မောင်လူပေ ● ခွဲခြားနှိမ်ချမှု (Discrimination and Harassment) ဟူသည်

မောင်လူပေ ● ခွဲခြားနှိမ်ချမှု (Discrimination and Harassment) ဟူသည်
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈

ရွှေပြည်ကြီးက ပါတီကြီးတစ်ခုရဲ့အမတ်ဟောင်းက ကိုမင်းကိုနိုင်ကို စင်ပေါ်တက်ပြီး ချိုးချိုးဖဲ့ဖဲ့တွေ ရိုင်းရိုင်းစိုင်းစိုင်းတွေသုံးပြီး နှိမ်ချတိုက်ခိုက်သွားတာကို စစ်တပ်ထောက်ခံပွဲလို့အမည်တတ်ထားတဲ့ပွဲတစ်ခုမှာ တွေ့လိုက်တယ်။

ပြည်တွင်းစစ်အတွင်း တပ်နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်ကြရတဲ့ကလေးတွေအတွက် သရုပ်ဖေါ်တဲ့ သရုပ်ပြ ကွက်တစ်ခုကို တပ်ကကန့်ကွက်ခဲ့တာ၊ တပ်ကလွတ်လပ်ရေးကိုယူပေးခဲ့တာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်ကို မကြေလည် တာ စတဲ့အကြောင်းတွေကြောင့်ဆိုရင် မကြေလည်တဲ့အကြောင်း၊ မကြိုက်တဲ့အကြောင်း၊ အဖြစ်မှန်က သည်လိုဖြစ်ကြောင်း စသည်နဲ့ လူကြီးလူကောင်းပီသစွာ ရှင်းပြရမဲ့အစား တဖက်သားရဲ့အားနည်းချက်ကိုနင်းပြီး ရိုင်းပြစွာပြောသွားသူအတွက် ယိုသူမရှက်၊ မြင်သူရှက်လည်းဖြစ်ရတယ်။

ဗုဒ္ဓဘာသာဝင်တွေများတဲ့နိုင်ငံမှာ အပြောအဆိုတွေ တစ်နေ့တစ်ခြားရိုင်းစိုင်းလာနေတာ ကောင်းတဲ့အလားအလာမဟုတ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူလူချင်းနှိမ့်ချခွဲခြားသူများအတွက် နေရာမရှိ။

နိုင်ငံတကာကလက်မခံကြတဲ့ ခွဲခြားခြင်းနဲ့နှိမ်ချခြင်း (Discrimination and Harassment) ဆိုတာလေးကို နည်းနည်း ပြောပြပါရစေ။

တပါးသူတစ်ဦးရဲ့ ကျားမလိင် (Sex) အပေါ်ခွဲခြားနှိမ့်ချမှု၊ 'ကြက်မတွန်လို့မိုးမလင်းဘူး'၊ စတဲ့ အမျိုးသမီးများကို နှိမ်ချခြင်းများ ပေါ့။

လူမျိုး (Race) အပေါ်ခွဲခြားနှိမ်ချမှု၊ 'တရုတ်၊ကုလား စသည် ခေါ်ဆိုမှုများပေါ့။

အသက်အရွယ် (Age) ကိုနှိမ်ချမှု၊ 'အဖွားကြီး၊ အသက်ကြီးပြီး နားမလည်ဘူး၊' ပြောဆိုမှုများပေါ့။

ကိုးကွယ်ယုံကြည်မှု (Religion) ကိုနှိမ်ချမှု၊ သူတပါးဘာသာကို မသိပဲဝေဖန်ဆဲရေးမှုပေါ့။

အသားအရောင် (Color) ကိုနှိမ်ချမှု၊ 'အသမဲမ၊ ငမဲ၊ မီးသွေးခဲကအဖေခေါ်ရမဲ့ကောင်' စသော အသုံးအနှုံးများပေါ့။

ထိုသူရဲ့မူလနိုင်ငံ (National origin) ကိုနှိမ်ချမှု၊ ' မင်းတို့နိုင်ငံမင်းတို့ပြန်ကြတော့ ဟူသော စကားလုံးများပေါ့။

ဆွေစဉ်မျိုးဆက်(Ancestry) ကို နှိမ်ချမှု၊ ' အမျိုးမသန့်ဘူး'၊ စတဲ့ပြောစကားများပေါ့။

ခန္ဓာကိုယ်ချို့ယွင်းချက် (Physical disability) ကို နှိမ်ချမှု၊ ခြေကျိုး၊ ထော်ကြီး၊ ခေါကြီး၊ အထစ်၊ ဂျပု၊ ဖက်တီး၊ လောရှည်၊ ဂျပိန် စသည့်အခေါ်အဝေါ်များပေါ့။

စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက် (Mental disability) ကို နှိမ်ချမှု၊ 'သောက်ရူး၊ ငပေါ' စသော အသုံးအနှုံးများပေါ့။

ကျန်းမာရေးချို့ယွင်းချက် (Medical condition) ကို နှိမ်ချမှု၊ 'ရှူနာရှိုက်ကုန်း၊ အေကိုက်ထားတဲ့အကောင်' စသော အသုံး အနှုံးများပေါ့။

မျိုးရိုး (Genetic information) ကို နှိမ်ချမှု၊ ' မျိုးမစစ်၊ မျိုးရိုးမကောင်းဘူး' စတဲ့ အခေါ်အဝေါ်တွေပေါ့။

အိမ်ထောင်ရေး (Marital status)ကိုနှိမ်ချမှု၊ ' တခုလပ်မ၊ မုဆိုးဖို၊ မုဆိုးမ' စတဲ့အသုံးတွေပေါ့။

လိင်အခြေအနေ (Sexual orientation, gender, gender identity, gender expression) လိင်စိတ်ခံစားမှုကို နှိမ်ချမှု၊ 'အခြောက်မ၊ လင်ပန်းခြင်းပွတ်ချင်သူ' စသော အသုံးများပေါ့။

တပ်နှင့်ဆိုင်ရာ (Military and veteran status) ကို နှိမ်ချမှု၊ 'တပ်ထွက်၊ ဗိုလ်ပြုတ်' စသော အသုံးတွေပေါ့။

ဒါတွေအားလုံးကို ခွဲခြားနှိမ်ချခြင်းများလို့ခေါ်ပြီး ပြည်နယ်ဥပဒေ၊ ဗဟိုအစိုးရဥပဒေတွေနဲ့ အမေရိကားမှာလည်း တားမြစ်ထား ပါတယ်။ ဒီလိုဆက်ဆံခြင်းကို အထူးသဖြင့် အစိုးရဌာန၊ရုံး၊ ကျောင်းများမှာ လုံးဝခွင့်မပြုပါ။ ပြုလုပ်ရင် ချက်ခြင်း တိုင်ကြား နိုင်ပါတယ်။

နောက်ကြုံမှပဲ အမေရိကားရဲ့ ခွဲခြားဆက်ဆံမှုကို ဥပဒေနဲ့တားမြစ်ချက်များအား အသေးစိတ်ရေြး့ပပါဦးမယ်။

လူအချင်းးချင်း ခွဲခြားနှိမ်ချမှုများမှ ကင်းလွတ်ကြပါစေ။

ချစ်ခြင်းအားဖြင့်
မောင်လူပေ

Comments