မြင့်ကျော် - မငြိမ်းချမ်းတဲ့ ရှမ်းမြောက်ဒေသရဲ့ ညများ


 မြင့်ကျော် - မငြိမ်းချမ်းတဲ့ ရှမ်းမြောက်ဒေသရဲ့ ညများ 
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

ဖေဖေါ်ဝါရီလဆန်း ရှမ်းမြောက်ဒေသကို သွားရောက်တဲ့ ၆ ရက်တာအတွင်း စစ်ဘေးရှောင်စခန်း ၇ ခုကို ရောက်ရှိခဲ့ပါတယ်။ အေးစက်နေတဲ့ ဆောင်းညမှာ လေမလုံတဲ့ တည်းခိုခန်း ပြူတင်းတံခါးက တိုးဝင်လာတဲ့ အအေးဒဏ်ကို အံတုရင်းတွေးနေမိတဲ့ အတွေးကတော့ နေ့လည်က တွေ့မြင်ခဲ့တဲ့ စစ်ရှောင်စခန်းက မိသားစုတွေ ကလေးသူငယ်တွေ ဒီအအေးဒဏ်ကို ဘယ်လောက်ခံနေကြရမလဲဆိုတဲ့အတွေးပါ။


ပြန်ရောက်တဲ့ မနက်ခင်း ၊ အေးတဲ့ရာသီဥတုကို ခံနိုင်ဖို့ အိမ်ထဲမှ ထင်းမီးဖို
 မိုးကာတာလပတ်နဲ့ မိုးထားတဲ့ စစ်ရှောင်တဲတွေ၊ သွပ်မိုးကို ဝါးညှပ်ပြီး ယာယီ အမိုးတွေနဲ့ တဲတွေ အဲဒီတဲတတဲမှာ မိသားစုဝင် ၄ ငါးယောက်ကနေ ၇ ယောက်လောက်ထိ နေနေကြတာတွေ မျက်စေ့ထဲ မြင်နေပြီး ကိုယ်ခံစားရတဲ့ အအေးဒဏ်နဲ့ သူတို့ရဲ့ နေရတဲ့ အခြေအနေကို နှိုင်းယှဉ်တွေးပြီး နိုးလိုက် အိပ်ပျော်လိုက်ဖြစ်ခဲ့ရတယ်။

အဲဒီနေ့မတိုင်မီ တရက်ကတော့ ကျောက်မဲနယ် နမ့်ဆမ်အပိုင် မှာရှိတဲ့ ပလောင် ရွာတရွာကို ရောက်ပါတယ်။ တလကျော်ကြာ စစ်ဘေးရှောင်ပြီး ရွာပြန်တဲ့ ပလောင်ရွာသားတွေရဲ့အိမ်အပြန်ကို မျက်မြင်ကိုယ်တွေ့ မြင်ချင်လို့ သူတို့ရွာပြန်တဲ့ မနက်ကို လိုက်ကြည့်ခဲ့ကြတယ်။


 တလကျော်ကြာ အိမ်တွေရွာတွေ စွန့်ပြီး ကျောက်မဲမှာ ရှောင်တိမ်းခဲ့ရတဲ့ ရွာက အိမ်အပြန်မှာတော့ ရွာထဲမှာ မီးလောင်နေတဲ့ အိမ် (၃) လုံး ၊ အဝတ်အစား၊ ဟေင်းလောင်းဖြစ်နေတဲ့ သံသေတ္တာ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေ နဲ့ တောရွာက အိမ်ခန်းတွေကို မနက်ခင်းမှာ တွေ့ရပါတယ်။



အိမ်ရှင်ဖြစ်သူ ပလောင်လူမျိုး ဘကြီးက အခန်းတွေကို လိုက်ပြပြီး ကြည့်ပါဦး ဒီမှာ ပစ္စည်းတွေ ဖွထားတယ်။ ရွှေ နားဒေါင်း၊ ရွှေလက်ကောက် တွေ မရှိတော့ဘူး၊ ပြေးတုန်းက ယူချိန်မရတော့ အိမ်မှာ ကျန်ခဲ့တဲ့ တန်ဖိုးရှိတာ ဘာမှမရှိတော့ဘူးလို့ ပြောပါတယ်။  အဲဒီ ရွှေလက်ဝတ်လက်စားကို အနီးအနားက ရွာမှာ သွားရောင်းတဲ့သတင်းလည်း ကြားရကြောင်း သူကပြောပါတယ်။


 ရွာထဲ တနေရာမှာတော့ သိမ်းဆည်းထားတဲ့နေရာက ပြန်သယ်လာတဲ့ တိုင်ကပ်နာရီနဲ့ အိမ်အသုံးအဆောင်တချို့ကို ပလိုင်းထဲ လွယ်ပြီး အိမ်မှာနေရာချဖို့ သွားတဲ့ အဒေါ်ကြီးတဦးနဲ့ ဆုံပါသေးတယ်။


မီးလောင်သွားတဲ့ အိမ် ၃ လုံးကတော့ ဘာကြောင့်ရှို့ လိုက်တယ်ဆိုတာ သေချာ မသိပေမယ့် တယောက်ကတော့ ဒီအိမ်မှာ ပစ္စည်းတွေများတော့ မွှေနှောက်တာ များသွားပြီးနောက် လက်စဖျောက်တာမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။


ရွာက ရေသွယ်တဲ့ ပိုက်လိုင်းတွေကို ဓါးနဲ့ ခုတ်ဖြတ်ထားတာ၊ သယ်မသွားနိုင်တဲ့ ဆိုင်ကယ်တွေကို စီးမရအောင် ဖျက်ဆီးတားတာတွေလည်း တွေ့မြင်ရပါတယ်။


ရွာက မူလတန်းကျောင်းဆရာမတွေ စုနေတဲ့ အိမ်ရဲ့ တံခါးမှာတော့ ဆရာမတွေ ရှောင်တိမ်းစဉ် တပည့်တွေကို မှာခဲ့တဲ့ သတင်းစကား ကို တံခါးမှာ မြေဖြူနဲ့ ရေးထားတာတွေ့ရပါတယ်။ ”တပည့်တို့များ ဆရာမလာမှ အိပ်ယာလာယူပါနော်” ဆိုတာပါ။

ပလောင်ရွာက အိမ်တွေ အတွင်းမှာ ရေနွေးတည် ၊ အနွေးဓါတ်ရအောင် အင်္ဂတေနဲ့ မံထားတဲ့ မီးဖို

 စစ်ဘေးက ကျေးရွာနေသူတွေရဲ့ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ၊ သက်မွေးဝမ်းကျောင်းမှု၊ နေစရာ အိမ် နဲ့ ပညာရေးတွေကို ပျက်စီးစေတာတော့ သံသယဖြစ်စရာ မရှိပါဘူး။

Comments