ချမ်းမြ - "နိုင်ငံတော် သီချင်းဆိုပြီးရင် ငါတို့ အမှိုက်ကောက်ရမှာ အသေချာပဲ သူငယ်ချင်း"

Than Htay Maung
 
ချမ်းမြ  - "နိုင်ငံတော် သီချင်းဆိုပြီးရင် ငါတို့ အမှိုက်ကောက်ရမှာ အသေချာပဲ သူငယ်ချင်း"
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၈

ကျောင်းတက်ခေါင်းလောင်းထိုးတာ နဲ့ 
Seminary ကွင်းကို မညီမညာ ငါတို့သွားကြတယ်

တချို့က မုန့်ဈေးတန်းက လာတယ်
တချို့က ရှူးပေါက်ကနေ လာတယ်
တချို့က အခန်းထဲကနေ လာတယ်

အရပ်ပုတဲ့သူတွေက ရှေ့ဆုံးကနေ စီရတယ်
အားလုံးသတိလို့မအော်ခင် မဝင်းက
ခေါင်းလောင်းခေါက်ပြီး သတိဆွဲဖို့ သတိပေးတယ်

သက်သာ အေးစေ အပြီး ဇာတိမာန် သီချင်းကို လက်ခုတ်တီးပြီး ဆက်ဆိုရတော့ 
ငါတို့ လက်ခုတ်တီးသံက ...
ငါတို့ တိုင်းပြည်အတိုင်းပဲ သူငယ်ချင်း
အငယ်တွေက ဖျောင်းခနဲတစ်ချက်တီးလိုက်တော့
အကြီးတွေက ဖျောင်း ဖျောင်းဆိုပြီး 
နှစ်ချက်ဆက်တိုက် တီးတယ်
ဘယ်တော့မှ မညီညာခဲ့တော့ ကျောင်းအုပ်ဆရာမကြီး ရဲ့
သြဝါဒ စကားက ငါတို့ကို ဆူပြီး စဖွင့်တယ်

ဒါဆိုရင် မင်းတို့ သိလိုက်တော့ သူငယ်ချင်း
နိုင်ငံတော် သီချင်းဆိုပြီးရင် 
ငါတို့ အမှိုက်ကောက်ရမှာ အသေချာပဲ ... ။    ။

Comments