အောင်ခိုင်မြင့် ● စစ်လေယာဉ်နဲ့ဗုံးကျဲပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်၍မရနိုင်ပါ (မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၈

အောင်ခိုင်မြင့် ● စစ်လေယာဉ်နဲ့ဗုံးကျဲပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်၍မရနိုင်ပါ
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၈

ပကတိ အခြေအနေအရ ယနေ့မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်အဆုံးသတ်ရေးသည် မရှိမဖြစ် အကြီး အကျယ်လိုအပ်နေပေသည်။ တချိန်ထဲတွင် တိုင်းပြည်၌ စစ်အသုံးစားရိတ်များ အဆမတန်များနေခြင်းကြောင့် ပြည်သူ လူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စီးပွားရေးအခြေခံလိုအပ်ချက်များမှာ တိုင်းပြည် ပြည်သူ့ ဘဏ္ဍာငွေကို တင်းပြည့် ကျပ်ပြည့် အသုံးမပြုနိုင်ပဲ ပလိုင်းပေါက်နှင့် ဖားကောက်ရင်း တိုင်းပြည်သည် စစ်မိုင်းနင်းမိထားသလို နိုင်ငံရေး ဒုက္ခိတနီးပါး ဖြစ်ကာ ပြဿနာ မျိုးစုံကြား၌ ရှေ့ အနာဂတ်ခရီး အား သေသေချာချာ မလျှောက်လှမ်းနိုင်ဖြစ်နေရပေသည်။

သို့ဖြစ်သောကြောင့် လတ်တလော ပူပူနွေးနွေးဖြစ်ပျက်လျက် သင်ခန်းစာယူစရာများရနိုင်သော ကနေဒါအစိုးရမှ စစ်လေ ယာဉ်များ ဝယ်ယူမှုနှင့် မြန်မာတပ်မတော်မှ စစ်လေယာဉ်များဝယ်ယူမှုကို နှိုင်းယှဉ်တင်ပြချင်ပါသည်။

သေချာသည်မှာ ကမ္ဘာမြေတွင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တပ်မတော်သည် စစ်လေယာဉ်နှင့် ဗုံးကျဲပြီး တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ပါ။
* * *


ယနေ့ကမ္ဘာသည် ပထဝီနိုင်ငံရေးအရ တနိုင်ငံနှင့်တနိုင်ငံသည် နယ်နမိတ်ခြင်း ထိစပ်သည်ဖြစ်စေ မထိစပ်သည်ဖြစ်စေ နိုင်ငံ ရေး စစ်ရေး စီးပွားရေးအခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ခေတ်နှင့် လိုက်လျောညီထွေစွာ အပြောင်းအလဲပေါ် မူတည် လျက် အင်အားကြီးနိုင်ငံများနှင့် မလွဲမသွေ ဆက်ဆံနေရပေသည်။

ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများ၏ အစိုးရသည် တိုင်းပြည်နှင့်လူထုအကျိုးစီးပွားအတွက် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေး စသောကိစ္စအရပ်ရပ်ကို ပွင့်လင်းမြင်သာစွာ တိုင်းပြည်နှင့်လူထုကို ချပြ ကာ ပါလီမန်လွှတ်တော်အတွင်း၌ လက်ရှိအစိုးရနှင့် အတိုက်အခံပါတီလွှတ်တော်အမတ်များသည် အဖက်ဖက်မှ ကောင်း ကျိုး ဆိုးကျိုးများအား သုံးသပ်ဝေဖန် ဆွေးနွေးကြပေသည်။

ဒီမိုကရေစီထွန်းကားသော နိုင်ငံများထဲတွင် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း (၁၅ဝ) ကြာပြီဖြစ်သော ကနေဒါနိုင်ငံ၏ အမေရိကန် နိုင်ငံမှ စစ်လေယာဉ် ဝယ်ယူမှုသည် စိတ်ဝင်စားဖွယ်ကောင်းလှသော ဒီမိုကရေစီကျင့်စဉ်အား မီးမောင်းထိုးပြနေပေသည်။

ကနေဒါနိုင်ငံ၏ စစ်တပ်တွင် လက်ရှိ အသုံးပြုနေသော သက်တမ်းရင့် အိုမင်းစပြုနေသော CF  18  စစ်တိုက်လေယာဉ်များနေရာ ၌အစားထိုးမည့် စစ်တိုက်လေယာဉ် အသစ်များအမှန်တကယ် လိုအပ်နေပေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် အတိုက်အခံလွှတ်တော်အမတ်များသည် ပါလီမန်၌ အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးမှုကြောင့် သတင်းစာ၊ ရေဒီယို၊ TV ရုပ်မြင်သံကြားဖန်သားပြင်သာမက ဖေ့ဘုတ်လို လူမှုကွန်ယက်စာမျက်နှာပါမကျန် တောမီးပမာ စစ်တိုက်လေယာဉ် များဝယ်ယူမည့်သတင်းများ ပျံ့နှံ့နေခဲ့သည်မှာ ကာလအတန်ကြာရှိခဲ့ပေပြီ။

တိတိကျကျဆိုရလျှင် ကွန်ဆာဗေးတစ်ပါတီမှ ကနေဒါနိုင်ငံ၏ အစိုးရ တာဝန်ယူခဲ့သည့် ၂ဝ၁ဝ ခုနှစ်တွင် ကနေဒါ လေတပ်အတွက် အမေရိကန် နိုင်ငံ၏ ဘိုးအင်း ကုမ္မဏီ (Boeing) မှ F-35s စစ်တိုက် လေယာဉ်များ ဝယ်ယူမည့် အကြောင်း ဆုံးဖြတ်ချက်ချခဲ့ပေသည်။ သို့သော် ကွန်ဆာဗေးတစ်ပါတီဦးဆောင်သော ကနေဒါအစိုးရ၏ အဆိုပါဆုံးဖြတ်ချက်ကို အစိုးရ နှင့် အတိုက်အခံလွှတ်တော်အမတ်များ အပြန်အလှန်ဆွေးနွေးကာ နောက်ဆုံးတွင် အစိုးရ၏လုပ်ငန်းစစ်ဆေးရေးမှ စစ်လေ ယာဉ်များဝယ်ယူမည့်ကိစ္စရပ်အား စုံစမ်းစစ်ဆေးခဲ့ပေသည်။ အဆိုပါ အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရှုထောင့်ပေါင်းစုံမှ တင်ပြချက်များပေါ်မူတည်ကာ  နောက်ဆုံး၌ F-35s စစ်တိုက် လေယာဉ်များ၏ ပထမသတ်မှတ်ထားသည့် တန်ဖိုးဖြစ်သော ၁၅ ဘီလီယံဒေါ်လာအစား အမှန်တကယ်ကုန်ကျငွေမှာ ၁၉ ဘီလီယံဒေါ်လာဖြစ်ခြင်းကြောင့် ၂ဝ၁၂ ခုနှစ်၌ ကွန်ဆာဗေး တစ်ပါတီ ဦးဆောင်သော ကနေဒါအစိုးရလက်ထက်တွင်ပင် စစ်တိုက်လေယာဉ်ဝယ်ယူမှုအား ခေတ္တခဏ ရပ်ဆိုင်းခဲ့ပေသည်။

ကနေဒါနိုင်ငံသည် ချမ်းသာကြွယ်ဝကာ စက်မှုတိုးတက်ထွန်းကားသောနိုင်ငံဖြစ်ပြီး G20 နိုင်ငံဖြစ်ယုံမက North Atlantic Treaty Organization (NATO)နေတိုးအဖွဲ့ ဝင်နိုင်ငံဖြစ်ပေသည်။ သို့သော် စစ်အသုံးစားရိတ်ကို တိုင်းပြည် Gross domestic product (GDP) ၏ ၁ရာခိုင်နှုန်းနီးပါးသာ သုံးစွဲပေသည်။

ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ၂ဝ၁၆ ခုနှစ်စစ်တမ်းအရ ကနေဒါနိုင်ငံတွင် လူဦးရေ ၃၆.၃၂ သန်းရှိကာ ကနေဒါ စစ်တပ်၌ အမြဲတမ်းတပ်ဖွဲ့ဝင် ၆၄ဝဝဝ ရှိပြီး အရန်တပ်ဖွဲ့ ဝင်ပေါင်း ၂၄ဝဝဝ ရှိပါသည်။ ၂ဝ၁၇ စစ်တမ်း အရ လူဦးရေ ၃၂၃.၁သန်းရှိသော အမေရိကန်နိုင်ငံ၌ အမေရိကန်စစ်တပ်တွင် အမြဲတမ်းတပ်ဖွဲ့ ဝင် ၁၂.၈၁၉ သန်းရှိပြီး အရန်တပ်ဖွဲ့ ဝင်ပေါင်း ၈.ဝ၁၂ သိန်းရှိပါသည်။ အမေရိကန်နှင့် ကနေဒါကိုနှိုင်းယှဉ်လျှင် လူဦးရေသာမက စစ်တပ်အင်အား တွင်လည်း အဆမတန် ကွာဟနေပေသည်။

တခြားစစ်ရေး စီးပွားရေးများကို စစ်တုရင်လို အကွက်ရွေ့ပြောင်းကာ ကစားနိုင်သော်လည်း အိမ်နီးချင်းနိုင်ငံကိုဖြင့် ကြိုက် သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိနိုင်ငံအနီးမှ ရွေ့ ပြောင်း၍မရပါ။ ထိုအခါ တိုင်းပြည်၏ နိုင်ငံခြားရေး၊ စီးပွားရေး မူဝါဒ များချမှတ်ကာ မည်သည့်နိုင်ငံကို မဟာမိတ်ပြုရမည်ကို စနစ်တကျ ဆွေးနွေးအဖြေရှာထားရမည်မှာ အစိုးရအပါအဝင် ပါတီ မူဝါဒများ၌ ရှင်းလင်းပြတ်သားဖို့ လိုအပ်ပေသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၏ ပါတီတိုင်းသာမက ဖယ်ဒရယ်အစိုးရ  ပြည်နယ် အစိုးရများသည် အမေရိကန်အစိုးရနှင့် သဟဇာတဖြစ်သော စီးပွားရေး နိုင်ငံရေးမူဝါဒများ ဆုပ်ကိုင်ထားပေသည်။

ကနေဒါနိုင်ငံသည် ၂ဝ၁၅ ရွေးကောက်ပွဲမှ လစ်ဘရယ်ပါတီဦးဆောင်သော အစိုးရတက်လာသော်လည်း အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးမှာ မူလက ကဲ့သို့ပြောင်းလဲ မသွားခဲ့ပေ။ထို့ကြောင့် ကနေဒါ အစိုရအနေဖြင့် နဂိုမူလ ရည်မှန်းချက်ဖြစ်သော အမေရိကန်နိုင်ငံ၏ ဘိုးအင်းကုမ္မဏီ (Boeing) မှ F-35s စစ်တိုက် လေယာဉ်များ ဝယ်ယူမည့် အကြောင်းကိစ္စရပ်အား အစိုးရလွှတ်တော်ပါလီမန်တွင်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည်။ သို့သော် အမေရိကန်နိုင်ငံတွင် သမ္မတ ဒေါ်နယ် ထရန့် ဦးဆောင်သော အစိုးရတက်လာသည့်အခါ  ကနေဒါ၊ မက္ကစီကိုနိုင်ငံများနှင့် ၁၉၉၄ ခုနှစ် ဇန်နဝါရီလ  (၁) ရက်နေ့ တွင် ချုပ်ဆိုခဲ့သော မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကို ပြန်လည်ချုပ်ဆိုရန် အမေရိကန်၊ ကနေဒါ၊ မက္ကစီကို (Mexico) (၃) နိုင်ငံကြားအခြေအတင် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပေသည်။

သို့သော် ကနေဒါနိုင်ငံတွင် လုပ်ကိုင် တည်ထောင်ထားသည့် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီဖြစ်သော Bombardier နှင့် အမေရိကန်နိုင်ငံကြား ကုန်သွယ်မှု အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပေသည်။ ထိုအခါ ကနေဒါပါလီမန် အစိုးရ လွှတ်တော်တွင်း၌ အစိုးရ ၊ အတိုက်အခံအမတ်များ အနေဖြင့် အမေရိကန်၏ ဘိုးအင်းကုမ္မဏီ (Boeing) မှ F-35s စစ် တိုက်လေယာဉ်များဝယ်ယူရေးကိစ္စရပ်အား အကြေအလည် ဆွေးနွေးမှုများ ပြန်လည် အသက်ဝင်ခဲ့ရပေသည်။

အကယ်၍သာ F-35s များကို ဝယ်ယူဖြစ်ခဲ့သော် ကုန်ကျငွေသည် သန်း ၁၉ ဘီလီယံ ကုန်ကျယုံမက လေယာဉ်များကို ၂ဝ၂၅ခုနှစ်ရောက်မှသာ Boeing ကုမ္ပဏီမှ ကနေဒါသို့ တင်သွင်းနိုင်မည်ဖြစ်ပေသည်။ နောက်ဆုံး၌ ကနေဒါအစိုးရသည် ၎င်းတို့၏ မူလစီမံကိန်းဖြစ်သော ဘိုးအင်းကုမ္မဏီ (Boeing) မှ F-35s ဝယ်ယူမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် အပြီးတိုင် ရပ်ဆိုင်းခဲ့ပေသည်။

ထို့နောက်တွင် ကနေဒါကာကွယ်ရေးဝန်ကြီး Harjit Sajjanမှ သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားရာ၌ မြောက်အမေ ရိက လေတပ်ကာကွယ်ရေး North American Aerospace Defence Command (NORAD) နှင့် နေတိုး the North Atlantic Treaty Organization (NATO) အဖွဲ့တို့၏ သတ်မှတ်ထားသော စံချိန်အဆင့်အတန်းနှင့် အဆင့်မမှီသောကြောင့်သာ ကနေဒါ စစ်တပ်အနေဖြင့် အခုလို စစ်တိုက်လေယာဉ်များ ဝယ်ယူသည့်စီမံကိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တိုင်းပြည် နှင့်လူထုကို အသိပေးခဲ့ပေသည်။ အဆိုပါ စစ်တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်သက်သာမည့် သြစတြေး လျမှ တပတ်ရစ်လေယာဉ်များအား ကနေဒါလေတပ်အတွက် ဝယ်ယူမည့်သတင်းများထွက်ပေါ်နေကြောင်း ကနေဒါကာ ကွယ်ရေးဝန်ကြီး Harjit Sajjan အား သတင်းထောက်များမှ မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးကဖြေကြားရာ၌ တပတ်ရစ် အဟောင်း စစ် တိုက်လေယာဉ်တွေတော့ ကနေဒါလေတပ်အတွက် မသုံးချင်ဘူးဟု ပြောဆိုဖြေကြားခဲ့ပေသည်။

 သို့သော် ဒီမိုကရေစီစနစ်၏ ကျင့်စဉ်ဖြစ်သော ပါလီမန် လွှတ်တော်တွင်း အစိုးရ အတိုက်အခံအပါအဝင်  ရွေးကောက်ပွဲမှ တက်လာသော လွှတ်တော်အမတ်အများစု၏ ဆုံးဖြတ်ချက် ဖြစ်သော အများဆန္ဒအရ နောက်ဆုံးတွင်  သန်း ၁၉ဘီလီယံ ကုန်ကျမည့် (Boeing)မှ  F-35s စစ်တိုက် လေယာဉ် (၁၈) စင်း ဝယ်ယူမည့် အစိအစဉ်အစား သြစတြေးလျအစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော ဒေါ်လာ ၃၈၈သန်းသာကုန်ကျမည့် သြစတြေးလျ လေတပ်တွင် တနှစ်အသုံးပြုခဲ့ပြီးဖြစ်သည့် F-18 စစ်တိုက်လေယာဉ် အစင်း (၃ဝ) ကို ဝယ်ယူမည် ဖြစ်ပေသည်။ ကနေဒါ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ကနေဒါလေတပ်အနေဖြင့် သြစတြေးလျမှ ရောက်ရှိလာမည့် F-18 စစ်တိုက်လေယာဉ် များသည် (Boeing) F-35s စစ်တိုက် လေယာဉ် များနှင့် နှိုင်းယှဉ်ပါက အကုန်အကျသက်သာသည့်အပြင် (၂) နှစ်စောပြီး ကနေဒါလေတပ်မှ အသုံးပြုနိုင်မည် ဖြစ်ပေသည်။

အနှစ်ချုပ်ဆိုရသော် ကနေဒါအစိုးရ၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ရှိနေခြင်းသည် ဒီမိုကရေစီစနစ်တွင် ပြည်သူ့ ဆန္ဒဖြင့်ေ၇ွးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ပေးလိုက်သော လွှတ်တော်အမတ်များသည် တိုင်းပြည်နှင့် လူထု အကျိုးရှိမည့် မည်သည့် ကိစ္စရပ်များမဆို ပြည့်ပြည့်ဝဝ ပြောဆို ဆွေးနွေးလုပ်ကိုင်ခွင့် ရှိကြောင်းတွေ့ ရှိရပေသည်။

မြန်မာပြည်တွင်မူ လွှတ်တော်တွင်း ကျယ်ကျယ်လောင်လောင်ဆွေးနွေးမှု ရှိခဲ့သည်လား မရှိခဲ့သည်လား မသေချာသည့် အပြင် အများပြည်သူ လူထု မသိရှိပဲ မြန်မာနိုင်ငံကို ရုရှားနိုင်ငံကYakovlev Yak 130 အပေါ့စားဂျက်တိုက်လေယာဉ် ၆ စင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပထမ အသုတ်ပေးပို့ခဲ့ပေသည်။ Yakovlev Yak 130 အမျိုးအစား တိုက်လေယာဉ် နောက်ထပ် ၆ စင်း ထပ်မံတင်ပို့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေပေသည်။

ရုရှားလုပ် အဆိုပါ Yak-130 နှစ်ယောက်စီး တိုက်လေယာဉ်များသည်  မြန်မာလေတပ်အတွက် မြေပြင်တပ်ဖွဲ့များကို အထောက်အကူပေးရေးနှင့်သောင်းကျန်းသူချေမှုန်းရေးတွေမှာ ပိုမိုပါဝင်လာနိုင်တယ်လို့လည်း ဂျိန်းကာကွယ်ရေး အပတ်စဉ် စာစောင် က ဖေါ်ပြထားပါသည်။

အဆိုပါသတင်းအချက်အလက်အရ မြန်မာပြည်မှ ဝယ်ယူသည့် ရုရှားစစ်လေယာဉ်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်ခြေမှုန်းဖို့ ဝယ်သည်ဆိုထားလျက် ထိုအဆိုကို လွှတ်တော်တွင်း ဆွေးနွေး အတည်ပြုခဲ့သလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။  အဘယ်ကြောင့်ဆိုသော် စစ်တိုက်လေယာဉ်များဝယ်ယူမည့် ကုန်ကျငွေများသည့် ပြည်သူ့ဘဏ္ဍာ ပြည်သူ့ အခွန်များ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

မြန်မာပြည်တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအောက်တွင် တပ်မတော်သည် အစိုးရလက်အောက်၌ မရှိခြင်းသည် အစိုးရ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့်စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ၏စားပွဲဝိုင်းမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည့်နည်းကို ခြိမ်းခြောက်သလို ဖြစ်နေပြီလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။

ဆိုလိုသည်မှာ ယခုလို ပြည်ထောင်စုနေ့အခါသမယ၌ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  တည်ဆောက်ရာ၌ တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲကာ တည်ဆောက်၍ ရမည် မဟုတ်ကြောင်း ဒုက္ခသည် တိုင်းရင်းသား ပြည်သူလူထုကို စာနာထောက်ထားကာ ရိုးရိုးသားသား အသိပေးအပ်ပါသည်။

အချုပ်ဆိုရသော် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရာ၌ တိုင်းရင်းသားများ၏ သံသယများ ပျောက်ကာ ယုံကြည်မှုကို ရယူရန် သွေးထွက်သံယိုမှုအနည်းဆုံးနည်းလမ်းဖြင့်တည်ဆောက်ရန် မဖြစ်မနေ လိုအပ်ပေသည်။ ထို့ပြင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများရှိ တပ်မတော်များသည် အတွေးအခေါ် မူဝါဒ လုပ်ရပ်များသည် အစိုးရနှင့် တသားတည်းကျကာ တိုင်းပြည်နှင့်လူထု အကျိုးစီးပွားကို ဦးတည်နေကြောင်း တင်ပြလိုက်ရပါသည်။

အောင်ခိုင်မြင့်
၁၂ ဖေဖော်ဝါရီလ ၂ဝ၁၈

Comments