မိုးမခအထောက်တော် ၀၀၇ - Colourful Flower မန္တလေးအခြေစိုက်အမျိုးသမီးပန်းချီပြပွဲ


မိုးမခအထောက်တော် ၀၀၇ - Colourful Flower မန္တလေးအခြေစိုက်အမျိုးသမီးပန်းချီပြပွဲ
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၈

မိတ်ဆက်ပေးပါရစေ။ မန္တလေးမြို့ က အမျိုးသမီးပန်းချီဆရာမများရဲ့  လက်ရာပန်းချီကားတွေကို
၂၀၁၄ ခု တွင် ပထမအကြိမ်၊ ၂၀၁၆ ခု တွင် ဒုတိယအကြိမ်၊ ၂၀၁၇ ခု တွင် တတိယအကြိမ် ကျင်းပခဲ့ပြီးပါပြီ။ ယခု ၂၀၁၈ ခု တွင် စတုတ္ထအကြိမ် အမျိုးသမီးပန်းချီပြပွဲကို ကျင်းပပါဦးမယ်။

 ပထမ၊ ဒုတိယ၊ တတိယအကြိမ်များကို မန္တလေးတွင်သာ ပြသခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက်ကိုတော့ ရန်ကုန်မြို့ မှာ ပြပွဲကျင်းပဖြစ်ပါမယ်။ ဒီ ပြပွဲတွေကို ဦးဆောင် စီစဉ်သူတွေဖြစ်တဲ့ ပန်းချီဆရာမ ဒေါ်ခင်နန်းဆန်နဲ့ ဒေါ်ယုယုလှိုင်တို့က ပန်းချီပြပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြသွားပါတယ်။

 "ပန်းချီပညာကို သင်ကြားခဲ့ကြသည့် အမျိုးသမီးများ ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်မကြုံကြသည့်အခါ အခြားအလုပ်များ အိမ်ထောင်မှုတာဝန်များနှင့်သာ နေ့စဉ် ကျင်လည် လုပ်ကိုင်ဆောင်ရွက်ကြရင်း ပန်းချီဆွဲရန် အလှမ်းဝေး ခဲ့ကြပါတယ်။ ဒီလိုအမျိုးသမီးပန်းချီဆရာမများကို အချိန်လေးပေး၍ ပန်းချီဆွဲစေချင်သောဆန္ဒ၊  ပန်းချီကားများရေးဆွဲပြီး ပြပွဲများဖြင့် ပြသခွင့် မကြုံ ကြသော ပန်းချီဆရာမများ ပြပွဲများတွင်ပြသစေလိုသည့်စိတ်ဆန္ဒများသည် CFF ကို စတင်ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်ပါတယ်။

 မန္တလေးဟာ ရန်ကုန်နဲ့စာလျှင် ပန်းချီပြပွဲများအတွက် ပန်းချီပြခန်း အင်မတန်နဲပါးလှပါတယ်။ ဒီ့အတွက် ပြပွဲ အရေအတွက်ကလည်း မများပြားသလို မိန်းမပန်းချီဆရာမများအနေဖြင့် ပြပွဲများတွင် ပါဝင်ပြသနိုင်ရန်
အခွင့်အရေးသည် သိပ်မရှိလှပါ။ တကိုယ်တော်ပြပွဲလုပ်ြဖစ်ရန် မလွယ်လှသလို အဖွဲ့လိုက်ပွဲလေးများသည်လည်း လူတိုင်း မပါဝင်နှိုင်ကြပါ။ CFF တွင်တော့ အမျိုးသမီးများ ကြီးငယ်ရွယ်လတ် မရွေး ပါဝင်ခွင့်ပေးခဲ့ပါတယ်။

 ပ- ဒု - တ အကြိမ်များသည် ပြပွဲကြေးမရှိ ဝင်ကြေးမရှိ ပြသနှိုင်အောင် စီစဉ်ခဲ့ဖြစ်ပါတယ်။ ပထမအကြိမ်တွင် ခင်နန်းဆန် တဦးတည်းသာ ဆရာဦးခင်မောင်စန်း ကူညီမှုဖြင့် ပြပွဲဖြစ်မြောက်ခဲ့ပြီး
ဒုတိယအကြိမ်မှ စ ကာ အမျိုးသမီးပန်းချီဆရာမနှစ်ဦးဖြစ်သော ခင်နန်းဆန်နှင့် ယုယုလှိုင် အတူတွဲ၍
ပြပွဲများပြသနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ အခု စတုတ္ထအကြိမ်မှာတော့ မန္တလေးနယ်ခံပန်းချီဆရာမ များသာမက နယ်ပယ်စုံက ပန်းချီဆရာမများဖြစ်တဲ့ (ဒေါ်) လွန်းမြမြ(ရန်ကုန်) (ဒေါ်)ခင်မိုးပွင့် ၊ ဒေါက်တာခင်မေကြည်၊ ယိမ်းခမ်း(တောင်ကြီး) ပန်းချီနန်း(ဖြူး) ပန်းချီဒေစီဂျက် (မေမြို့) တို့ပါ ပါဝင်လာပြီး ၀ိုင်းဝန်းကူညီကြပါတယ်။

ပန်းချီပြပွဲတပွဲဖြစ်လာဘို့ နောက်မှ ပန့်ပိုးကူညီပေးမည့်သူမရှိပါလျှင် ငွေအား - လူအား - အချိန် - အခက်အခဲ - ကြိုးပန်းအားထုတ်ရသည်များသည် စိတ်မောလူမောရှိလှကြောင်း ပြပွဲပြသသူတိုင်း
နားလည်ကြပါတယ်။ ဒီအခက်အခဲများကို ခင်နန်းဆန် နှင့် ယုယုလှိုင် စိတ်တူကိုယ်တူ - အတူလက်တွဲလျှောက်လှမ်းရင်း ယခုစတုတ္ထအကြိမ်သို့ ရောက်ရှိလာခဲ့ပါပြီ ။

CFF ပွဲအတွက် ပန်းချီကားတွေပြန်လည်ရေးသားဖြစ်လာခဲ့သည့် ပန်းချီဆရာမများ - ပန်းချီလောကကို ပြန်လည်ခြေချလာသည့် အမျိုးသမီးကြီးငယ်များ ရှိလာခဲ့ခြင်းသည် CFF ၏ အောင်မြင်မှုတခုလို့ ဆိုချင်ပါသည် ။ CFF ရဲ့ ဖြတ်သန်းမှုများကတော့  ပထမအကြိမ်မှာ အမျိုးသမီးပန်းချီဆရာ သုံးဆယ် ယောက် ပြသပြီး ပန်းချီကား ၁၆ ကား ရောင်းရပါတယ်။ ဒုတိယအကြိမ်မှာ ၂၂ ယောက် ပါဝင်ပြသပြီး ပန်းချီကား ၉ ကား ရောင်းချရပါတယ်။  တတိယအကြိမ်မှာ ၃၈ ယောက် ပါဝင်ပြသခဲ့ပြီး ကားပေါင်း ၁၂ဝ ပြခဲ့ရာမှာ ၁၆ ကား ရောင်းချခဲ့ရပါတယ်။

ယခုနှစ် အမျိုးသမီးပန်းချီဆရာမ (၃၀) ဦးရဲ့  လက်ရာတွေ ပါဝင်ပြသမယ့် စတုတ္ထအကြိမ် Colourful Flowers အမျိုးသမီး ပန်းချီပြပွဲကို လည်း လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။

ပြပွဲကျင်းပမည့်နေ့ ။ ။ ၃၀ ဇန်န၀ါရီ ၂၀၁၈ မှ ၁ ဖေဖော်ဝါရီ ၂၀၁၈ ထိ
ပြပွဲကျင်းပမည့်နေရာ ။ ။OK Art Gallery၊ အောင်ဆန်းကွင်းမြောက်ဘက်တိုက်ခန်း၊ ရန်ကုန်မြို့ ။
ပြပွဲကျင်းပမည့် အချိန် ။ ။ နံနက် (၉) နာရီမှ ညနေ (၆) နာရီထိ

Comments