မင်းဘုန်းနိုင် - အိမ်မပြန်ဖြစ်တဲ့အခါ

အိမ်မပြန်ဖြစ်တဲ့အခါ
မင်းဘုန်းနိုင်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

   
ဆိုင်ကယ်လီဗာကို အဆုံးထိတင်မစီးတော့ဘူး
မြေပုံပေါ် အကွာအဝေးတွေလျှောက်မကြည့်တော့ဘူ
တီဗီက ကြော်ငြာအဟောင်းတွေကို ယောင်လို့တောင်မကြည့်ရဲတော့ဘူး။

အိမ်မပြန်ဖြစ်တဲ့အခါ
အိမ်ဆိုတဲ့ စာသားတွေမြင်ရင် အကြာကြီးငေးတယ်
ကြယ်စုံလူစုံ ထမင်းဝိုင်းတွေ အကြောင်းကြားရင် သတိခဏခဏလစ်တယ်
ဆိုက်ကိုဖောက်ဖောက်လာတဲ့အခါ 
ပဋ္ဌာန်းတွေ ထရွတ်မိတယ်။
ငါတို့အသက်ကြီးလာလေ
ငါတို့အိမ်တွေ ပိုဝေးလာမယ်
ပုန်းညှက်ပန်းတွေ တိတ်ဆိတ်လာမယ်
ညဥ့်အနက်ကြီးတွေ ပို နက်လာမယ်။

ရထားတွေ ထွက်သွားတာမြင်ရင်
လေယာဉ်တွေ ပျံတက်သွားတာမြင်ရင်
အိမ်မပြန်ဖြစ်တဲ ကမ္ဘာကကောင်တွေ ကြိတ်ငိုနေကြသေးသလား
ငါ မှာတော့
အိမ်မပြန်ဖြစ်တဲ့ အခါကစပြီး
အိမ်မပြေးတတ်တော့ဘူး။
-
မင်းဘုန်းနိုင်

Comments