်လောက်ကြီးတယ်ထင်ရဲ့။

ယခုတော့ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းစတင်ကတည်းက ပါခဲ့သူ တက္ကသိုလ် ဝင်း ကွယ်လွန်ခဲ့ပါပြီ။ မောင်ပေါက် စည်၊ တင်မိုး၊ ကြည်အောင်၊ ဇော်ဇော်အောင်တို့ ကွယ်လွန်သွားကြရှာ ပြီ ဖြစ်ပါ တယ်။ ယခု ဂုဏ်ထူးဦးသိန်းနိုင် အိမ် မှာ စုဆုံနေကြသူများဖြစ်တဲ့ မောင်သိန်းနိုင်၊ ပင်းယမွှေး၊ မောင်စွမ်းရည်၊ ဝင်းကြွယ်နဲ့ ဘကြီးမိုးတို့အပြင် သည်အုပ်စုထဲမှာ အ သက်အကြီးဆုံးဖြစ်တဲ့ စွယ်စုံပညာရှင် ဦးဝင်းဖေက ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

 မောင်သိန်းနိုင်၏ အတင်းတိုက်တွန်းမှုကြောင့် ကိုဝင်းဖေခမျာမှာ သူရဲ့နာမည် ကြီး ဦးတိုးရဲ့ ရာမရကန် “စိမ့်ကြီးမြိုင်ကြီး” ကို သူ့ဖခင်ဆရာကြီး ရွှေပြည်ဦးဘတင် သင်ကြားပေးသည့်အတိုင်း ရကန်ဆိုဟန် အတိုင်း ဆိုပြသည့်အတွက် အားလုံး လက်ခုပ်ဩဘာတီးကြရပါတယ်။

ဘကြီးမိုး ထိုင်နေရာ စားပွဲထိပ်သို့ ခင်စုလှိုင်နဲ့ သူ့အစ်ကို ကိုကျော်မြင့်လှိုင် တို့ ရောက်ရှိလာရာ အစုရဲ့ ဇရာရုပ်ကို တွေ့ရှိရပြီး ဝမ်းနည်းဝမ်းသာ ဖြစ်ရပါ တယ်။ ခင်သန်းလှိုင်၊ မေမေလှိုင်၊ ခင်စုလှိုင် တို့ဟာ ဘကြီးမိုးတို့ မန္တလေးတက္ကသိုလ်ခေတ်တွင် နာမည်ကြီး နာမည်ကျော်များ ဖြစ်ကြပါတယ်။ အားကစားသမား ခင်သန်း လှိုင် ဆုံးပါးသွားပြီဖြစ်သလို အငယ်ဆုံး မောင်လေး နာမည်ကျော် ကဗျာဆရာ အုန်းလည်း ကွယ်လွန်သွားရှာပြီ ဖြစ်ပါတယ်။ အစုနဲ့ မောင်ကျော်မြင့်လှိုင်တို့ကို ဆုံ စည်း တွေ့မြင်ရတော့ ဝမ်းနည်းဝမ်း သာ ဖြစ်ရပါတယ်။

ပင်းယမွှေးကလည်း နာမည်ကျော် ပင်းယညီအစ်မများဖြစ်သည့် မမလှ၊ မမအေး၊ မမထွေး၊ မမဌေးတို့အနက် တစ်ဦး တည်း ကျန်ရစ်တဲ့ အငယ်ဆုံး ညီမ ဖြစ်ပါ တယ်။

ငယ်သူငယ်ချင်းများ စုစည်းတွေ့ဆုံရတဲ့ ညစာစားပွဲမှာ မောင်သိန်းနိုင်ကတော် ကြည်ကြည်တင်ရဲ့ လက်စွမ်းပြ ဝက်သားအိုးကြီးချက်၊ ဆိတ်သားနှပ်၊ ပုစွန်ဆီပြန်၊ ပဲကြီးနှပ်၊ ဒန့်သလွန်နဲ့ ငါးခေါင်းချဉ်ရည် များကို တပျော်တပါး စားသောက်ကြပြီး စုပေါင်းဓာတ်ပုံများလည်း ရိုက်ကြပါတယ်။ အစားသာမက ဖွင့်ထားပြီးသား ဝီစကီများ၊ ဘီယာများလည်း သောက်သုံးကြပါတယ်။

မောင်စွမ်းရည်ရဲ့ တူတော်တဲ့ မြေမှုန်လွင်ဟာ သည်အုပ်စုမှာ အငယ်ဆုံး ဖြစ်ပေမဲ့ ဘွတ်ခ်ပလာဇာကို တည် ထောင်သည့် ထုတ်ဝေသူကြီး ဖြစ်ပါ တယ်။ ဒေါက်ညို (ခင်မောင်ညို) နဲ့ ကောင်း သန့် တို့ကမူ ရန်ကုန်အုပ်စု ဖြစ်ပါတယ်။ မန္တ လေးတက္ကသိုလ်ထွက် အထဲက ထူးခြား တဲ့ ကလောင်ရှင်တစ်ဦးဖြစ်တဲ့ ခေးအော့ သီအိုရီ ရေးသားသည့် ဘိုးလှိုင် လည်း ပါဝင်ပါတယ်။

အားလုံး စကားကောင်း ပြောမဆုံး ဖြစ်နေကြလေတော့ လူစုခွဲချိန်ရာမှာ ည ၁၀းဝ၀ နာရီရှိနေပါပြီ။ ဘကြီးမိုးတို့ မြေးအဘိုးတို့ဟာ သမီးမောင်းတဲ့ကားနဲ့ ညမှောင်မှောင်မှာပဲ ရန်ကုန်မြို့ထဲကို ပြန် လာခဲ့ရရာ ညဘက်အပြင်ကို လုံးဝမထွက်ဖူးတဲ့ ဘကြီးမိုးအတွက် သမီးမောင်းတဲ့ ကားရှေ့ ခန်းမှာ ရင်တထိတ် ထိတ်နဲ့ ပြန်လာရပါတယ်။

သည်လို ငယ်သူငယ်ချင်းများ ဆုံ စည်းနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ ဖိတ်ကြားစီစဉ်တဲ့ မောင်သိန်းနိုင်- ကြည်ကြည်တင် ဇနီးမောင်နှံတို့က စားကောင်းသောက်ဖွယ်များ အစုံအလင်နဲ့ ဧည့်ခံသည့်အပြင် အားလုံးစုံစုံညီ ဖိတ်ကြား စုစည်းပေးနိုင်တဲ့အတွက် ကျေးဇူးတင်ရပါတယ်။

နောက်တစ်ကြိမ် တွေ့ဆုံ ဆုံစည်းဖို့ ဆိုတာ သိပ်ပြီးလွယ်လှမယ်မထင်ပါဘူး။
သူငယ်ချင်းများနှင့်အတူ ညစာစားပွဲ နွှဲခဲ့ရတဲ့ ဘကြီးမိုးဖြစ်ကြောင်းပါ။

ဘကြီးမိုး

Comments