ကမ်လူဝေး ● တရား
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
အသတ်ခံရနီးဆဲဆဲ
ဒူးထောက်ထားကြတဲ့ လူအုပ်စုရဲ့ဓာတ်ပုံက
ခိုကိုးရာမဲ့ ကြောက်လန့်နေတဲ့မျက်ဝန်းတွေဟာ
ငါ့ရဲ့နှလုံးသားကိုဆုတ်ကိုင်ဖြစ်ညှစ်နေတယ်။
ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာဟာ
ကမ္ဘာလုံးဆိုင်ရာဘာသာတရားရဲ့အခြေခံဖြစ်တယ်
ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာကိုစွန့်ပယ်ထားတဲ့
အမျိုးဘာသာ သာသနာကိုချစ်သူတွေ ကြီးစိုးရာမြေမှာ
ရက်စက်ခြင်းနဲ့အကြောက်တရားတွေ ပြန့်နှံ့။
အမြစ်ပြတ်အောင်သတ်ဖြတ်ခြင်းက
အဖြစ်မှန်ကို ဘယ်လောက်ကြာကြာဖုံးကွယ်ထားနိုင်မလဲ
တရားဟာ အသေသတ်ရင်တောင်မှ
တနေရာရာက အညှောင့်ထွက် အပင်ပေါက်တတ်တယ်။
တရားကို လူအများရှေ့ အရောက်ပို့သူဟာ
အသက်ကိုစွန့်ရနိုင်တယ်
လွတ်လပ်ခွင့်ကို စွန့်ရနိုင်တယ်။
ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်
ဒီအဖြစ်မျိုး အနာဂတ်မှာ ထပ်ဖြစ်ဖို့မလိုလားဘူး
တရားကို မစွန့်နိုင်သူက
ဓာတ်ပုံလေးကို ကိုင်ရင်းပြောတယ်။ ။
ကမ်လူဝေး

Comments