ဒီလူည ● မိသားစုအဖြစ်အပျက်


ဒီလူည ● မိသားစုအဖြစ်အပျက်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၈

အဲ့ဒီနှင်းတွေ ပျောက်မသွားခင်မှာဘဲ
အဖေက ငါ့ကို
မိသားစုသံယောဇဉ်တွေ အကြောင်းပြောပြတယ်
အဘိုးအဘွားရဲ့ဓာတ်ပုံရှေ့မှာ
သားအဖနှစ်ယောက် မိုးရေတွေ ခပ်ချိုးရင်း
ရေစီးထဲမျောပါသွားတဲ့အမှိုက်သရိုက်တွေကို ကြည့်နေကြတယ်
မိသားစုနဲ့အတူနေရုံနဲ့
မိသားစုမဖြစ်တဲ့အကြောင်းတွေ ပြောတယ်
မိသားစုဆိုတာ အသိစိတ်တချက်လွတ်သွားတာနဲ့
သံယောဇဉ်စည်းရဲ့
အပြင်ဘက်ကနေ ပြန်ငေးကြည့်ရတတ်တယ်တဲ့
ငါ့အဖေရဲ့စကားကိုကြားတော့
အိမ်ထောင်စုဇယားက ငါ့နာမည်ကို
အပြေးအလွှား သွားကြည့်မိတယ်
အဖေက
ငါ့အဖြစ်အပျက်တွေကိုကြည့်ပြီး အူလှိုက်သည်းလှိုက်ရယ်တယ်
ရေစီးထဲပါသွားတဲ့အမှိုက်တွေကို လက်ညှိုးထိုးပြတယ်
အဲ့ဒီအချိန်မှာ ငါက
ငါ့အဘိုးရဲ့လက်တဖက်ကို ဖြတ်ပစ်လိုက်တယ်
ငါ့အဘွားက ငါ့ကို ငေးကြည့်လို့
သူ့မျက်ဝန်းထဲ ငါကနူးညံ့စွာနေပြတော့
ငါ့အဘိုးရဲ့ပန်းထွက်နေတဲ့သွေးတွေ တိတ်သွားတယ်
ငါ့အဖေက ငါ့လုပ်ရပ်ကို သိသိကြီးနဲ့ ကြည့်နေတယ်
ဒါနဲ့ ငါလည်း ရှေ့တလှမ်းတိုးပြီး
ငါ့အဘွားအရည်အပြားတွေကို ဓားနဲ့ မွှန်းပစ်လိုက်တယ်
ငါ့အဖေက အရင်လိုပဲ ငါ့ကိုကြည့်လို့
ငါက ပြုံးပြလိုက်တော့
ငါ့အဖေရဲ့မျက်နှာဟာ
ဆွေးမြေ့နေတဲ့ပျဉ်ချပ်တွေလို ဖြစ်သွားတယ်
အဖေဟာ ရေးစီးထဲကအမှိုက်တွေကို ငေးလိုက်
ငါ့ကိုကြည့်လိုက်နဲ့
အဘိုးအဘွားရဲ့ဓာတ်ပုံကို မြဲမြံစွာဆုပ်ကိုင်ထားတယ်
ဒီတခါတော့
မိသားစုသံယောဇဉ်တွေအကြောင်း
အဖေက ငါ့ကိုမပြောတော့ဘူး
အိမ်ထောင်စုဇယားထဲက ငါ့နာမည်ကို အခါခါရွတ်နေတယ်
ချိတ်ထားတဲ့ ငါ့ဘွဲ့ဓာတ်ပုံကို ဖုန်ခဏခဏ သုတ်နေတယ်
ငါတို့သားအဖနှစ်ယောက်
မိုးရေတွေတော့ ခပ်မချိုးဖြစ်တော့ဘူး။  ။

ဒီလူည
ဇန်နဝါရီ ၈၊ ၂၀၁၈

Comments