K ငြိမ်းချမ်း - ကတ်ကြီးသုံးပါးနဲ့ မောင်ကေတို့ မြန်မာပြည်


K ငြိမ်းချမ်း  - ကတ်ကြီးသုံးပါးနဲ့ မောင်ကေတို့ မြန်မာပြည်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၈

ဖုန်း ဖုန်း ဖုန်းလို့ မောင်ကေဆိုတော့ ကယောင်ကတမ်း ဟိုဖုံးဒီဖုံးလုပ်နေတဲ့ မဒမ်မောင်ကေကို မြင်မှ တယ်လီဖုန်းကို ပြော ကြောင်း မောင်ကေ တအုံနွေးနွေးဖြစ်နေတဲ့ မောင်ကေရဲ့ဖုန်းရာဇ၀င်ကို ရှင်းလင်းပြလိုက်မှ မဒမ်မောင်ကေတစ်ယောက် နား ရည်လည်သွားပါတယ်။ မဒမ် မောင်ကေကို ရှင်းပြလိုက်တဲ့ တယ်လီဖုန်းရာဇ၀င်ဆိုတာ ဒီလိုပါ။

မောင်ကေတို့ မြန်မာ့တယ်လီဖုန်းရာဇ၀င်ကတော့ နည်းနည်းတော့ ရှည်လျားထွေပြားတာ အမှန်ပါ။ စစ်အစိုးရကာလ တလျှောက် တယ်လီဖုန်းဆိုတာ မောင်ကေတို့ လမ်းထိပ်က ဆသရနာမည်နဲ့လာဖွင့်တဲ့ အပျိုကြီးမမ လမ်းဘေး PCO ဖုန်း ကလေးပါပဲ။

မောင်ကေတို့က ကိုယ်ဆက်စေချင်သူကို အပျိုကြီးမမနံပါတ် (ဖုန်းနံပါတ်ပြောတာ)ကို ထားလိုက်ရုံပဲ။ တစ်ရပ်ကွက်လုံးကို ပတ် ခေါ်အော်ပေးတော့တာပဲ။ ဆိုင်နဲ့ဝေးသူတွေကတော့ တစ်ဖက်က ဖုန်းခေါ်မယ့်အချိန် သွားစောင့်နေလိုက်ရုံပဲ။ ဖုန်းက အ၀င်ဖုန်း ဆိုလည်း အထွက်ဖုန်းခေါ်ကြေးတစ်ဝက်တော့ ပေးရပါတယ်။

ဒါက မောင်ကေတို့ အခြေခံလူတန်းစားတွေအတွက် ထိုက်သင့်တဲ့ ဆက်သွယ်ရေးကိစ္စတွေပါပဲ။ အဆင်မပြေလို့လည်း မရဘူး လေ။ အဲတုန်းက ဟမ်းဖုန်းတစ်လုံးရဲ့တန်ဖိုးဟာ သိန်း၂၀။ အစိတ်ဆိုတော့။ ဒါတောင် အဆက်အသွယ်ရှိမှ။ အလိုက်ကောင်းမှ နော့။ ကြိုးဖုန်းလို့ ခေါ်တဲ့ အထိုင်ဖုန်းကတော့ မောင်ကေတို့ ပါးစပ် ဟကို မဟရဲခဲ့တဲ့ အခြေအနေများပဲဖြစ်ပါတယ်။

၂၀၁၀နောက်ပိုင်း စစ်အစိုးရ ပုဆိုးပြောင်းဝတ်လာချိန်ကစလို့ ထို GSMတွေ CDMA ဆိုတာတွေရောကို ၇သိန်း၊ ၅သိန်း စသဖြင့် တဖြည်းဖြည်းချရောင်း အဲအထဲမှာမှ ၀န်ထမ်းတွေကို ဦးစားပေး လစဉ်ဖြတ်စနစ်နဲ့ဆိုပြီး ၂ သိန်းချလာပြန်၊ နောက် မောင်ကေတို့လို ၀န်ထမ်းမဟုတ်သူ များကိုလည်း မြန်မာ့ဆက်သွယ်ရေးဌာနတွေမှာ ဖောင်ဖြည့်ဝယ်စေ ဖြစ်လာပြန်ပါ တော့တယ်။

နောက် ဒီမိုကရေစီဖော်ဆောင်ရေး ဘာညာအသံတွေ ကြားလိုက်ရပြီး ဈေးကွက်စီးပွားရေးစနစ်လား ဘာလားတော့ မောင်ကေတို့ မသိ။ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေ လေလံစနစ်နဲ့ တစ်ခုချင်း ချပေးလာပါတော့တယ်။

အဲဒါကတော့ အများသိတော် မူတဲ့အတိုင်း တယ်လီနော၊ အူရီဒူးစတဲ့ တိုင်းတစ်ပါးသားလုပ်ငန်းရှင်များကို ချပေးပြီး ဖုန်းဆင်း ကတ်တစ်ခုကို ၁၅၀၀ကျပ်နဲ့ စတင် ချပေးတော့တာပဲ။

ဒီကြားထဲ မြန်မာ့ဆက်သွယ်ရေး MPT ကပါ ဈေးကွက်ထဲ ၀င်ရောက် နေရာယူလာပါတယ်။ နောက် mecဆိုတဲ့ ဖုန်းအမျိုးအစား တစ်ခုရောဆို ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ဆက်သွယ်ရေးကုမ္ပဏီ ၄ ခု လိုဖြစ်လာပါတယ်။

ဒါကြောင့်လည်း သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး သူတို့အစိုးရ ဘာတွေလုပ်နိုင်ခဲ့သ လဲဆို ဖုန်းဆင်းကတ်တွေကို ၁၅၀၀ကျပ် ဈေးနှုန်းဖြစ်အောင် လုပ်နိုင်ခဲ့တယ် လို့ပြောတာ ကြားခဲ့ရပါတယ်။ သြော် ဒါများအရင် ကတည်းက သိန်းဆယ်ချီ လုပ်ရောင်းခဲ့ကြတာတော့ ထည့်မပြောဘူးလို့ မောင်ကေတော့ စိတ်ထဲက ပြောမိတယ်။

ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်မှာတော့ နောက်ထပ် ဆက်သွယ်ရေးကုမ္ပဏီ အသစ်တစ်ခုကိုလည်း ထပ်မံ ချပေး ဖို့ စီစဉ်နေကြပြန်ပါပြီ။ ဖုန်းပြောဆိုခတွေကိုလည်း အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေက သူ့ထက်ငါ အပြိုင်အဆိုင် ယခင် ဈေးနှုန်းထက် လျှော့ချပေးခဲ့ကြ၊ အထူးကံစမ်းမဲတွေနဲ့ ပြိုင်ဆိုင် ဈေးကွက်ချဲ့ ထွင် လာနေကြပါတယ်။

အဲဒါဘာဖြစ်တုန်း။ အဆင်မပြေတာ ဘာရှိတုန်းလို့ စောဒက မတက်ပါနဲ့ဦး ငါ့ရှင်။ မောင်ကေ တင်လျှောက် အဲလေ ယောင်လို့ ပြောပါရစေဦး။

ဖုန်းဆင်းကတ်တစ်ကတ် တစ်ထောင်၊ တချို့ကတ်ဆို ဘေလ် ၅၀၀ ကျပ်ဖြည့်ပြီး ဟန်းဆက်တစ်လုံးဝယ်ရင် အခမဲ့ထည့်သွင်းပေး တဲ့ အထိအဆင်ပြေပါတယ်။

မောင်ကေလည်း ဖုန်းဆင်းကတ်တွေ ဒီလောက်ပေါများနေမှတော့ အဆိုပါ ဖုန်းကုမ္ပဏီကြီး ၃ ခု (MPT , တယ်လီနော၊ အူရီဒူး အကုန်သုံးခဲ့ဖူးပါတယ်။ mec ကတော့ ဘယ်လေက်အောက် ဘယ်ကုမ္ပဏီအမည်ပေါက်မသိသော်လည်း ဈေးကွက်ထဲမှာ အတည်ပေါက်နေရာယူ လုပ်ကိုင်လျက်ရှိတုန်းပါပဲ။

မောင်ကေကတော့ လက်ရှိလည်း MPT,တယ်လီနော နှစ်ကတ်ကို အသုံးပြုနေပါတယ်။ ဘာက အဆင်မပြေတာတုန်းဆို အဆိုပါ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေး စမ်းသပ်မှုကြီးထဲမှာ အစမ်းသပ်ခံလို ဖြစ်နေတော့တာပါပဲ။

ဒါကတော့ ဖုန်းဘေလ် အဖြတ်ခံရမှုနဲ့ သူတို့ရဲ့ပရိုမိုးရှင်းကိစ္စများ(သူတို့ကတော့ ၀န်ဆောင်မှုအပိုင်းလို့ ပြောမလားပဲ) ဖြစ်ပါတယ်။ မောင်ကေတို့ဖုန်းပြောဆိုသူတွေကတော့ ဖုန်းဆိုတာ ပြောမယ်။ ဘေလ်ကုန်နေရင် ဖုန်းဘေလ် ထည့်လိုက်မယ်။ ဒါပဲ။ ဒါပေမယ့် ဒါပဲနဲ့မပြီးတဲ့ကိစ္စတွေက ရှိလာပါတယ်။

အဲဒါကတော့ ဖုန်းကုမ္ပဏီကြီးများရဲ့စီးပွားရှာမှုများကတော့ အံမခန်းလိလိ Massageပေးပို့မှုများထဲမှ သုံးစွဲသူ ရှုပ်ထွေးပွေလီ သွားအောင် ပရိုးမိုးရှင်း အစီအစဉ်များပဲဖြစ်ပါတယ်။သူ့ထက်ငါ ကုမ္ပဏီချင်း အပြိုင်အဆိုင်တွေထဲမှာမှ သုံးစွဲသူတွေရဲ့ ဖုန်း ဘေလ်များဟာ ကြက်ပျောက်ငှက်ပျောက် ထည့်မလောက်ဖြစ်နေတာပါပဲ။

မောင်ကေ ဥပမာတစ်ခုပြပါ့မယ်။ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ပို့သည့် စာတိုထဲကစာတချို့ကို ဒီနေရာမှာ ဖော်ပြ ချင်ပါတယ်။

(*4150# ကို နှိပ်ပြီး တစ်လစာ 1GB ဒေတာအစီအစဉ်ကို ၁၇၉၉ဖြင့် ၀ယ်ရုံဖြင့် 1GB ဒေတာအပြင် ၁၅၀ ရာခိုင်နှုန်း အပိုဆို (၂၆၉၉) ကို ရယူလိုက်ပါ။ အပိုဆုကို ၃ရက်တိတိ သုံးသလောက်ပေး အင်တာနက်သီး သန့်အသုံးပြုနိုင်ပါသည်။)

(သက်သက်သာသာ ၂၁ ရက်စာ ဒေတာအစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပါပြီ။*4040 ကိုခေါ်ဆိုပြီး 1GB ဒေတာ(၂၁ ရက်) အသုံး ပြုခွင့်ကို ၁၂၉၉ ကျပ်တည်းဖြင့် ရယူလိုက်ပါ။)

(၁မီဂါဘိုက်ကို ၁ ကျပ်တည်းနှင့် Facebookကို အသုံးပြုလို့ရပါပြီ။ တစ်ပတ်စာကို ၉၉၉ မီဂါဘိုက်ကို ၀ယ်ယူဖို့ *4022# ကိုခေါ်ဆိုပြီး ၀ယ်ယူသည့်အချိန်မှ ၇ ရက်အတွင်း အသုံးပြုနိုင်ပါတယ်။)

(ဘောပွဲကြိုက်တဲ့ဘော်ဒါတို့အတွက် ညဘက်လာတဲ့ဘောလုံးပွဲစဉ်တွေကို ကိုယ့်အိမ်မှာပဲ ကိုယ်အေးဆေးကြည့်နိုင်ဖို့ Night Pack လေးပါပြီနော်။ ၉၅၀ MBကို ၁၀၀၀ကျပ် ကျသင့်မှာဖြစ်ပြီး ည၁၁နာရီကနေ မနက်၇နာရီအထိ ရက်၃၀အတွင်း အသုံးပြုနိုင်ပါ တယ်။ ကိုယ်ကြိုက်တဲ့ဘောပွဲတွေကို မလွတ်တမ်းကြည့်ဖို့ *979*2*3*1# ကို ဖုန်းခေါ်လိုက်ရုံပဲနော်။)
ဒါက မောင်ကေ စာမျက်နှာကြောင့် တစ်ခု နှစ်ခုစပဲဖော်ပြတာဖြစ်ပါတယ်။ တစ်နေ့ကို ဖုန်းကုမ္ပဏီ တစ်ခုချင်းဆီက ၁၀စောင် ထက်မနည်း ပို့လေ့ရှိတာကတော့ မြန်မာပြည်မှာ ဖုန်းသုံးစွဲသူတိုင်း သိကြပါတယ်။

အင်မတန်မှတ်ဥာဏ်ကောင်းပါတယ်ဆိုသူများတောင် အဆိုပါကုမ္ပဏီကြီးများ အစီအစဉ်အားလုံးကို ၀င်ရောက်ဆင်နွှဲရင်တောင် အနည်းဆုံးဂေါက်တောက်တောက်ဖြစ်သွားနိုင်မလားလို့ မောင်ကေ တွေးမိပါတယ်။

ဘာကြောင့်များ ပြည်သူ့ဝန်ဆောင်မှုလို့ အမည်ပြုထားတဲ့စီးပွားရေးကုမ္ပဏီကြီးများက ဒီလောက်အ စီအစဉ် များပြားလှတဲ့ ရှုပ် ထွေးလှတာတွေကို ဖော်ဆောင်ရသလဲဆိုတာ နားကို မလည်နိုင်တော့ပါဘူး။

ဒီကြားထဲ အင်တာနက်မြန်ချင်လား။ မျိုးတူရာ ဖုန်းအချင်းချင်းခေါ်ဆိုရင် အခမဲ့ဖြစ်ချင်လား ။ ရွှေစကား၊ ဒေတာစူဗူး၊ဆွေသဟာ ဘာညာသာကာတွေက ပါသေးတယ်။

ကျနော်များကုမ္ပဏီကတော့ အင်တာနက်နှင့်ဖုန်းခေါ်ဆိုမှုများကို လိုင်းကောင်းကောင်းကို ဘယ်ဈေး ဘယ်မျှဖြင့် ပြုလုပ်ပေး နေပါပြီ။ ဆိုရင် မရနိုင်ဘူးလား။ ဈေးနှုန်းချင်းတူနေရင် အရည်အသွေးကို သုံးစွဲသူက ဆုံးဖြတ်မှာလေ။ ဟုတ်ဘူးလား။

အခုတော့ မောင်ကေတို့ကြုံနေရတာကတော့ ဟိုဖုန်းခေါ်ရင် ဟိုဈေးလား၊ ဒီဖုန်းခေါ်ရင်ရော ဘေလ် မဖြတ်ဘူးလား။ ဖြတ် တော့ဖြတ်မယ်၊ ည ဘယ်အချိန်လောက်တုန်းတို့ကို တစ်ဖက်ကို ဖုန်းခေါ်ဆို တိုင်း တွေတွေဝေေ၀စဉ်းစား။ ကိုယ်ပြော ရမယ့် တစ်ဖက်က ကိစ္စထက် မယောင်ရာဆီလူးကိစ္စတွေက ခေါင်းထဲက မထွက်။ ဖုန်းဆက်ပြီးလို့ ဘေလ်ဖြတ်တော့လည်း ၄၊ ၅ကျပ်၁၀ များ နေလား။ တွက်ရချက်ရပြန်သေးတယ်။ မြန်မာပြည်ဖုန်းသုံးရတဲ့ဒုက္ခ တယ်မသေးလှလို့သာ မောင်ကေ ညည်းမိတယ်။

အင်တာနက်သုံးစွဲရမှာလည်း ဟိုအစီအစဉ်ကို နှိပ်ထားမှ လိုင်းဆွဲအားကောင်းမယ်။ ဒါမှမဟုတ်ရင်တော့ လိုင်းကမကောင်း နိုင် ဘူးဆိုတာလည်း မောင်ကေတော့ နားမလည်။ တစ်ခါတည်း လိုင်းကိုကောင်းအောင် ၀န်ဆောင်မှုပေးထားပြီး တစ်ခါတည်း သတ် မှတ်ကြေးနဲ့လုပ်ကိုင်လို့ မရနိုင်ဘူးလား။

ခုတော့ ဟိုနံပါတ်တွေနှိပ်ခိုင်း ဒီ စကားဝှက်လိုလို သိုက်စာအညွှန်းလိုလိုကို ပို့ ဘာပွဲမို့ ဘာအစီအ စဉ်တွေဖြစ်လို့ ဘယ်လို လုပ်ပါ ဆိုပြီး မမှတ်မိလောက်တဲ့ နံပါတ်တွေနဲ့ သုံးစွဲသူတွေကို ချာလပတ်လည်အောင်လုပ်နေတာ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီကြီး များပဲဖြစ်ပါတယ်။

မောင်ကေတို့နိုင်ငံမှာ ဖုန်းပြောဆိုမှုဦးရေနှုန်းက တော်တော်များပါတယ်။ စစ်တမ်းဘာညာကောက်ထားတာ မရှိပေမယ့် နိုင်ငံ့လူ ဦးရေရဲ့သုံးပုံတစ်ပုံ သုံးမယ်ထင်ရပါတယ်။ ဒီတော့ တစ်နိုင်ငံလုံးရှိ ဖုန်းသုံးစွဲသူများဟာ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ရဲ့ချာလပတ်လည်စီးပွားရေးဗျူဟာကြီးထဲမှာ နစ်မြုပ်နေရပါတယ်။

ဟိုတလေးလေးဆီကလည်း လူမှုကွန်ရက်မှာ မြန်မာပြည်တော့ ကပ်ကြီးသုံးပါးဆိုက်နေပြီ (ဖုန်းဆင်းကတ်ကုမ္ပဏီများကို ရည်ညွှန်းထား) အစချီထားတဲ့ပို့စ်တစ်ခုကို ဖတ်လိုက်ရပါတယ်။ သုံးစွဲသူနဲ့အဆိုပါဆက်သွယ်ရေးကုမဏီကြီးများကြားက အဆင်မပြေမှုများအကြောင်းပဲဖြစ်ပါတယ်။

ဆိုတော့ ငါတို့ကတော့ လုပ်ငန်းလိုင်စင်ရထားပြီ ဘယ်လိုစီးပွားရှာရှာဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ အဆိုပါဆက်သွယ်ရေး ကုမ္ပ ဏီများကို လုပ်ပိုင်ခွင့်လိုင်စင်ချထားပေးတဲ့ အစိုးရတာဝန်ရှိလူကြီးမင်းများ တာဝန်ဖြစ်ပါတယ်။ နောက်ထပ် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုကိုလည်း ထပ်မံချထားပေးမယ့်အကြောင်း သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတော့ ရှိရှင်းစွဲ ဆင်းကတ်များကြုံ တွေ့ ရတဲ့ဖြစ်စဉ်များ မဖြစ်အောင် စီစဉ်ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာမှာ မရှိတဲ့ စီးပွားရေးဗျူဟာများကိုလည်း ဖြုတ်သိမ်း စေ ချင်ပါတယ်။

မောင်ကေတို့ကတော့ ဈေးနှုန်းသက်သက်သာသာနဲ့အင်တာနက်ဖုန်းလိုင်းကောင်းကောင်းများကို ပြည်သူုကို ရှုပ်ရှုပ်ထွေး ထွေးမလုပ်ဘဲ မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးမယ့် ဆက်သွယ်ရေး ကုမ္ပဏီများသာ အလိုရှိပါကြောင်းလည်း ခေါင်းလောင်း ထိုးလိုက်ရပါတယ်။


Comments