နိုလှိုင်း ● ကိုးဆယ်ခုနှစ်က လက်​ဖက်​ရည်​ဆိုင်များ

နိုလှိုင်း ● ကိုးဆယ်ခုနှစ်က လက်​ဖက်​ရည်​ဆိုင်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၈
၁။
လက်ဖက်ရည်​ဆိုင်​လို့အသံထွက်ရွတ်​လိုက်တာနဲ့ ကျနော်တို့ဆယ်ကျော်သက်အရွယ်မှာ ဇိမ်​နဲ့စွဲထိုင်​တတ်​လာတယ်​ဆိုတာ လန်​ဒန်​စီးကရက်​ တစ်လိပ်ငါးကျပ်​​ခေတ်​ကစတယ်​လို့ ​ပြောယူရပါမယ်​။ အဲဒီထက်​ငယ်​တဲ့အချိန်တွေတုန်းက​တော့ လူကြီး​တွေနဲ့အတူ လက်ဖက် ရည်​ဆိုင်​မှာ တွဲ​ရောင်းတတ်​တဲ့ ပဲမုန့်ထောပတ်မုန့် အငန်မုန့်နယ်​မှာ​ပဲအရသာ​ကောင်း​ကောင်းရတတ်​တဲ့ အာလူးပူတီ ဘယာ​ကြော်​ သွားသွားစားတတ်​တာကလွဲရင် လက်ဖက်​ရည်​ဆိုင်​ဆိုတာ ကလေးတွေအကြာကြီး ထိုင်​သင့် တဲ့​နေရာမဟုတ်​ဘူးလို့သာ စိတ်​ထဲမှတ်​ထားခဲ့တာပေါ့။

မြို့လေးကကျဉ်းလည်းကျဉ်း​လေး တခုခုဆို မိဘတွေနားထဲ ချက်ချင်းပြန်ရောက်တတ်လို့လည်း အရွယ်​​ရောက်​လာ စီးကရက်​ကို လက်ကြားညှပ်သောက်​တတ်​လာတဲ့အခါ ဘေးပတ်​ဝန်းကျင်​ကအသိလူကြီး တယောက်​​ယောက်​လည်း ရှိမ​နေတတ်​ လူလည်းသိပ်​မလာတတ်​တဲ့ လက်ဖက်ရည်​ဆိုင်တဆိုင်​​ရဲ့ ချောင်​ကျတဲ့ ထောင့်ကစားပွဲခုံဟာ လူငယ်​ဘဝရဲ့ ​ကျောက်​ချစရာ ​နေရာဖြစ်​လာ​တော့တာပါပဲ။

ကျနော်တို့လက်ဖက်ရည်ဆိုင်စထိုင်တတ်​ လက်ဖက်ရည်စသောက်တတ်တဲ့အရွယ် ကျနော်တို့နယ်​မှာ​ လက်ဖက်​ရည်​တစ်​ခွက်​ကို ဆယ့်​သုံးကျပ်​ပဲ​ပေးရ​သေးတယ်​ဆိုတာ သတိတရမှတ်မိပါသေးတယ်။ သူငယ်ချင်းနှစ်ယောက်ပေါင်းလို့ ပိုက်​ဆံအစိတ်​ သုံးဆယ်ရှိရင်​ လက်ဖက်ရည်​တစ်​ခွက်​ ဆေးလိပ်​နှစ်​လိပ်​နဲ့ ​သောက်​လို့ရတယ်​။ ချထားတဲ့ စီးကရက်​ကို တ​ယောက်​တလှည့်​​ဖွာရှိုက်လို့  ​စီးကရက်​ခိုး​သောက်​တတ်​ကာစ တကယ့်လူမိုက်ကလေးတွေရဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ မီးခိုး​ငွေ့တ​ဝေ့​ဝေ့ထဲ ​ခေါင်းမှာချာချာလည်​တဲ့အထိ တရှိုက်​မက်​မက်​ဖွာလို့ ကျနော်တို့ရဲ့ လက်ဖက်ရည်​ဆိုင်စထိုင်ခဲ့ဖူးတဲ့ ကာလတွေပါပဲ။

အခုလို အွန်​လိုင်း​နည်းပညာတွင်ကျယ်လာ တိုးတက်​နေတဲ့​ခေတ်​ကြီးထဲမှာ ရထားသံလမ်း​ဘေး အရိပ်ရသစ်​ပင်​အောက်​က လက်ဖက်​ရည်​ဆိုင်​စား​ပွဲပေါ် သူငယ်​ချင်း​တွေနဲ့ ဒိုးဇက်​ထိုင်​​ဆော့ဖူးရင်​  သင့်​အသက်​ မငယ်​​တော့ဘူးလို့ ​ဖေ့ဘုတ်​​ပေါ်ပို့စ်တင်​ကြည့်​ချင်​နေမိတယ်။ အခုလည်း အသက်​မငယ်​​တော့​ကြောင်း သွားစဉ်​စားမိ​တော့ အသက်​ငယ်​ငယ်​တုန်းက လက်​ဖက်​ရည်​ဆိုင်​မှာ ဒိုးဇက်​​ဆော့ဖူးခဲ့တာ​တွေ သတိရလာတယ်​။

အဲဒီတုန်းက​တော့ တနေ့လည်​လုံး ​ကျနော်တို့တွေ ပျောက်​သွားတယ်​ဆို အသံမကြားငြိမ်​​နေပြီဆို တ​နေရာရာမှာ ဒိုး ဇက်​​ဆော့​နေလို့ပါ ပဲ။ ​လောင်းကစားလုပ်​တယ်​ဆိုတာကလည်း ဘယ်​​ခေတ်​ဘယ်​အခါမှာမဆို သူ့အသက်​အရွယ်​အလိုက်​ သူ့​ကြေးနဲ့ သူ​တော့ ရင်​ခုန်​စိတ်​လှုပ်​ရှားရတာချည်းဖြစ်ခဲ့၊ ဘယ်​​ကြေးနဲ့ပဲရိုက်​ရိုက်​ ပုံစံအတူတူသာ အားလုံးစိတ်​လှုပ်​ရှား​ကြရတယ်​လို့သာ လူငယ်​​ တွေ​ပြောတတ် စုခဲ့ကြဖူးပါ တယ်။ ငါးမူးတစ်​ကျပ်​ကလည်း ဝိုင်း​ကောင်းရင်​ မျက်​​တောင်​ခတ်​ချိန်​​တောင်​ရတာ မဟုတ်​ဘူးလို့ ကျနော်တို့ ဆိုခဲ့ဖူးတာပဲ။

ထမင်း​မေ့ဟင်း​မေ့ဆိုတဲ့စကားလုံးမျိုးဟာ ကစားဝိုင်းမှာ​တော့ သုံးရတာ ပိုအသက်ဝင်​​နေတတ်​ တကယ်​လည်း ထမင်း​မေ့ ဟင်း​မေ့ခဲ့တဲ့ လက်ဖက်​ရည်​ဆိုင်​က လူငယ်​​နေ့​တွေပါပဲ။ နေ့လည်နေ့ခင်းအချိန်ကစလို့ ဘယ်လိုနေဝင်သွားတာလဲဆိုတာ ဘယ်အချိန်က ညရောက် သွားပြန်ပြီလဲဆိုတာကို စားပွဲခုံပေါ် အလင်းရောင်မလာတော့မှသာ သတိထားမိတတ် အိမ်ကလူကြီးတွေလည်း လိုက်​ထိန်းလို့မရ ဒေါသ ထွက်ရုံသာ တတ်နိုင်ခဲ့တဲ့အတိတ်က လက်ဖက်ရည် ဒိုးဇက်​ စီးကရက်နဲ့ လူငယ်နေ့များပါပဲ။

၂။
လက်ဖက်ရည်ဆိုင်ထိုင်​တယ်ဆိုတာ ဖွင့်ထားတဲ့သီချင်းမှာ လွင့်မျောနေရတဲ့အရသာကိုခေါ်တာ အတွေးထဲက စီးကရက်မီးခိုး တွေဆိုတာကလည်း မပါလို့မဖြစ်ပါဘူး။ ဒါပေမဲ့လည်း အခုလိုလူလတ်ပိုင်းအရွယ်ရောက်တော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး တစုံတယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာချိန်းဆိုဖြစ်တဲ့အခါ ကိုယ့်ရှေ့ကလက်ဖက်ရည်ခွက်ကိုတောင် ​သေ​သေချာချာဂရုမစိုက်နိုင်တော့ပါဘူး။

အဲဒီလို ပူပန်လောကြီး နေရတဲ့ နေ့ရက်တွေကို ကြုံရတဲ့အခါမှာ လက်​ဖက်​ရည်​ဆိုင်ထိုင်ရတဲ့​အရသာကလည်း​ ပျောက်​သွားတော့တာပါပဲ။ ဟိုတုန်းက လက်​ဖက်​ရည်​ဆိုင်​လူငယ်ဘဝနေ့ရက်များကို ဘယ်လိုလွတ်လပ်မှုနဲ့ ပြန်အစားထိုးကုစားရ မလဲဆိုတာကို မသိ​တော့ဘူးဖြစ်နေတယ်။

လူငယ်ဘဝတွေတုန်းကတော့ လက်ဘက်ရည်ဆိုင်မှာ ကိုယ်​ဘယ်​လို​သောက်​တတ်​တယ်​ဆိုတာကအစ အချိုကြိုက်​တယ်​ အဖန်ကြိုက်တယ် ဆိုတာကို ​ကျောက်​ပန်း​တောင်းဂိတ်​ဆုံး ​ဆော်​ရဲ ချို​ပေါ့ကျ တွဲ​လောင်းလို့ အမည်​​ပေးထားတဲ့ လက်​ဖက်​ရည်​ဆိုင်​က ဘန်းစကားများ နားယဉ် ခဲ့ရဖူးတယ်။ လူငယ်​ဘဝ​တုန်းက ပြောတတ်တာရှိဖူးပါတယ်။

ချိုပေါ့ကျတ​ခွက်​ဆိုတဲ့ သီချင်းထဲက လက်ဖက်ရည်ခွက်ဟာ ချိုလည်း​ချို၊ ​ပေါ့ လည်း​ပေါ့ ကျလည်းကျ​တယ်ဆို လက်ဖက်ရည်ကိုပြောနေတာမဟုတ်လောက်တော့ဘူး။ ပန်းသီးပွပွတ​လုံး မြေပေါ်ပြုတ်​ကျ အချစ်​ကို လက်ဖက်ရည်ဆိုင်က လူငယ်​တွေ စတင်​နိုင်​ခဲတာကို ပြောချင်တာပဲဖြစ်မှာပေါ့လို့ ပြောဆိုခဲ့ကြဖူးပါတယ်။ အပြင်မှာတော့ ​ကောင်​မ​လေး တ​ယောက်​က လက်​ဖက်​ရည်​ဆိုင်​​ရှေ့ ဖြတ်ေ​လျှာက်​သွား ​တို့နောက်​ကလိုက်​သွားခဲ့ပေမယ့် ဘာစကားမှမ​ပြောရဲလို့ ပန်းသီးပွပွတလုံးဟာ လက်​ဖက်​ရည်​ဆိုင်​ဘက်​ပြန်​လိမ့်​လာခဲ့ရတာပါပဲဆိုတာကို ဟာသနှော​ပြောခဲ့တဲ့​ လူငယ်​နေ့​တွေကို ပြန်​အမှတ်​ရမိ​နေ​သေးတယ်​။ မမှတ်မိတော့တာလည်းဖြစ်​ချင်​ဖြစ်မယ် နောက်ထပ်လည်း လက်ဘက်ရည်ဆိုင်က ပျော်စရာစကားတွေရှိ​ပါသေးတယ်​။
ကျောင်းသားဘဝတုန်းကလည်း လက်​ဖက်​ရည်​ဆိုင်​မှာသာကျောက်​ချ အ​ကြွေးနဲ့ နပ်​မှန်​ခဲ့တဲ့ ​နေ့ညတွေ ရှိခဲ့ပါသေးတယ်။ ​ အဲဒီလို ​တနေရာ မှာသာ ကျောက်​ချ ထိုင်​​နေတတ်​လို့ နေဝင်​သွားလည်း လက်​ဖက်​ရည်​ဆိုင်​ထိုင်​လို့မပြီး​သေး ညနက်​သန်း​ခေါင်​ဆိုလည်း ဖွင့်​တဲ့ဆိုင်​သာရှိလို့ က​တော့ ရ​အောင်​ထိုင်​​နေတတ်​တာမျိုး​ပေါ့။ နေ့​နေ့ညည လက်​ဖက်​ရည်​ဆိုင်​ကို အလုပ်​အ​ကျွေးပြုနေရသလို ​ကျေးဇူး​ကြွေး​တွေကိုလည်း ဆပ်​လို့မပြီး​သေးတဲ့ သူ​တွေလည်း အခုထိကို ရှိ​နေပါသေးတယ်။

လက်ဖက်ရည်ဆိုင်မှာက စကားပြောတဲ့အခါ ရလာတဲ့အကြောင်းအရာနဲ့ တွေ့နေဆုံနေတဲ့ လူအမျိုးမျိုးအလိုက် လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ လွတ်လပ်တဲ့စကားများဟာ လက်ဖက်ရည်ဆိုင်နဲ့သာ ပို လိုက် ဖက်တတ်ပါတယ်။ ဒီလိုဆိုဖြစ်​ခဲ့ကြတယ်​။ ဘာပြောစရာမှမရှိလည်း ရှေ့ကမြင်နေရတဲ့လမ်းမကိုငေးလို့ ဖွင့်ထားတဲ့သီချင်းထဲမှာ စိတ်ကို  နှစ်လို့ ငြိမ်နေခဲ့ဖူးတဲ့အချိန်တွေဆိုတာ လက်ဘက်ရည်ဆိုင်မှာသာရှိတတ်​ပါတယ်။ အရင်လို သစ်​လွင်​လတ်​ဆတ်​တဲ့ သီချင်းတွေ တခုတ်တရ ဖွင့်​ပေးတတ်တဲ့ လက်ဖက်ရည်ဆိုင်တွေကို အခုပြန်​စဉ်းစား အခုပြန်လွမ်းနေမိပါသေးတယ်။

အဲဒီလိုမျိုး ​တက္ကသိုလ်​​ကျောင်းသားဘဝ လွတ်လပ်စွာ စီးမျောခဲ့တဲ့ လက်ဖက်ရည်ဆိုင်နေ့ရက်တွေကို ဘယ်လို ပြန်သွားလို့ရမလဲ ဆိုတာကို အခုလွမ်း​မောစွာ ပြန်တွေးနေမိတယ်။ ​တွေးမိတယ်ဆိုတာ ကျောင်းသားဘဝလို လွတ်​လပ်​မှုမျိး တက်​ကြွ​နေမှုမျိုးဟာ ​ကျောင်းသားဝမှာသာ ရပြီး အခုဘယ်​လိုမှ ပြန်​ရှာမရလို့သာလွမ်း​နေရတာဖြစ်ပြီး ​ကျောင်းသားဘဝပြန်​ရပါစေဆိုတာထက်​လည်း အဲဒီတုန်းကအရသာ လက်​ဖက်​ရည်​ကျကျများသာ ပြန်​လိုချင်​မိတာမျိုးပါ။

ကျနော်တို့အားလုံး  လက်ဖက်ရည်ဆိုင်ထိုင်တတ်တဲ့အကျင့်စွဲတယ်ဆိုတာလမ်း​ဘေးပလက်​ ဖောင်းက​နေရာကျယ်​ကျယ်​ သစ်သား ခွေးခြေခုံ ပုပုတွေနဲ့အတူ ဖွင့်လိုက်တဲ့သီချင်းစာသား စီးကရက်မီးခိုးများထဲ စိတ်ကူးယဉ် အမောပြေ သွားတတ်တာကို စွဲတာ​ဖြစ်မှာပါ။

လူငယ်ဘဝရဲ့အရသာရှိတဲ့လက်ဖက်ရည်ဆိုင်နေ့ရက်များဆိုတာကလည်း ဘေးပတ်ဝန်းကျင်မြင်ကွင်းကို အရှင်းဆုံး မြင်ရတဲ့နေရာမှာ အပေါင်းအသင်းတွေနဲ့အတူ တနေကုန်​တဲ့အထိ မငြီးမငြူထိုင်​တတ်​တာကို ခေါ်တာပါပဲ။ အခုအချိန်တွေအထိလည်း ထမင်းစားပြီးတဲ့အခါ ကျနော်တို့တနေရာသွားချင်​တယ်​ဆိုတာ ခံတွင်းပျက်​​နေတာ ပျင်းရိထိုင်းမှိုင်း​နေတာ လွမ်း​​နေဆွေး​နေတာ စတဲ့အရာရာအားလုံးဟာ လက်​ဖက်​ရည်​ဆိုင်​ဘက်​ မျက်​နှာလှည့်​လို့ လက်​ဖက်​ရည်​ဆိုင်​ကသာစတင်​ရတယ်လို့ ပြောရဦးမှာပါပဲ။ 

ကိုယ့်ရှေ့မှာချထားတဲ့ လက်​ဖက်​ရည်​ခွက်​မှာ အရင်တုန်းကလို အာရုံ​ခြောက်​ပါးစလုံးကပ်​လို့ နားမျက်​စိ​နေရာလပ်​မကျန် တစ်​စက်​ချင်း တစ်​ငုံချင်း အရသာမခံနိုင်ကြတော့ပေမယ့် အခုချိန်ထိစွဲနေရတဲ့ အရင်တုန်းက လက်​ဖက်​ရည်​ ကျစိမ့်​များပါပဲ။

၃။   
အခုလည်း ကိုးဆယ်ကျော်ခုနှစ်များက သစ်သားထိုင်ခုံ သစ်သားစားပွဲများပေါ်မှာ စားစရာမုန့်မျိုးစုံ ချထားလေ့ရှိတဲ့ ဆိုင်မျိုးထဲ အဖေတို့ ရှိစဉ်က မက်မက်မောမောထိုင်ခဲ့ဖူးတဲ့ကာလတွေကို ပြန်လွမ်းနေမိတယ်။  အဲဒီစားပွဲပေါ်ရှိတဲ့မုန့်မျိုးစုံကို ခုံမင်စွာစားတတ်ခဲ့တဲ့ နေ့​တွေကို ပြန်သတိရနေမိတယ်။ အဲဒီတုန်းကဆို အဖေက သူနဲ့အတူပါလာတဲ့ ကလေးတွေကို အတင်းကျွေးတတ်တဲ့ ပေါက်စီ ဘဲသားမုန့် ဆိတ်သား ပက်ဖ်တွေ အဖေ့လက်ဖက်ရည်ခွက်ထဲ တစ်စက်ကျန်သည်အထိ အရသာရှိနေခဲ့တဲ့ ကိုးဆယ်​​ကျော်​ခုနှစ်​တုန်းက အဖေ့လက်​ဖက်​ရည်​နေ့ များ အခုပြန်စဉ်းစား လွမ်းနေမိတာပါပဲ။

အခုလို အ​ဖေ့​နေ့များလွန်​သွား​တော့လည်း တိုက်ဆိုင်လို့ တယောက်တည်းသွားထိုင်မိတဲ့အခါ အရင်​ကအရသာ အရင်ကလက်​ဖက်​ရည်​နဲ့ မုန့်​တွေကို အရင်လိုအ​ခြေအ​နေ​နဲ့ ပြန်​​တွေ့ရသလို ကျနော့်အတွက်ကတော့ အမှတ်တရရှိ​နေ တုန်းလိုပါပဲ။

အခုလည်း ကိုးဆယ်ခုနှစ်ခေတ်ဟောင်းက အလွမ်းကဖီးဆိုတဲ့ သီချင်းသံ ပြန်ကြားယောင်နေမိသလို အဖေမရှိတော့တဲ့ နောက်မှ ရေးဖြစ်နေ တဲ့ ဒီလက်​ဖက်​ရည်​ဆိုင်​အလွမ်းတွေပါတဲ့စာကိုလည်း အလွမ်းလက်ဖက်ရည်ဆိုင် လို့သာအမည်တပ်လိုက်ချင်တာပါပဲ။ အဲဒီသီချင်းကို လက်ဖက်ရည်ဆိုင်က တခါတခါ ပြန်​ပြန်​ကြားတတ်တဲ့အခါ မင်းနဲ့အတူအမြဲသောက်တတ်တဲ့ ဒီဆိုင်လေးဆိုတဲ့စာသားနေရာရောက်တိုင်း ကိုယ်နဲ့အတူထိုင်ဖူးတဲ့ အယောက်စီတိုင်းအတွက် အလွမ်းစာသားတွေထည့်ဆိုနေမိတယ်။

ဘယ်လိုလက်ဖက်ရည်ဆိုင်မျိုးမှာမဆို အတူရှိဖူး ထိုင်ဖူးတဲ့သူအားလုံးကို အခုသောက်တဲ့ကျစိမ့်တခွက် နောက်ဆုံးတစက် ကျန်တဲ့အထိ ကျနော်ပြန်လွမ်းနေဖြစ်တယ်ဆိုတာ ဒီစာတွေထဲမှာ တခုတ်​တရနဲ့ ထည့်​​ရေးလို့ ပြန်​ပြောပြချင်နေမိတယ် ဆိုတာမျိုးပေါ့။

နိုလှိုင်း

Comments