![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAqsxGQpyjlSxHXTgIAV7-BJNMdvvDwX-apCfmtAtdvRNxKlVhqPtjrVcD5Ln0pZ7-47_RI5v-lEjt2bClFDwd7gOSPupilpxxbl9t7jEiT8juelfgHsqxCpcPS8VJIpemiynD5Whl4cq/s640/FreshPaint-795-2017.06.05-07.19.48.jpg)
ဆောင်းယွန်းလ ● နှစ်တနှစ်ကို မီးတမီး မကူးဖို့လိုတယ်
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇
နှင်းက
ဆောင်းတွင်းကြီးထဲ ရောက်လာခဲ့သလိုမျိုး
ဒီဇင်ဘာက
တနှစ်တခါ နှင်းတောထဲကိုလာတယ်
ပျော်ပြီးမူးခဲ့တဲ့ နှစ်တွေထဲ
ကျော်ပြီးကူးခဲ့တဲ့ နှစ်တွေရယ်လို့မရှိခဲ့
ဖတ်လက်စဘဝက
တဖြေးဖြေးပါးလွှာလာခဲ့ချိန်မှာ
တပ်လက်စ မျက်မှန်ကတော့
တဖြေးဖြေးနဲ့ ထူထပ်လာခဲ့ရချိန်ပေါ့
နားထောင်နေကျ ဆိုဖူးတဲ့သီချင်းတွေရဲ့
သီချင်းပိုင်ရှင်တချို့လည်း မရှိကြတော့
အထပ်ထပ်ပြန်ဖတ်မိတဲ့ ဝတ္ထုတွေနဲ့ ကဗျာတွေရဲ့
မူလပိုင်ရှင် ဆရာ ဆရာမတချို့လည်း မရှိကြတော့
တခါတခါ့ပြန်ကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက
ဇာတ်ပို့ဇာတ်ရံဆိုသူတချို့လည်း မရှိကြတော့
ရေးလက်စ ဒိုင်ယာရီထဲ
လူရင်းမိတ်ဆွေတွေရဲ့ နာမည်တွေနဲလာတဲ့အခါ
ကိုယ်လည်း ကိုယ့်အသဲကို ခိုင်ခိုင်မြဲမြဲစွဲထားရ
ကိုယ့်နှလုံးကို လုံလုံခြုံခြုံဖုံးဖိထားရ
ကိုယ့်အဆုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရ
တကယ်တော့
နှစ်တနှစ်ကူးချိန်မှာ ပျော်ရွှင်ဆုတောင်းကြသလိုမျိုး
ဘဝတခု လှလှပပကူးနိုင်ဖို့ပဲလိုတာပါ။
ဆောင်းယွန်းလ
(ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၇)

Comments